Thursday, May 1, 2014

အခက်အခဲအမျိုးမျိုး ကြုံတွေ့ရသော်လည်း ပြည်သူများ ဆန္ဒပြင်းပြနေသည့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတဦးသိန်းစိန် ပြောကြား

အခက်အခဲအမျိုးမျို ကြုံတွေ့ရသော်လည်း ပြည်သူများဆန္ဒပြင်းပြနေသည့် ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မေ ၁ ရက်က ပြည်သူလူထုသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်သူလူထုသို့ လစဉ်မိန့်ခွန်းပြောကြားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး ဧပြီလအတွင်း အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးပြောကြားရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးတည်ဆောက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းများဆိုင်ရာ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏) တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့အကြား ညှိနှိုင်းပြီး အားလုံးသဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းတစ်စောင်ရရှိရေးကို ဆောင်ရွက်ခဲ့ရာ တစ်ခုတည်းသော သဘောတူညီချက် ပထမမူကြမ်းကို ပြုစုနိုင်သည်အထိ တိုးတက်မှုများရှိခဲ့ခြင်းသည် ရလဒ်ကောင်းတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်တစ်ဆင့်တက်ခြင်းဟု ရှုမြင်ကြရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတက “ဒီရလဒ်များကို အခြေခံပြီး များမကြာမီကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုရမှာဖြစ်ပြီး တိုင်းရင်းသားများကို ကျွန်တော်ကတိပြုပြောကြားထားသည့် အတိုင်း လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်တော့မှာ ဖြစ်ပါတယ်။ လိုအပ်မယ့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင် ပြောကြားလိုပါတယ်”ဟု ပြော ကြားသည်။

“ငြိမ်းချမ်းရေးကိစ္စဟာ အလွန်ခက်ခဲ နက်ရှိုင်းပြီး နှစ်ပရိစ္ဆေဒ အလွန်ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေရတာဖြစ်တဲ့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ သို့သော်လည်း ပြည်သူများ ဆန္ဒပြင်းပြနေတဲ့ ငြိမ်းချမ်းရေးရရှိရေးကို ကျွန်တော့်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူများ၏ စီးပွားရေးပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရန် မျိုးဆက်သစ်လူငယ်များအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ဖန်တီးပေးနိုင်ရေး တစ်စိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေသည်ဟုလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြည်သူလူထုအချို့နှင့် ခေါင်းဆောင်အချို့က နှောင့်နှေးသည်ဟု ထင်မြင်မှုများရှိနိုင်ကြောင်း၊ လက်ရှိဆွေးနွေးမှုသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် မူကြမ်းတစ်ခုတည်းအား ပူးပေါင်းရေးဆွဲသည့်အဆင့်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များစွာ ရှေ့သို့ရောက်ရှိနေသည်ဟု ခံယူကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)အဖွဲ့ဝင် ကေအိုင်အိုမှ ဗိုလ်ချုပ်ဂွမ်မော်က ဧပြီ ၅ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲတွင် ပြောကြားသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် NCCT တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ နှစ်ဖက်ခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် စကားများပြောဆိုမှုများ ရှိသော်လည်း အထူးသဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်ရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့နှင့် အစိုးရ၏ တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှောင့်နှေးသွားခြင်း၊ ရွှေ့ဆိုင်းလိုက်ရခြင်း အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဖက်လုံးမှ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ နှစ်ဖက်လုံးက အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။

ELeven Media Group

0 comments:

Post a Comment