Thursday, March 12, 2015

ကျောင်းသားသပိတ်ကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် မလုပ်ရန် ဦးဝီရသူဆို

အခြားအဖွဲ့အစည်းများကလည်း အကြမ်းဖက် သပိတ်ဖြိုခွဲခြင်းကို ကန့်ကွက်

ကျောင်းသားသပိတ်ကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင်မလုပ်ရန် အမျိုးဘာသာ စောင့်ရှောက်ရေး ဆရာတော် ဦးဝီရသူက မတ် ၁၂ ရက်က ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ပြီး အခြားအဖွဲ့အစည်းများကလည်း အကြမ်းဖက် သပိတ်ဖြိုခွဲခြင်းကို ကန့်ကွက်သည်ဟု ထုတ်ပြန်ချက်ထုတ်သည်။


(ဓာတ်ပုံ - ဟိန်းထက်၊ )

အမျိုးဘာသာ စောင့်ရှောက်ရေး ဆရာတော် ဦးဝီရသူ၊ အာဆီယံလူငယ်ဖိုရမ်၊ ရခိုင့်တပ်မတော် (AA)၊ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) တို့က ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဆရာတော် ဦးဝီရသူက လက်ပံတောင်းမှ ကျောင်းသားသပိတ် ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်းထုတ်ပြန်ပြီး "ကျောင်းသား သပိတ်ဖြိုခွင်းခံရမှုကို အကြောင်းပြု၍ တိုင်းပြည်မငြိမ်မသက် ဖြစ်အောင် ဥပဒေမဲ့တောင်းဆိုမှုများ မပြုလုပ်ရန် အလေးအနက် သတိပေးလိုက်သည်" ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ထို့ပြင် အမျိုးသား ပညာရေး ဥပဒေကို အကြောင်းပြု ၍ အလုံးစုံ ပျက်သုဉ်းရေးကို ရှေးရှုသော ကြိုးကိုင်သူများကို ဖော်ထုတ်အရေးယူရန် တိုက်တွန်းသည် ဟုလည်းထုတ်ပြန်ထားသည်။

တောင်းဆိုရာတွင် ဖမ်းဆီးခံ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအပေါ်စွဲဆိုထားသော ပုဒ်မများ ပြန်ဖျက်သိမ်းပြီး လွှတ်ပေးရန်နှင့် လက်နက်မပါဘဲ ဆန္ဒထုတ်ဖော်မှုများအပေါ် ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းမှု မပြုလုပ်ရန်တို့ကို တောင်းဆိုထားသည်။ထို့အတူ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ကျောင်းသားကျောင်းသူများတောင်းဆိုချက်များနှင့်အတူ အမျိုးသားပညာရေးဥပဒေကို အမြန်ဆုံးပြင်ဆင်ရန်တို့ကို တောင်းဆိုချက်တွင် ထည့်သွင်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ရခိုင်တပ်မတော်ကလည်း ကန့်ကွက်ထုတ်ပြန်ထားကာ ထုတ်ပြန်ချက်တွင် ဖမ်းဆီးထားသော ကျောင်းသားများကို ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်ဖြိုခွင်းမှုကို တာဝန်ယူရန် တောင်းဆိုထားသည်။ ယင်းအပြင် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်ကလည်း ထိုဖြစ်စဉ်သည် တရားဥပဒေစိုးမိုးရေး နှင့်သွေဖီနေသည် ဟုထုတ်ပြန်လိုက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

ထို့ပြင် ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်တို့ကို ဆန့်ကျင်လျက်ရှိပြီး ယခင်စစ်အစိုးရ လက်ထက်ကနည်းတူ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေပါက ပြည်တွင်း ငြိမ်းချမ်းရေးကိုပင် ပျက်ပြားနိုင်သည်ဟု ထုတ်ပြန်ထားသည်။ မတ်လ ၁ဝ ရက်က လက်ပံတန်းရှိ ကျောင်းသား ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပါဝင်သူ အချို့ကိုလည်း ဖမ်းဆီးခဲ့သည်။

မဇ္ဈိမ

0 comments:

Post a Comment