Sunday, May 17, 2015

မှောင်ခိုလှေများမှတစ်ဆင့် IS အကြမ်းဖက်သမားများ ဥရောပသို့ ဝင်ရောက်လျက် ရှိဟုဆို


IS အဖွဲ့သား လက်နက်ကိုင် အကြမ်းဖက်သမားများသည် မြေထဲပင်လယ်အတွင်းရှိ မှောင်ခိုဂိုဏ်းများ၏ ပို့ဆောင်မှုဖြင့် ဥရောပအတွင်းသို့ တရားမဝင် ဝင်ရောက်လျက် ရှိသည်ဟု လစ်ဗျားအစိုးရ အကြံပေးအရာရှိတစ်ဦးက ပြောကြားကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။မှောင်ခိုသမားများသည် ရွှေ့ပြောင်းအခြေချ ဒုက္ခသည် အများအပြား တင်ဆောင်လာသော လှေများပေါ်တွင် IS အဖွဲ့သားများကို ဝှက်၍ သယ်ဆောင်ကြခြင်း ဖြစ်သည်ဟု အဘ်ဒူလ်ဘာဆစ်ဟော်ရွန်က ပြောကြားသည်။

အကြမ်းဖက်သမားများ ရွှေ့ပြောင်းအခြေချလှေများဖြင့် ဥရောပသို့ ရောက်ရှိလာနိုင်သည်ဟု အီတလီနှင့် အီဂျစ်မှ တာဝန်ရှိသူများကလည်း ယခင်က သတိပေးစကား ပြောကြားခဲ့ဖူးသည်။

သို့ရာတွင် ထိုသတိပေးစကားနှင့်အညီ ရွှေ့ပြောင်းအခြေချသူများကို စိစစ်အတည်ပြုရန်မှာ အလွန်တရာ ခက်ခဲသည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။

မစ္စတာဟော်ရွန်သည် IS အဖွဲ့ ထိန်းချုပ်မှုအောက် ကျရောက်လျက်ရှိသော အနောက်အာဖရိက ဒေသများရှိ မှောင်ခိုသမားများ၏ ပြောကြားမှုအပေါ် အခြေခံပြီး မှောင်ခိုလှေများမှ တစ်ဆင့် IS အဖွဲ့သားများ ဥရောပသို့ ဝင်ရောက်လျက် ရှိသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဒေသတွင်းမှ လှေပိုင်ရှင်များကို လုပ်ငန်း ဆက်လက်လုပ်ကိုင် ခွင့်ပြုထားပြီး ထိုအတွက် လှေပိုင်ရှင်များက ၎င်းတို့အား ရရှိသည့် ဝင်ငွေ၏ တစ်ဝက်ကို ခွဲဝေပေးရသည်ဟု မစ္စတာဟော်ရွန်က စွပ်စွဲ ပြာဆိုခဲ့သည်။

ဒေသတွင်း မတည်ငြိမ်မှုများနှင့် ဆင်းရဲမွေတွေမှုများမှ လွတ်မြောက်ရန်အတွက် ယခုနှစ်အတွင်းတွင် လူပေါင်း ၆၀,၀၀၀ ခန့်သည် မြေထဲပင်လယ်ကို ကူးဖြတ်ရန် ကြိုးစားခဲ့သည်ဟု ခန့်မှန်းရသည်။

၂၀၁၁ ခုနှစ် တော်လှန်ရေးနောက်ပိုင်းတွင် လစ်ဗျားသည် တောက်လျှောက်ဆိုသလို နိုင်ငံရေးမတည်မငြိမ် ဖြစ်ခဲ့ပြီး တိုင်းပြည်မငြိမ်မသက် ဖြစ်နေခဲ့သဖြင့် လူမှောင်ခိုဂိုဏ်းများ ပေါ်ပေါက်ရန် အားပေးသကဲ့သို့ ဖြစ်ခဲ့သည်။

IS အဖွဲ့သည် ၎င်းတို့ ဥရောပသို့ စေလွှတ်လိုသည့် ၎င်းတို့အဖွဲ့သားများကို ပို့ဆောင်ရန်အတွက် လှေများကို အသုံးပြုခဲ့ပြီး ဥရောပရဲများ အနေနှင့် မည်သူက IS အဖွဲ့သားဖြစ်ပြီး မည်သူက သာမန်ဒုက္ခသည် ဆိုသည်ကို ခွဲခြားနိုင်ခဲ့ခြင်း မရှိကြောင်း BBC နှင့် အင်တာဗျူးတွင် မစ္စတာဟော်ရွန်က ပြောကြားခဲ့သည်။

ပြည်ပမှ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ပုံမှန်မဟုတ်သော ပြောင်းရွှေ့မှု လမ်းကြောင်းများမှတစ်ဆင့် ဥရောပအတွင်းသို့ ဝင်ရောက်လာနိုင်သည်ဟု ဥရောပ နယ်စပ်လုံခြုံရေးအေဂျင်စီ Frontex ကလည်း ယခုနှစ်အစောပိုင်းက သတိပေး ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment