Thursday, March 12, 2015

တရုတ်တွင် (၅၇)ထပ်တိုက် တစ်လုံးကို (၁၉)ရက်ဖြင့် အပြီးသတ် တည်ဆောက်



တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုသည် (၅၇)ထပ်မြင့်သည့် မိုးမျှော်တိုက်တစ်လုံးကို (၁၉)ရက်ဖြင့် အပြီးတည်ဆောက်သွားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုလျှင် လူနေတိုက်ခန်း (၈၀၀)ခန့်နှင့် လူ(၄၀၀၀) အလုပ်လုပ်နိုင်မည့် ရုံးခန်းဧရိယာများ ပါရှိသည့် တိုက်ကို တစ်ရက်လျှင် (၃)ထပ်နှုန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ယင်းတိုက်ကို အထပ်ပေါင်း (၂၂၀) အမြင့်မျှထိ တည်ဆောက်သွားရန် လျာထားခဲ့သော်လည်း အနီးတွင် လေဆိပ်တစ်ခု ရှိနေခြင်းကြောင့် (၅၇)ထပ်ဖြင့်သာ ကန့်သတ်ခဲ့ရခြင်း ဖြစ်သည်။Mini Sky Cityဟု အမည်ပေးထားသည့် အဆိုပါ မိုးမျှော်တိုက်ကို တရုတ်နိုင်ငံ တောင်ပိုင်း ဟူနန်ဒေသ၏ မြို့တော် ချန်ရှားတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံကို တည်ဆောက်ရာတွင် (၁၀)မီတာစီ အမြင့်ရှိသည့် အသင့်ပုံစံချပြီးသား အခန်းဘောင်များကို ယူဆောင်လာပြီး မြန်ဆန်စွာ တွယ်ဆက်ပေးခြင်း ဖြစ်သည်။ အဆိုပါ ဆောက်လုပ်မှု နည်းစနစ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းများနှင့်လည်း အဆင်ပြေ ကိုက်ညီကြောင်း သိရသည်။

အဆောက်အအုံ တည်ဆောက်မည့် အခန်းဘောင် အကန့်များကို အခြားနေရာတွင် တည်ဆောက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာသို့ ယူဆောင်လာကာ ဆက်တိုက် နေရာချ တပ်ဆင်သွားခြင်းဖြင့် မိုးမျှော်တိုက်တစ်ခုလုံး ကာလတိုအတွင်း လျင်မြန်စွာ ရုပ်လုံးပေါ်သွားခြင်း ဖြစ်သည်။

အဆိုပါ တည်ဆောက်မှုကို ကိုင်တွယ် ဆောင်ရွက်သည့် ကုမ္ပဏီမှာ Broad Sustainable Buildingဖြစ်ပြီး ယခင်ကလည်း အထပ်အမြင့် (၃၀)ရှိသည့် တိုက်တစ်လုံးကို ချန်ရှားမြို့တွင်ပင် (၁၅)ရက်ဖြင့် အပြီး တည်ဆောက်ပြခဲ့ဖူးသည်။

ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက မိမိတို့၏ နည်းပညာသည် လူသားများ၏ ဗိသုကာ ပညာရပ် သမိုင်းတွင် အထူးခြားဆုံး စွမ်းဆောင်မှု တစ်ခုအဖြစ် ညွှန်းဆိုထားသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကိုက်ညီပြီး မြန်ဆန်စွာ ဆောက်လုပ်မှု ပြီးစီးခဲ့သည့်တိုင် လုံခြုံရေးနှင့် ပတ်သက်၍ Social Mediaများပေါ်တွင် မေးခွန်းထုတ်မှုများ ရှိနေသော်လည်း ကုမ္ပဏီကမူ မိုးမျှော်တိုက်၏ ကြံ့ခိုင်မှုကို အာမခံချက် ပေးထားကြောင်းလည်း သိရသည်။

_Ref: Dailymail
7Day Daily

0 comments:

Post a Comment