Friday, May 15, 2015

ဖလားသုံးလုံးအိပ်မက်ကိုယ်စီနဲ့ ဘာစီလိုနာ - ဂျူဗင်တပ်တို့ရဲ့ နောက်ဆုံးတိုက်ပွဲ


၂၀၁၄-၁၅ ဘောလုံးရာသီ စတင်ခါစတုန်းက ဘာစီလိုနာအသင်းအပေါ်ထားရှိတဲ့ ပရိသတ်တွေရဲ့ သံသယတွေဟာ အတော်လေးများပြားခဲ့ပါတယ်။ အောင်မြင်မှုဘာမှမရသေးတဲ့သူ Low Profile နည်းပြတစ်ဦးဖြစ်တဲ့ အသင်းကစားသမားဟောင်း လူးဝစ္စအန်းနရစ်ကို နည်းပြအဖြစ် ခန့်လိုက်တဲ့အပေါ်မှာလည်း အသင်းအပေါ်ယုံကြည်သူနည်းပါးခဲ့ပါတယ်။ လီဗာပူးမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဆွာရက်ဇ်ကို ခေါ်လိုက်ပေမယ့်လည်း ကာလကြာရှည်ပွဲပယ်ခံထားရသူဖြစ်နေလို့ အသင်း အတွက် ရာသီအစမှာ နစ်နာခဲ့ရပါ သေးတယ်။မက်ဆီရှိနေပြီးသား တိုက် စစ်မှာ နေမာနဲ့ ဆွာရက်ဇ်တို့ ပူး ပေါင်းပါဝင်လာခြင်းဟာ မလိုအပ် တဲ့ဖြည့်တင်းမှုဆိုပြီး ဝေဖန်မှုတွေ တောင်ရှိခဲ့ပါသေးတယ်။ အခု တော့ ဒီသံသယတွေအားလုံး ဘာ စီလိုနာရဲ့ သွင်းဂိုးတွေအောက်မှာ ပျောက်ကွယ်သွားပြီလို့ ပြောရ တော့မှာပါ။ ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ဒီရာသီ ဖလားသုံးလုံးနဲ့ လက်တစ်ကမ်းအ ကွာကို ဘာစီလိုနာရောက်လာခဲ့ ပါပြီ။ အနီးစပ်ဆုံးဖလားဖြစ်တဲ့ လာလီဂါအမှတ်ပေးဖလားအ တွက် ဒီတစ်ပတ်ထဲမှာ အက်သ လက်တီကိုနဲ့ ကစားရမှာဖြစ်ပြီး နိုင်ပွဲရတာနဲ့ ဘာစီလိုနာအမှတ် ပေးချန်ပီယံဖြစ်ပါပြီ။

တကယ်တမ်းဆိုရရင် လွန် ခဲ့တဲ့ နှစ်ပေါင်း ၁၀၉ နှစ်အတွင်း ဘာစီလိုနာဟာ ခြောက်ရာသီအ တွင်း ဖလားသုံးကြိမ်အောင်မြင်မှု နှစ်ခါမရခဲ့ပါဘူး။ ဒီရာသီမှာ စွမ်း ဆောင်နိုင်ခဲ့မယ်ဆိုရင် အသင်း သမိုင်းမှာ ပထမဆုံးဖြစ်လာပါ လိမ့်မယ်။



ဖလားသုံးလုံးလမ်းကြောင်းပေါ်က တိုက်စစ်မှူးသုံးဦး

ဒီရာသီမှာ အသင်းရဲ့ ကွင်း လယ် ခံစစ်ကစားပုံကိုလည်း ချီး ကျူးရမှာ ဖြစ်ပေမယ့် ထိပ်ဆုံးချီး ကျူးရမှာက တိုက်စစ်သုံးတွဲဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ ဖြစ်ပါတယ်။ အနောက်တိုင်းမီဒီယာ တွေကတော့ MSN တိုက်စစ်အတွဲ လို့ အတိုကောက်ခေါ်ကြပါတယ်။

ဘာစီလိုနာ MSN တိုက်စစ် မှူးသုံးဦးရဲ့ ဒီရာသီသွင်းဂိုးဟာ ၁၁၄ အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ အသင်းသမိုင်းမှာရှိခဲ့ဖူးတဲ့ တိုက်စစ်မှူးအတွဲတွေထဲ အ ကောင်းဆုံးစွမ်းဆောင်ချက်လည်း ဖြစ်ပါတယ်။

ဘာစီလိုနာဖလား သုံးလုံးရခဲ့တဲ့ ၂၀၀၈-၀၉ တုန်းကတောင် မက်ဆီ၊ အီတူး၊ အွန်နရီတို့ တိုက်စစ်အတွဲက ဂိုး ၁၀၀ ပဲ အများဆုံးသွင်းနိုင်ခဲ့ပါတယ်။ အီ တူးနဲ့ အွန်နရီတို့ ထွက်ခွာသွားပြီး နောက် ၂၀၁၁-၁၂ ဘောလုံးရာသီ မှာ မက်ဆီ၊ ဆန်းချက်ဇ်၊ ပက်ဒရို ဆိုတဲ့ တိုက်စစ်အတွဲဖြစ်လာပြန်ပါ တယ်။ အဲဒီရာသီမှာလည်း မက် ဆီက တစ်ရာသီတည်းမှာ ၇၃ ဂိုး အထိ သွင်းယူခဲ့ပါသေးတယ်။ အဲဒီ ဘောလုံးရာသီတုန်းကလည်း သုံး ယောက်တွဲတိုက်စစ်က ဂိုး ၁၀၀ အထိ သွင်းနိုင်ခဲ့ပါတယ်။

မက်ဆီနဲ့ နေမာရဲ့ သွင်းဂိုး စုစုပေါင်း ဂိုး ၉၀ မှာ ဆွာရက်ဇ်ရဲ့ ဖန်တီးပေးမှုက အကြိမ် ၂၀ ပါဝင် ထားပါတယ်။ တိုက်စစ်မှူးတစ်ဦး အနေနဲ့ ၂၄ ဂိုးသွင်းပြီး ဂိုး ၂၀ ဖန် တီးပေးထားနိုင်တယ်ဆိုတာ ကျေ နပ်လောက်စရာ စွမ်းဆောင်မှုလို့ လည်း ဆိုနိုင်ပါတယ်။ သိပ်မကြာ သေးခင်တုန်းကလည်း ဘာစီလိုနာတိုက်စစ်မှူး သုံးဦးကြားမှာ စိတ် ၀မ်းကွဲမှုရှိနေသလိုလို သတင်းတွေထွက်လာခဲ့ပါသေးတယ်။ နေမာ က ဆွာရက်ဇ်ဆီကို ဂိုးသွင်းဖို့ ဖန် တီးမပေးဘူးဆိုတဲ့ အချက်အလက် ကို ထောက်ပြပြီး ဒီသတင်းတွေ ထွက်လာခဲ့တာပါ။ တိုက်ဆိုင်မှုလို့ လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒုအကျော့မှာ ဆွာရက်ဇ်က နေမာကို နှစ်ကြိမ်တိတိ ဂိုးဖန်တီးပေးလိုက်ပြီးတဲ့နောက် ဒီကောလာဟလတွေလည်း ပျောက်ကွယ်သွားပြန်ပါတယ်။

ဘာစီလိုနာက ဗိုလ်လုပွဲနှစ် ပွဲအပါအ၀င် လက်ကျန်လေးပွဲရှိ နေသေးတာကြောင့် MSN တိုက် စစ်အတွဲရဲ့ ဂိုးအရေအတွက်ဟာ ဒီထက်ပိုများလာနိုင်စရာရှိနေပါ သေးတယ်။ ကွင်းလယ်မှာ ကြံ့ကြံ့ခံပေးထားနိုင်တဲ့ ရာကီတစ်၊ ဘတ်စ်ကွက်တို့ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့်လည်း မီးစာ ကုန်ဆီခန်းဖြစ်လာတဲ့ ဇာဗီကို လူ တွေလွယ်လွယ်မေ့သွားနိုင်ကြပါ လိမ့်မယ်။

လာလီဂါစွမ်းဆောင်ရည်

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်း က ဘာစီလိုနာဟာ ရီးရဲလ်မက်ဒ ရစ်ထက် လေးမှတ်လျော့နည်းပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ရောက်နေခဲ့တာပါ။ ဒါပေမဲ့ မတ်လမှာ ကစားတဲ့ အယ်ကလက်စီကို ဒါဘီပွဲစဉ်မှာ ဘာစီလိုနာအနိုင်ရ ခဲ့တာကစလို့ ချန်ပီယံလမ်းကြောင်းဟာ အလှည့်အပြောင်းစဖြစ်လာ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း ရီးရဲလ်မက်ဒရစ်ဟာ ဗလန်စီယာနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျသွားခဲ့လို့ ဘာစီလိုနာရဲ့အမှတ်ပေးချန်ပီယံမျှော်လင့်ချက်ဟာ ပိုပြီးပီပြင်လာခဲ့ပါတယ်။ ဒီတစ်ပတ်ကစားမယ့် အက်သလက်တီကိုနဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ လာလီဂါချန်ပီယံဟာ ဘာစီလိုနာ ဖြစ်တော့မှာပါ။

မနှစ်က ဘောလုံးရာသီတုန်း က လာလီဂါနောက်ဆုံးပွဲစဉ်မှာ သရေတစ်မှတ်ရခဲ့ရင်တောင် ချန်ပီယံဖြစ်နိုင်ပါရက်နဲ့ အက်သလက် တီကို ကို ရှုံးနိမ့်ပြီး ချန်ပီယံမဖြစ်ခဲ့ တဲ့ သာဓကကို ဘာစီလိုနာ ဒီနှစ် သင်ခန်းစာယူပါလိမ့်မယ်။

စပိန်ဘုရင့်ဖလားစွမ်းဆောင်ရည်

စပိန်ဘုရင့်ဖလားကွာတား ဖိုင်နယ်မှာ ဘာစီလိုနာက အက်သ လက်တီကိုအသင်းကို နှစ်ကျော့ လုံးအနိုင်ရပြီး နောက်တစ်ဆင့် တက်လာခဲ့တာပါ။ ဆီမီးဖိုင်နယ် မှာလည်း ဗီလာရီးရဲလ်ကို နှစ်ကျော့ပေါင်း ရလဒ် ၆-၂ ဂိုးနဲ့ နိုင်ခဲ့ပြီး ဗိုလ်လုပွဲရောက်လာပြန်ပါတယ်။ ဗိုလ်လုပွဲမှာ ဘာစီလိုနာရင်ဆိုင်ရ မယ့် ပြိုင်ဘက်က ဘီလ်ဘာအိုဖြစ် ပါတယ်။ ဒီရာသီမှာတော့ ဘီလ် ဘာအိုကို လာလီဂါမှာ နှစ်ကျော့ လုံး ဘာစီလိုနာနိုင်ထားပါတယ်။ မနှစ်က ဗိုလ်လုပွဲတုန်းက ဂါရက် ဘေးလ်ရဲ့ တစ်လုံးတည်းသော ဂိုး နဲ့ ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့တဲ့ ရလဒ်ကို ချေဖျက်ဖို့ ဘာစီလိုနာကြိုးစား ရမှာပါ။ ဘီလ်ဘာအိုရဲ့ အဓိက ကစားသမားဖြစ်တဲ့ အီကာမန်နီ ယန်ဒဏ်ရာရနေတာက ဘာစီလို နာအတွက် အခွင့်အရေးဖြစ်ပါ တယ်။ ဘီလ်ဘာအိုက မန်နီယန် မပါနိုင်တဲ့ နောက်ဆုံးရှစ်ပွဲမှာ နှစ်ပွဲပဲနိုင်ထားတဲ့ အသင်းဖြစ်နေလို့ပါ။

ချန်ပီယံလိဂ်စွမ်းဆောင်ရည်

လက်ကျန်ပွဲစဉ်တွေထဲမှာ ဘာစီလိုနာအတွက် အခက်ခဲဆုံး ဖြစ်လာမယ့်ပွဲဟာ ဂျူဗင်တပ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လု ပွဲဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဆီမီးဖိုင်နယ် ဒု-အကျော့မှာ မရှုံး ခင်တုန်းက ဘာစီလိုနာဟာ ဒီရာသီချန်ပီယံလိဂ်မှာ ရှုံးပွဲတစ်ပွဲပဲရှိထား သေးတဲ့ အသင်းဖြစ်ပြီး ပီအက်စ်ဂျီ ကို ဒု-အကျော့မှာ ရှုံးခဲ့တာ ဖြစ်ပါ တယ်။

ဘာစီလိုနာအတွက်တော့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ရှစ်ကြိမ်မြောက်တက်လာတဲ့ ဗိုလ် လုပွဲဖြစ်ပြီး ၂၀၁၁ နောက်ပိုင်း ပြန်ယူရမယ့် ချန်ပီယံလိဂ်ဖလား လည်း ဖြစ်ပါတယ်။ ဆယ်နှစ်အတွင်း ချန်ပီယံလိဂ်ဖလား သုံးကြိမ် မြောက်ယူနိုင်မယ့် အခွင့်အရေး လည်း ဖြစ်နေပါတယ်။ ဥရောပ ဖလားကို လေးကြိမ်မြောက်ယူ ထားတဲ့ ဘာစီလိုနာဟာ အင်္ဂလန် မြေမှာ နှစ်ကြိမ်၊ ပြင်သစ်မှာ တစ် ကြိမ်၊ အီတလီမှာ တစ်ကြိမ် ဗိုလ် လုပွဲကစားခဲ့တာ ဖြစ်ပါတယ်။ ဒီ နှစ်ဗိုလ်လုပွဲကို ဘာလင်မြို့မှာ ပြု လုပ်မှာဖြစ်တာကြောင့် ဂျာမနီမြေ ပေါ်မှာ ချန်ပီယံလိဂ်ဖလားပထမ ဆုံးကိုင်မြှောက်ခွင့်ဟာ ဘာစီလို နာနဲ့ လက်တစ်ကမ်းအလိုမှာ ရောက်နေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ လာလီဂါနှစ် ပွဲ၊ ဘုရင့်ဖလားဗိုလ်လုပွဲတစ်ပွဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ပွဲ၊ စုစု ပေါင်း လေးပွဲကစားဖို့ ကျန်နေပါ သေးတယ်။ ဖလားသုံးလုံးချန်ပီယံ ဖြစ်ဖို့အတွက် ဘာစီလိုနာလက် ကျန်လေးပွဲမှာ သုံးပွဲနိုင်ဖို့ လိုအပ် ပါတယ်။ ဒီနှစ်ဥရောပဘောလုံး လောကကို လွှမ်းမိုးနိုင်ဖို့ အခွင့်အ ရေးဟာ ဘာစီလိုနာရဲ့ လက်တစ် ကမ်းကို ရောက်နေပြီ ဖြစ်ပါတယ်။

အသက်အကြီးဆုံးအသင်းရဲ့ဖလားသုံးလုံးအိပ်မက်

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဂျူ ဗင်တပ် ဒီနှစ်မှာ ရောက်လာလိမ့် ဦးမယ်လို့ ရာသီအစမှာ မမျှော်လင့် ခဲ့ကြပါဘူး။ ပိုပြီး ထူးခြားတာက ဂျူဗင်တပ်ဟာ နုပျိုလန်းဆန်းတဲ့ ကမ္ဘာ့ကြယ်ပွင့်ကစားသမားတွေ မဟုတ်ဘဲ အသက်အရွယ်ရနေပြီ ဖြစ်တဲ့ ကစားသမားတွေကို အမာ ခံစုဖွဲ့ထားတဲ့ ဒီနှစ်ရောက်မှသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆယ်စု နှစ်အတွင်း ပထမဆုံးအကြိမ် တက်လှမ်းရနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ဂျူ ဗင်တပ်အသင်းရဲ့ အမာခံပွဲထွက် ၁၁ ယောက်စာရင်းကို အသက် ပျမ်းမျှတွက်ချက်ကြည့်လိုက်တဲ့ အခါ ၃၀ နှစ်နဲ့ ၂၁ ရက်ရှိနေတာ တွေ့ရပါတယ်။ ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ်ရောက်လာတဲ့ အသင်း လေးသင်းမှာလည်း ဂျူဗင်တပ်အ သင်းရဲ့ ကစားသမားတွေတန် ကြေးက အနိမ့်ဆုံးဖြစ်နေပါတယ်။ ဂျူဗင်တပ်မှာ အသက်ကြီးဆုံး ကစားသမားက ဂိုးသမား ဘူဖွန် (၃၇ နှစ်)ဖြစ်ပြီး သူ့ရဲ့နောက်မှာ ပီယာလို (၃၅ နှစ်)၊ အီဗရာ (၃၃ နှစ်)၊ တိဗက်ဇ် (၃၁ နှစ်)စတဲ့ကစားသမားတွေ ရှိနေပါတယ်။ ဒါဟာ ဂျူဗင်တပ်အသင်းရဲ့ ထူးခြားတဲ့ အချက်ဖြစ်နေပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လာတဲ့ အသင်းတွေရဲ့ သမိုင်းတစ်လျှောက်မှာ ဂျူဗင်တပ်အ သင်းထက် ပျမ်းမျှအသက်ကြီးတဲ့ အသင်းဆိုလို့ အေစီမီလန်နဲ့ အင် တာမီလန်တို့ပဲ ရှိခဲ့ဖူးပါတယ်။ ဗိုလ်လုပွဲကစားခဲ့သမျှ အသင်းတွေထဲ မှာ ပျမ်းမျှအသက်ကြီးဆုံးဖြစ်ခဲ့တဲ့ အေစီမီလန်က အဲဒီနှစ်မှာပဲ ဗိုလ်စွဲ ခဲ့သလို အင်တာမီလန်လည်း ၂၀၁၀ ပြည့်နှစ်ဖြစ်တဲ့ အဲဒီနှစ်မှာ ပဲ ဗိုလ်စွဲခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း ဘာစီလိုနာထက် ပျမ်းမျှအသက်ကြီးပြီး ဗိုလ်လုပွဲ သမိုင်းမှာ တတိယအသက်ကြီးဆုံးဖြစ်လာတဲ့ ဂျူဗင်တပ်ထပ်ပြီး ဗိုလ် စွဲဦးမလားဆိုတာ စိတ်ဝင်စားစရာ အချက်ဖြစ်နေပါတယ်။

ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ် နဲ့ အမှတ်ပေးဖလားအပါအ၀င် နောက်ထပ် ရှုံးထွက်ဖလားတစ်လုံးကို တစ်နှစ်တည်းမှာ မယူဖူး သေးပါဘူး။ အဓိကဖလားသုံးလုံး မယူဖူးသေးတဲ့ ဂျူဗင်တပ်အနေနဲ့ မိမိဟာ သမိုင်းသစ်ရေးထိုးရမယ့် နှစ်လည်း ဖြစ်နေတယ်။ ၁၉၉၅- ၉၆ ဘောလုံးရာသီတုန်းက ချန်ပီ ယံလိဂ်ဖလားကို နောက်ဆုံးရခဲ့ တာဖြစ်လို့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ် စွဲမယ့် အခွင့်အရေးလည်း နောက် တစ်ခေါက်ပြန်ရလာတာ ဖြစ်ပါ တယ်။ ကိုပါအီတာလီယာဖလား မှာ လာဇီယိုနဲ့ ကစားရဦးမှာဖြစ်လို့ သိပ်တော့ မလွယ်ကူသေးပါဘူး။ ဒါပေမဲ့ ကိုပါအီတလာလီယာဖလားမှာ ရှုံးပွဲမရှိသေးတဲ့ ဂျူဗင်တပ်အတွက် အခြေအနေဟာအကောင်းဆုံးမှာ ရှိနေဆဲဖြစ်ပါတယ်။

လုပ်ပွဲကစားမှုကြောင့် လွန် ခဲ့တဲ့ ကိုးနှစ်က တန်းဆင်းသွားရတဲ့ ဂျူဗင်တပ်ဟာ ဒီနှစ်မှာ ချန်ပီယံ လိဂ် ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် သူ တို့ကြောင့် ကျဆင်းခဲ့တဲ့ စီးရီးအေ ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ် ယူနိုင်မယ့် အလားအလာများရှိနေ ပါတယ်။ ..... ။

7Day Daily

0 comments:

Post a Comment