Saturday, May 3, 2014

မိုင်းဆတ်ခရိုင်၌ မြန်မာ-ထိုင်း ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်


ထိုင်းနိုင်ငံ မယ်ဆိုင် ဆေးရုံကြီးမှ ညွှန်ကြားရေးမှူး Dr. Sura Kunkongkapan ဦးဆောင် သည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ထိုင်းနိုင်ငံ ONCB (Office of the Narcotics Control Board) မှတာဝန်ရှိသူများ ပါဝင်သော နယ်လှည့် ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့ဝင် ၅၈ ဦးသည် မိုင်းဆတ် ခရိုင်ရှိ စီမံကိန်းဒေသအတွင်း ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဧပြီ ၂၈ ရက် နံနက် ၉ နာရီက မြန်မာ-ထိုင်းနယ်စပ် အမှတ်(၁) ချစ်ကြည်ရေး တံတားမှ မော်တော်ယာဉ် ၁၁ စီးဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ရာ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးနေဝင်း ဦးစီးအဖွဲ့၊ မူးယစ်တပ်စု (၃ဝ) တာချီလိတ်မှ ခေတ္တမူးယစ် တပ်စုမှူး ရဲအုပ်မြင့်နိုင်ဦး ဦးစီးအဖွဲ့နှင့် မယ့်ဖားလုံဖောင်ဒေးရှင်း စီမံကိန်း ဒါရိုက်တာ ဦးခမ်းအောင်တို့က ကြိုဆိုခဲ့သည်။

အဆိုပါ အဖွဲ့သည် တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် နယ်စပ်ရှိ ကြိုးတံတား ကျေးရွာသို့ ရောက်ရှိခဲ့ပြီး မိုင်းဆတ်မှ လာရောက် ကြိုဆိုသည့် မိုင်းဆတ် ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ခင်မောင်လတ် ဦးစီးအဖွဲ့၊ မူးယစ်တပ်စု (၃ဝ) မိုင်းဆတ်လှုပ်ရှားမှ ရဲအုပ် ဘုန်းကျော်ဦး ဦးစီးအဖွဲ့ တို့နှင့်အတူ ဆက်လက် ထွက်ခွာခဲ့ရာ မိုင်းဆတ်ခရိုင် မိုင်းတွမ်း အခြေစိုက် စီမံကိန်းရုံးသို့ ရောက်ရှိခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံမှ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့သည် မိုင်းဆတ် ခရိုင်မှ ဒေါက်တာနေအောင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မိုင်းတွမ်း စီမံကိန်းရုံး၌ အခြေပြု၍ မွန်းလွဲ ၁ နာရီတွင် နယ်လှည့် ကျန်းမာရေး ဝန်ဆောင်မှု ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ မိုင်းဆတ် ခရိုင်ရဲမှူး ဒုတိယ ရဲမှူးကြီး ခင်မောင်လတ်၊ စီမံကိန်း ဒါရိုက်တာ ဦးခမ်းအောင်နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမ Dr. Sura Kunkong Kapan တို့က အဖွင့်အမှာ စကားပြောကြားပြီး မိုင်းတွမ်း အုပ်စုအတွင်းရှိ လွယ်ပါရင် (၁)၊ လွယ်ပါရင်(၂)၊ မဟုန်လွယ်၊ မဟုန်ကန်နှင့် ဝမ်တုံကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသားများကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။

မြန်မာ-ထိုင်း ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၉ ရက်တွင် မိုင်းဆတ်ခရိုင် မိုင်းတွမ်း အုပ်စုအတွင်းရှိ စီမံကိန်း ဝင်ကျေးရွာတို့မှ ကောင်းမှု၊ ဖဟ၊ ဝမ်နောင်၊ ဝမ်ပုံ၊ ဝမ်ကပ်နှင့် မအို့ကျေးရွာ တို့မှ ကျေးရွာသူ၊ ကျေးရွာသား များကိုလည်းကောင်း၊ ဧပြီ ၃ဝ ရက်က စတုံးအုပ်စု အတွင်းရှိ မယ်ကြုတ်(၁)၊ မယ်ကြုတ်(၂)၊ မယ်ကြုတ်(၃)ကျေးရွာ တို့မှ ကျေးရွာသူ၊ ကျေးရွာသားများကို လည်းကောင်း၊ ယမန်နေ့က မယ်ပုံးနှင့် ဟွေပူးကျေးရွာတို့မှ တိုင်းရင်းသား များကိုလည်း ကောင်း အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment