Thursday, March 12, 2015

တိုင်းပြည်ကို အပြောင်းအလဲဖြစ်စေချင်ရင်၊ ကောင်းစေချင်ရင်တော့ အေးချမ်းတဲ့ နည်းလမ်းကို အသုံးပြုပြီး အတတ်နိုင်ဆုံးဖြေရှင်းပေးပါလို့ သမ္မတကြီးကို တောင်းဆိုလိုက်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်



လက်ရှိ၂၀၁၅ အစပိုင်းမှာတင် ဆူပူမှုတွေနဲ့ ဂယက်ရိုက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဆန္ဒပြမှုများ၊ စစ်ပွဲများနဲ့ပတ်သတ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် အခက်အခဲတစ်စုံတစ်ရာဖြစ်မှာကို စိုးရိမ်စိတ်ပူနေတဲ့ ဒါရိုက်တာကြည်ဖြူသျှင်နဲ့တွေ့ဆုံခိုက် သူမက“အခုလောက်ကိုင်ဒေသနဲ့ပတ်သတ်ပြီး စစ်ဖြစ်တယ်။ ဒီလိုဖြစ်တဲ့အခါမှာ တပ်မတော်သားတွေလဲ အများအပြားသေကြတယ်။ စိတ်မကောင်းလဲဖြစ်ကြတယ်။ ဒါပေမဲ့ အစ်မတို့အံ့သြတာက ဘာကြောင့် ဗိုလ်ချုပ် နှစ်တစ်ရာပြည့်ကျမှ ဒီလိုစစ်ကြီး လာဖြစ်ရတာလဲပေါ့။ ပြောမယ်ဆိုလို့ရှိရင် တစ်ဖက်က အင်အားတွေက နဂိုကတည်းက ရှိပြီးသားတွေလေ။ ဒီလိုမျိုးဖြစ်တယ်ဆိုတာ တမင်တကာပဲ ပြည်သူနဲ့တပ်မတော်ကို ပိုပြီး စိတ်ဝမ်းကွဲစေချင်လို့လား။ အဲ့လို အစ်မတို့သံသယပိုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်နှစ်၁၀၀ ပြည့်ပွဲကို အစ်မတို့ တစ်နိုင်ငံလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အစ်မတို့ကျင်းပကြတယ်။ အဲ့ဒီမှာ တစ်ဖက်က တပ်မတော်သားတွေက သူတို့ရဲ့အသက်တွေကို ပေးဆပ်ပြီး တောထဲမှာ တိုက်ပွဲဝင်နေရတယ်။ ဒီဖက်မှာ အစ်မတို့အနေနဲ့ကျတော့ ဗိုလ်ချုပ်နှစ်တစ်ရာသည် အစ်မတို့တစ်သက်မှာ တစ်ကြိမ်ပဲ ကြုံတွေ့ရမှာမို့လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲရမှာပဲ၊ ပြောမယ်ဆိုရင် တပ်မတော်သားတွေရဲ့ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ကျမှ လောက်ကိုင်မှာ စစ်ပွဲတွေထဖြစ်နေတယ်ဆိုတော့ တိုက်ဆိုင်မှုကြီးက အရမ်းထူးဆန်းနေတယ်။ နိုင်ငံရေးအရ ဘယ်လိုတွေကြံစည်နေကြတာလဲ။ ဘယ်လိုတွေ လုပ်နေကြတာလဲ။ အဲ့ဒီအပေါ်မှာတော့ စိတ်ထဲတစ်မျိုးဖြစ်မိတယ်။ နောက်တစ်ခုက တပ်မတော်သားတွေ အတွက် လုံးဝစိတ်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်ကာလမှာမှ တပ်မတော်သားတွေ အကျအဆုံး အထိအခိုက်များစွာနဲ့သေကြေ ပျက်စီးကြတယ်။ အဲ့ဒီအတွက်တော့ တကယ် စိတ်မကောင်းဘူး။ ဒီတိုက်ဆိုင်မှုကြီးကိုလဲ အစ်မ တကယ်အံ့သြမိပါတယ်”လို့ လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ ဂယက်ရိုက်နေတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနေအထားတစ်ခုနဲ့ပတ်သတ်ပြီး သူမက “ကျောင်းသားတွေနဲ့ဖြစ်နေတဲ့ အခြေအနေတွေရှိနေတယ်။ ဖြစ်နိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဘာမှမဖြစ်စေချင်ဘူး။ အေးအေးချမ်းချမ်းနဲ့ပဲ ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းစေချင်တယ်။ ဒီကာလမှာ ကျောင်းသားတွေကလဲ သူတို့ဖြစ်ချင်တာတွေကို တောင်းဆိုကြတယ်။ ဒီတောင်းဆိုမှုတွေကိုလဲ အေးအေးချမ်းချမ်းနဲ့ ပြီးသွားစေချင်တယ်။ ပိုမိုဆိုးရွားတဲ့ အခြေအနေတစ်ခုကို မဖြစ်လာစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခြေအနေဆိုးတိုင်း ဆိုးတိုင်းမှာ အစ်မတို့အတွက်က အနှုတ်လက္ခဏာကြီးပဲပြနေတယ်ဆိုတော့ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ဖြစ်သမျှအခြေအနေတိုင်းကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်း သွားစေချင်ပါတယ်။ မဟုတ်ရင် အစ်မတို့ ၂၀၁၅ ရွေးကောက်ပွဲကို အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်းလိုက်တာတို့၊ အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းလိုက်တာတို့ဖြစ်သွားမှာ အစ်မတို့အရမ်းစိုးရိမ်တယ်။ ပြောချင်တာက လက်ရှိနိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ သမ္မတကြီး အပါအ၀င် နိုင်ငံတော်အကြီးအကဲများအားလုံး ကိုပြောချင်တာကတော့ တိုင်းပြည်ကို တကယ် အပြောင်းအလဲဖြစ်စေချင်ရင် ကောင်းစေချင်ရင်တော့ အေးချမ်းတဲ့ နည်းလမ်းကို အသုံးပြုပြီး အတတ်နိုင်ဆုံးဖြေရှင်းကြပါ။ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လိုအကြောင်းကြောင်းကြောင့်နဲ့မှ အပျက်စီးမခံနိုင်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲကို ပျက်စီးအောင်လုပ်တဲ့သူတွေက ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ကောင်းတဲ့ အလားအလာသွားဖို့ကို ဖျက်ဆီးတဲ့သူတွေလို့ပဲ မြင်မိပါတယ်။ ဘယ်လိုပြသနာဖြစ်ဖြစ်ကြီးမားလာအောင် လုပ်လို့ရသလို သေးငယ်သွားအောင် ပျောက်သွားအောင်လဲ လုပ်လို့ရပါတယ်။ အဲ့ဒီတော့ ပြသနာကို မကြီးထွားအောင် လုပ်ဖို့က နိုင်ငံတော်မှာရှိတဲ့ လက်ရှိတာဝန်ရှိတဲ့သူတွေနဲ့ပဲသက်ဆိုင်ပါတယ်။ ကိုယ်တိုင်းပြည်မှာ လက်ရှိရှိနေတဲ့ လူငယ်တွေရောအားလုံးကိုပြောချင်တာက ကိုယ်တွေဖြစ်ချင်တဲ့ ဆန္ဒကိုတော့ တောင်းဆိုကြပါ။ ဒါပေမဲ့ အဲ့ဒီလို တောင်းဆိုကြတဲ့ တောင်းဆိုမှုရဲ့အကျိုးရလာဒ်ကိုတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဘာဖြစ်နိုင်လဲဆိုတာကိုလဲ သတိကြီးကြီး ဥာဏ်ကြီးကြီးနဲ့တော့ စဉ်းစားကြပါလို့တော့ပြောချင်ပါတယ်”တဲ့။


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment