Friday, May 15, 2015

အင်ဒိုနီရှားတွင် အမျိုးသမီးတပ်သားသစ်များအပေါ် အပျိုစင် စစ်မစစ် စစ်ဆေးခြင်းအား ရပ်တန့်ပေးရန် HRW တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံတွင် စစ်တပ်ထဲဝင်မည့် အမျိုးသမီးများကို အပျိုစင် စစ်မစစ် စမ်းသပ်စစ်ဆေးခြင်းကို ရပ်တန့်ပေးရန် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)က တိုက်တွန်းလိုက်သည်။
ရှက်ဖွယ်ရာ အဆိုပါစမ်းသပ်မှုကို တပ်သားစုဆောင်းမှုလုပ်ငန်းစဉ်အစောပိုင်းအဆင့်တွင် လုပ်ဆောင်လေ့ရှိပြီး အမျိုးသမီးများ၏ အပျိုမြှေး ပျက်မပျက်ကို စစ်ဆေးခြင်းဖြစ်သည်ဟု HRW က ပြောသည်။ ယင်းစမ်းသပ်မှုသည် လိင်ခွဲခြားဆက်ဆံခြင်းသာဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့က ရှုတ်ချပြီး အမျိုးသမီးသိက္ခာကျဆင်းစေသည့် အဆိုပါ စစ်ဆေးမှုကို ချက်ချင်းရပ်တန့်ပေးရန် အင်ဒိုနီးရှားစစ်တပ်သို့လည်း တိုက်တွန်းထားသည်။အင်ဒိုနီးရှားနိုင်ငံအနှံ့ရှိ စစ်ဆေးရုံများတွင် ထိုသို့စမ်းသပ်စစ်ဆေးမှုများ ပုံမှန်လုပ်ဆောင်လေ့ရှိကြောင်း၊ စမ်းသပ်မှုကို ဆရာဝန်မများကသာ လုပ်ဆောင်ကြောင်း စစ်ဆေးရုံတခုမှ တာဝန်ကျ ဆရာဝန်တဦး၏စကားကို ကိုးကား၍ HRW က ပြောသည်။ သို့သော် ယောက်ျားဆရာဝန်လည်း စစ်ဆေးမှုပြုသည်ဟု စမ်းသပ်စစ်ဆေးခံအမျိုးသမီးတဦးက သူ၏အတွေ့အကြုံကို ပြောသည်။
နိုင်ငံ၏ဂုဏ်သိက္ခာအတွက် အရေးကြီးသဖြင့် အပျိုစင် စစ်မစစ် စမ်းသပ်စစ်ဆေးရခြင်းဖြစ်ကြောင်း အမျိုးသမီးစစ်သည်သစ်များကို ပြောကြားကြောင်း သတင်းများအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ စစ်ဘက်ဆရာဝန်များ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ဆွေးနွေးပွဲတခုအတွက် ရောက်ရှိနေကြချိန်တွင် HRW က ယခုကဲ့သို့ အချိန်ကိုက် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ယင်အပြင် ရဲမေသစ်စုဆောင်းရာတွင်လည်း အပျိုစင် စစ်မစစ် စမ်းသပ်မှုများရှိကြောင်း ရဲမေလျောက်ထားသူများနှင့် ရဲအရာရှိများ၏ သက်သေခံချက်များကို အခြေခံပြုစုထားသည့် အစီရင်ခံကို HRW က ထုတ်ပြန်ခဲ့သည်။ ရဲမေတဦး၏အဆိုအရ အပျိုစင်စစ်ဆေးမှုသည် စိတ်ဆင်းရဲဖွယ်၊ စိတ်မသက်သာဖွယ်ရာကောင်းကြောင်း ပြောသည်။

“သူတို့က လက်ချောင်း ၂ ချောင်း ထိုးထည့်တယ်၊ သိပ်နာတာပဲ၊ ကျမသူငယ်ချင်းဆို နာကျင်လွန်းလို့ မေ့တောင်လဲတယ်။”ဟု ၎င်းရဲမေက ပြောသည်။

“အင်ဒိုနီရှားစစ်တပ်အနေနဲ့ အမျိုးသမီး တပ်သားသစ်တွေအပေါ် ဒီလို အရှက်ရစရာ စစ်ဆေးမှုမျိုး လုပ်ဆောင်နေခြင်းအားဖြင့် တိုင်ပြည်ရဲ့ ကာကွယ်ရေးအင်အား တောင့်တင်းလာမှာမဟုတ်ဘူးဆိုတာ သိသင့်တယ်၊ သမ္မတ ၀ီဒိုဒိုအနေနဲ့လည်း စစ်တပ်ကို ပြတ်ပြတ်သားသားပြောပြီး ဒီ စစ်ဆေးမှုကို ချက်ချင်း ဖျက်သိမ်းပစ်ဖို့ လုပ်ဆောင်သင့်ပါတယ်။”ဟု HRW မှ ဒါရိုက်တာ Nisha Varia က ပြောသည်။

ရည်ညွှန်း - The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment