Wednesday, May 13, 2015

အွန်လိုင်းမှာ အရောင်းရဆုံးနံပါတ်(၁)ဖြစ်နေတဲ့ ထိုက်ထိုက်ရဲ့ အိုးမိုင်ဂေါ့သီချင်း


အဆိုတော် ထိုက်ထိုက် ၏ အိုးမိုင်ဂေါ့သီချင်းကို အွန်လိုင်း စတိုးက ယခုရက်ပိုင်းအတွင်း ဖြန့်ချိပေးခဲ့ရာ အရောင်းရဆုံး နံပါတ်(၁)ဖြစ်နေပြီး ယင်းသီချင်း ပါဝင်မည့် တစ်ကိုယ်တော်အခွေ ကို မေလ ၂၄ ရက်တွင် စတင် ဖြန့်ချိပေးမည်ဖြစ်ကြောင်း ထိုက် ထိုက်က ပြောသည်။အိုးမိုင်ဂေါ့သီချင်းကို အားတီကရေးသားပေးထားပြီး ထိုက်ထိုက်နှင့်အတူ စန္ဒီမြင့်လွင် နှင့် အာဖရိကအဆိုတော် ဇီကိုတို့ က Featuring ပါဝင်သီဆိုပေး ထားပြီး Myanmar Music Store က ယခုရက်ပိုင်းတွင် ဖြန့်ချိခဲ့ရာ အရောင်းရဆုံးနံပါတ်(၁)ရရှိခဲ့ ခြင်းဖြစ်သည်။

‘‘ထိုက်ထိုက်ရဲ့ တစ်ကိုယ် တော်ခွေကို မေလ ၂၄ ရက်မှာ စီဒီရော၊ ဒီဗီဒီရော တစ်ခါတည်း ဖြန့်ချိပေးမှာပါ။ တိုင်တယ် (title) ကိုတော့ အိုးမိုင်ဂေါ့လို့ပဲ နာမည် ပေးထားပါတယ်။ သီချင်းစုစု ပေါင်း ၁၄ ပုဒ်ပါပါတယ်။ အိုးမိုင် ဂေါ့လိုသီချင်းအမြူးကတော့ သုံး ပုဒ်လောက်ပဲပါတယ်။ များသော အားဖြင့် Slow Song (သီချင်း အေးအေး)လေးတွေပဲ ထည့်ထား ပါတယ်’’ဟု တစ်ကိုယ်တော်အခွေ အကြောင်းကို ထိုက်ထိုက်က ပြောသည်။ ထို့အပြင် ဒီဗီဒီအခွေတွင် လည်း ထူးခြားမှုအနေဖြင့် အိမ် ထောင်ရေးဇာတ်လမ်းတစ်ခုကို သီချင်းသုံးပုဒ်ပေါင်း၍ ရိုက်ကူး ထားသောကြောင့် ပရိသတ်များ အနေဖြင့် သီချင်းသုံးပုဒ်စလုံးပြီး ဆုံးအောင် ကြည့်ပေးစေလို ကြောင်း ၎င်းက ဆိုသည်။

‘‘ပထမဆုံးသီချင်းလေးက ‘ဟောင်းတဲ့အချစ်’၊ ဒုတိယသီချင်းက ‘အိပ်ဖန်စောင့်’၊ တတိယ သီချင်းက ‘အတ္တခန်းတဲ့ည’။ ပထမသီချင်းကိုကြည့်ရုံနဲ့တော့ ဇာတ်လမ်းကိုနားလည်မှာမဟုတ် ပါဘူး။ နောက်ဆုံးသီချင်းအထိ ကြည့်မှ ဇာတ်ရည်လည်မှာပါ’’ ဟု ထိုက်ထိုက်က ပြောသည်။

ထိုက်ထိုက်က မင်းသမီး တစ်ဦးမဟုတ်သော်လည်း သီချင်းအပေါ်တွင် ကိုယ်တိုင်ခံစားမှသာ အသက်ဝင်သည်ဟု ထင်သော ကြောင့် သီချင်းခွေတစ်ခွေလုံး၌ ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ထားကြောင်း ဆက်လက်ပြော ကြားသည်။

‘‘မင်းသမီးတစ်ယောက် တော့မဟုတ်ပါဘူး။ ဒါပေမဲ့ မျက် ရည်ကျရမယ့် အခန်းတွေမှာ လည်း သီချင်းကိုခံစားမှုကြောင့် မျက်ရည်အစစ်တွေပဲ ကျခဲ့ပါ တယ်။ သီချင်းအပေါ်မှာခံစားပြီး သရုပ်ဆောင်ထားပါတယ်’’ဟု ၎င်း၏ ဒီဗီဒီအကြောင်း ပြောကြား သည်။

7Day Daily

0 comments:

Post a Comment