Sunday, September 20, 2015

မျိုးစောင့်ဥပဒေ ကြိုဆိုပွဲများ၏ လားရာ


မိုးတွင်းကာလ ဖြစ်သော်ငြား “တော်သလင်းနေ ပုစွန်သေ” ဟူသော ဆိုးရိုးစကားအတိုင်း ချွေးဒီးဒီးကျသည်အထိ ပူသည်။ ကြွပ်ကြွပ်မည်အထိ ပူသည်။ အပူရှိန်က ပိုမြင့်လာသည့်နှင့်အမျှ မျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲ တက်ရောက်သည့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ နီးစပ်ရာ သစ်ပင်ရိပ်ရှိရာသို့ ခိုဝင်နေကြရသည်။အချိန်ကား တော်သလင်းလဆန်း ၁ ရက် (စက်တင်ဘာလ ၁၄ ရက်)။ မွန်းလွဲ ၁ နာရီခန့်တွင် သက်တော်ဝါတော်ရင့် ဆရာတော်တစ်ပါးဖြစ်သော ဦးရေဝတက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ပေးပို့သည့် သဝဏ်လွှာကို အသံခပ်မှန်မှန်ဖြင့် ဖတ်ကြားနေသည်။
“မျိုးစောင့်ဥပဒေ ဖျက်မဲ့သူတွေကို ရှောင်ကွင်းပြီး မျိုးစောင့်ဥပဒေ ကာကွယ်မယ့်သူတွေကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ကြဖို့ အဓိက လိုအပ်ပါတယ်။ ယခုပေါ်ပေါက်ခဲ့တဲ့ မျိုးစောင့်ဥပဒေမျိုး နောင်ဘယ်နည်းနဲ့မှ ပေါ်ပေါက်ဖို့ မလွယ်ကူဘူး” ဟု ဆရာတော်က တရားတစ်ပုဒ် ဟောသည့်နှယ် ပြောဆိုနေလေသည်။

ယင်းသဝဏ်လွှာ၏ လားရာက အဘယ်နည်း။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့ပြီ ဖြစ်သည်။ ယင်းအချိန်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ ပြောဆိုချက်များကား အဘယ်ကို ဦးတည်နေသနည်းဟု အတိုက်အခံပါတီတို့က မေးခွန်းထုတ်လေပြီ။

ယင်းသို့ မဲဆွယ်စည်းရုံးရေး ကာလအတွင်း မျိုးစောင့်ဥပဒေကို ရေးဆွဲပေးသူအား မဲပေးရန် မ.ဘ.သ ပြောဆိုချက်ကို မေးခွန်းထုတ်သူမှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၁) ဦးငယ်ပီး ဖြစ်သည်။

“အခု မဲဆွယ်စည်းရုံးရေးကာလမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့တဲ့ လူတွေကို မဲမပေးဖို့ ဆိုတာကတော့ တော်တော်လေးကို ရုပ်ဆိုးအကျည်းတန်တယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ သွားမယ်လို့ ချီတက်ကြတဲ့ ခေတ်ကြီးမှာ ဒီလို ကိစ္စတစ်ခုတည်းကို တိုင်းထွာပြီးတော့ ဆုံးဖြတ်ကြတဲ့ ကိစ္စမျိုးဆိုတာ မသင့်တဲ့၊ မလိုလားအပ်တဲ့ ကိစ္စပါ” ဟု ဆိုလာသည်။

မျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲ ဘယ်သွားမလဲ

စက်တင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲ မ.ဘ.သ ထုတ်ပြန်ချက်တွင် ယင်းဥပဒေကို ဆက်လက်စောင့်ထိန်းမည့်သူကိုသာ မဲပေးရန် ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုခဲ့လေပြီ။

၁၉၆၁ ခုနှစ် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့သော်လည်း ၁၉၆၂ ခုနှစ် အာဏာသိမ်း တော်လှန်ရေးကောင်စီက နိုင်ငံတော်ဘာသာ ဥပဒေကို တရားဝင် ခွင့်မပြုတော့သောကြောင့် မျိုးစောင့်ဥပဒေကိုလည်း ယခုကဲ့သို့ မဖြစ်စေရေး သတိပြုရန် လိုအပ်သည်ဟု ဆရာတော် ဦးရေဝတက မ.ဘ.သ အဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် သဝဏ်လွှာကို ကိုးကားမိန့်ကြားသည်။

မ.ဘ.သ အဖွဲ့ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသက ပုစွန်၊ ကဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုးကြိုးပြတ် စိတ်ထားရှိသူများကို မဲမပေးကြရန် အရေးကြီးကြောင်း အကျယ်တဝင့် ဆက်လက်မိန့်ကြားပြန်သည်။
“ပုစွန်လို အမျိုးသားရေး သွေးမရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း မရွေးချယ်ကြဖို့ သတိပြု ရွေးချယ်ကြဖို့လိုတယ်” ဟု ကြည်လင်သော အသံခပ်ပြတ်ပြတ်ဖြင့် ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသက မိန့်ကြားသည်။

ယင်းဂုဏ်ပြုပွဲတွင် သံဃာတော်တစ်ပါးပြီး တစ်ပါး မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းရင်း ဥပဒေဖျက်သိမ်းမည့် ကိုယ်စားလှယ်လောင်းများ မရွေးချယ်ရန်ကို မိန့်ကြားသည်။

ရွှေဝါရောင် သံဃာတော်များကွန်ရက် ဦးဆောင်ဆရာတော် ဦးပဏ္ဍဝံသကမူ ထိုသို့ မျိုးစောင့်ဥပဒေ လွှတ်တော်သို့ တင်သွင်းချိန် ကန့်ကွက်ခဲ့သူ၊ ဖျက်သိမ်းနိုင်မည့် ကိုယ်စားလှယ်လောင်းများကို မဲမပေးရန် တိုက်တွန်းခြင်းသည် ဒကာ၊ ဒကာမများ၏ ယုံကြည်မှု သဒ္ဓါတရားကို ဖျက်ဆီးခြင်း ဖြစ်သောကြောင့် သံဃာ့ ဝိနည်းသိက္ခာများနှင့် မကိုက်ညီဟု ဆိုလာသည်။

“ကုလ ဓူသက” ဟူသော မြတ်စွာဘုရားရှင် ဟောကြားသော သုတ္တန်တွင် ဒကာ၊ ဒကာမများ၏ လာဘ်လာဘကိုမျှော်၍ သမီးရည်းစားစာ အပေးအယူ ပြုလုပ်ပေးခြင်း၊ လင်မယားကွဲသည်ကို ပြန်လည် စေ့စပ်ညှိနှိုင်းပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ အဆိပ်အတောက် ဖြစ်စေသည့် စာများကို ရေးသားဖြန့်ဝေခြင်း စသည့် အကြောင်းအရာ ၂၂ ချက်ကို ကန့်သတ်ထားကြောင်း ဦးပဏ္ဍဝံသက ရှင်းပြသည်။

ယင်းကြိုဆိုပွဲများတွင် မည်သူ့ကို မဲပေးပါ မည်သူ့ကိုဖြင့် မဲမပေးနှင့်ဟု သံဃာတော်များ တိုက်တွန်းပြောဆိုနေခြင်းသည် “တစ်စုံတစ်ယောက်ဘက်ကို သွေဖည်ခြင်းသာ ဖြစ်သောကြောင့် သံဃာတော်များ မလုပ်သင့်ဘူး” ဟု ဦးပဏ္ဍဝံသက အကြံပြုသည်။

အဆိုပါ ကြိုဆိုပွဲများတွင် မျိုးစောင့်ဥပဒေအတွက် နိုင်ငံရေးအဖွဲ့အစည်း တစ်ခုခုကို ရည်ညွန်းပြီးစ ဘာသာရေးခေါင်းဆောင်များ မဲပေးရန် ပြောဆိုခြင်းမှာ မလုပ်သင့်ဘဲ ရဟန်းသံဃာများ အနေနှင့် ဖြစ်ချင်သည့် ကိစ္စများကို ရှေ့တန်းတင် ပြောဆိုခြင်းမှ အဂတိတရား ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဦးပဏ္ဍဝံသက ဆိုသည်။

ဂုဏ်ပြုကြိုဆိုပွဲနှင့် မဲဆွယ်စည်းရုံးရေး

လာမည့်နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၈ ရက်မှ စတင်၍ တစ်နိုင်ငံလုံး ဒေသအနှံ့အပြားတွင် နိုင်ငံရေးပါတီ ၉၀ ကျော်က အသီးသီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

မျိုးစောင့်ဥပဒေများ အတည်ပြု ပြဋ္ဌာန်းသည့် ဂုဏ်ပြုကြိုဆိုပွဲသည် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဖြစ်နေပြီး လွှတ်တော်တွင်း တင်သွင်းချိန် ကန့်ကွက်ခဲ့သူများနှင့် အစိုးရသစ်လက်ထက် ဖျက်သိမ်းနိုင်ခြေ ရှိသည့် ကိုယ်စားလှယ်လောင်းများကို မဲမပေးရန် နှိုးဆော်တိုက်တွန်းမှုသည် သမ္မတဦးသိန်းစိန်၏ အာဏာရပါတီအတွက် သွယ်ဝိုက်မဲဆွယ်စည်းရုံးခြင်းဟု ဝေဖန်မှုများ ရှိနေသည်။

“ရိုးရိုးပုံစံတော့ မဟုတ်ဘူး။ တစ်စုံတစ်ဦး အာဏာရ အစိုးရသော် လည်းကောင်း၊ ပါတီတစ်ခုခုကနေသော် လည်းကောင်း စေခိုင်းတဲ့ ပယောဂကြောင့်လို့ သုံးသပ်တယ်” ဟု ရွှေဝါရောင် ဆရာတော်များကွန်ရက် ဦးဆောင်ဆရာတော် ဦးပဏ္ဍဝံသက သုံးသပ်မိန့်ကြားသည်။

မဲဆွယ်စည်းရုံးရေးကာလ မတိုင်မီ သြဂုတ်လ ၃၀ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအတွင်း ပြုလုပ်သည့် (၅၄) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ်ပွဲတွင် နိုင်ငံရေးပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကာ ပါဝင်ကျင်းပခဲ့ကြောင်း နိုင်ငံရေးပါတီအချို့ထံမှ သိရှိရသည်။

သို့သော် ထိုကဲ့သို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်ခြင်းသည် အချိန်အခါ တိုက်ဆိုင်မှုသာ ဖြစ်ပြီး မ.ဘ.သ အဖွဲ့အစည်းနောက်တွင် အာဏာရပါတီ၊ အတိုက်အခံပါတီ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် မည်သူတစ်ဦး တစ်ယောက်၊ မည်သည့်အဖွဲ့အစည်းကမျှ စေခိုင်းမှု မရှိကြောင်း မ.ဘ.သ အဖွဲ့ (ဗဟို) မှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တုံ့ပြန်ဖြေရှင်းသည်။

“အတည်ပြုပေးလိုက်တဲ့ သူတွေက ဒါသူတို့ မဲရဖို့ တမင်လုပ်ပေးတယ်ဆိုရင် ဘာပြောမလဲ ဆိုတာတော့ ဘယ်အဖြေမှ ပေးလို့မရဘူး၊ တစ်ဖက်စောင်းနင်း ဖြစ်သွားမှာလည်း စိုးပါတယ်။ ဒီဂုဏ်ပြုကြိုဆိုပွဲနဲ့ မဲဆွယ်စည်းရုံးရေးကာလ မတော်တဆ တိုက်ဆိုင်မှုပါ။ ဒီအချိန်မှာ လာတိုက်ဆိုင်သွားလို့ ဒီအစိုးရနဲ့ ပူးပေါင်းနေတယ်လို့ ထင်မြင်ကြတာပါ” ဟု မ.ဘ.သ အဖွဲ့ (ဗဟို) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဂုဏ်ပြုကြိုဆိုပွဲ မ.ဘ.သအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ပေးပို့သည့် သဝဏ်လွှာတွင်မူ မျိုးစောင့်ဥပဒေ ဖြစ်ပေါ်ရေး ဝိုင်းဝန်းကူညီသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ၊ မ.ဘ.သ ဆရာတော်များ၊ ရဟန်းရှင်လူ ပြည်သူများနှင့် အခြားကျေးဇူးတင်ထိုက်သူများကို သမိုင်းတာဝန်ကျေပွန်သူများ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုရန် လိုအပ်ကြောင်း ထည့်သွင်းတိုက်တွန်းထားသည်။

“အတည်ပြု ပြဋ္ဌာန်းပေးတဲ့ သမ္မတ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျေးဇူးတင်ရမှာပေါ့။ ထောက်ခံပါတယ်လို့ မဆိုလိုပါဘူး။ ကန့်ကွက်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ဒီမိုကရေစီ ယဉ်ကျေးမှုအရ ကျေးဇူးတင်ပါတယ်။ သူတို့ အရည်အချင်းကိုလည်း သိရတာပေါ့။ ဒါ အာဏာရပါတီအတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး” ဟု မ.ဘ.သ အဖွဲ့ (ဗဟို) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

သို့သော် ထိုသို့ပြောဆိုခြင်းများနှင့် ပတ်သက်၍ ရွှေဝါရောင် သံဃာတော်များကွန်ရက် ဦးဆောင်ဆရာတော် ဦးပဏ္ဍဝံသက “သမ္မတနဲ့ အာဏာရပါတီအတွက် မဲဆွယ်တာ မဟုတ်ဘူး ပြောပေမယ့် ဟုတ်တဲ့ပုံစံ ဖြစ်နေတယ်။ ရဟန်းသံဃာတွေ အနေနဲ့ ပြောရမှာ မဟုတ်ဘူး” ဟု မှတ်ချက်ပြု မိန့်ကြားသည်။

မဲဆွယ်စည်းရုံးရေးကာလ မျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်ခြင်းသည် အချိန်အခါ စောနေသေးပြီး မ.ဘ.သ အဖွဲ့မှ ယခုကဲ့သို့ ပြောဆိုနေသော သံဃာတော်များသည် ဝိနည်း၊ စည်းကမ်းများကို ချိုးဖောက်သည့် သံဃာတော်များကသာ ပြောဆိုခြင်းဖြစ်ပြီး မ.ဘ.သ အဖွဲ့ဝင် ဆရာတော်အားလုံးကို ပြောဆိုခြင်း မဟုတ်ဘဲ ဝိနည်းနှင့် ညီညွတ်သည့် ဆရာတော်များလည်း ရှိသောကြောင့် ထိုဆရာတော်များက ထိန်းသိမ်းပြီး အခြေအနေမှန်ကို ပြည်သူများ သိစေရန် ရှင်းလင်းသင့်ကြောင်း ဦးပဏ္ဍဝံသက မိန့်ကြားသည်။

မျိုးစောင့်ဥပဒေ အတည်မပြုရေး ကန့်ကွက်ရာတွင် ပါဝင်ခဲ့သည့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၁) ဦးငယ်ပီးက “အာဏာရပါတီအတွက် သွယ်ဝိုက်မဲဆွယ် သက်ရောက်နေလား ဆိုတော့ ဒါပေါ့။ ကျွန်တော်တို့ အပြင်ဘက်ကနေ ကြည့်ရင်လည်း ဒီလိုပဲ မြင်နေတာပေါ့။ သုံးသပ်မယ် ဆိုရင်လည်း ဒီအတိုင်းပဲ ရှင်းနေတာပဲ။ အဲဒါကြောင့် နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးမလုပ်ဖို့တော့ အာဏာရပါတီကပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲဖြစ်ဖြစ် လေးစားလိုက်နာရမှာ ဖြစ်တယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

မျိုးစောင့်ဥပဒေ ကန့်ကွက်ခဲ့သူ ကိုယ်စားလှယ်များ၊ ဖျက်သိမ်းနိုင်သည့် ကိုယ်စားလှယ်လောင်းများကို မရွေးချယ်ရန် တိုက်တွန်းမှုနှင့် ပတ်သက်၍ ကန့်ကွက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးအနက် ၃၃ ဦး ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ မည်သို့မျှ မဖြေရှင်းလိုဘဲ အစိုးရအဖွဲ့၌သာ တာဝန်ရှိကြောင်း ပြောကြားသည်။

နိုင်ငံတကာ အစိုးရအဖွဲ့တွေက ဘာပြောသလဲ

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ နိုင်ငံရေးပါတီများ အနေနှင့် ဘာသာရေးကို မဲဆွယ်စည်းရုံးရေး နည်းလမ်းတစ်ခုအဖြစ် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများက စိုးရိမ်ကြောင်း အမေရိကန်သံရုံးက စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထိုကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၊ ကနေဒါသံရုံး၊ ဒိန်းမတ်သံရုံး၊ ပြင်သစ်သံရုံး၊ နော်ဝေသံရုံး၊ ဂျပန်သံရုံး၊ ဆွီဒင်သံရုံး၊ ဗြိတိသျှသံရုံးနှင့် အမေရိကန်ပြည်ထောင်စု သံရုံးတို့က ပူးတွဲထုတ်ပြန်ခြင်း ဖြစ်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့် ရွေးကောက်ပွဲသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှု ရှိစေရန် သည်းခံ၍ အပြန်အလှန် လေးစားစိတ်ဖြင့် မျှတမှုရှိသည့် တရားဥပဒေဖြစ်ရေး အသိအမြင် ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးရန် အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံသားအားလုံးကို တောင်းဆိုထားသည်။

ရွေးကောက်ပွဲစည်းမျဉ်းများ၊ ဥပဒေများကိုလည်း ပြဋ္ဌာန်းအသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီမရွေး မျှတမှုရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုသည့်အပြင် ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပံ့ပိုးကူညီမည်ဖြစ်ပြီး ဖြစ်စဉ်ကိုလည်း အစိုးရသစ်လက်ထက် ထူထောင်ခြင်းတစ်လျှောက် အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာသံရုံးများက ဆိုသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဉ်များနှင့် မဲဆွယ်စည်းရုံးရေး ကာလအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထူးဆောင်ရွက်နေချိန် ဘာသာရေး၊ လူမျိုးရေး၊ အထင်အမြင် လွဲမှားမှုများ၊ သံသယများ ပေါ်ပေါက်စေနိုင်သည့် တစ်ဖက်သတ် သုံးသပ်ဖော်ပြချက်များသာ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကာလ သိမ်မွေ့သည့်အချိန်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းသည် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အေးချမ်းကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ကြိုးစားဖန်တီးနေသည့် ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှုရာ ရောက်ပြီး ပြည်သူများကြား အထင်အမြင် လွဲမှားစေနိုင်သည့် ဖော်ပြချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ နိုင်ငံတကာသံရုံးများ၏ ပူးတွဲထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “သူတို့ စိုးရိမ်တာ စိုးရိမ်နိုင်ပါတယ်။ သူတို့ထောက်ခံတဲ့ ပါတီအတွက် စိုးရိမ်တာလား၊ မြန်မာ့နိုင်ငံရေးနဲ့ ရွေးကောက်ပွဲအတွက် စိုးရိမ်တာလားဆိုတာ သေချာမသိဘူး” ဟု ဆိုလေသည်။

မဲဆွယ်စည်းရုံးရေး ဥပဒေမှာ ဘာပါလဲ

ရွေးကောက်ပွဲ စည်းရုံးရေးကာလ မည်သူမဆို လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း မပြုလုပ်ရန် တားမြစ်ပြဋ္ဌာန်းထားသည်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များတွင် ဖော်ပြပါရှိသည်။

ထိုသို့ ပြဋ္ဌာန်းချက်များ ရှိသောကြောင့် ယင်းသို့ ဟောပြောစည်းရုံးများကို မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ရုံးပိတ်ရက် ဖြစ်သောကြောင့် ဆက်သွယ်မှု မရရှိပေ။

ကြိုဆိုပွဲများ၏ လာရာနှင့် လားရာ

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၅၄၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၄၈ နှင့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဥပဒေ အမှတ် ၂၈ အဖြစ် ပြဋ္ဌာန်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ထံမှ သိရှိရသည်။

မည်သို့ပင်ဆိုစေ မျိုးစောင့်ဥပဒေများ အတည်ပြု ပြဋ္ဌာန်းသည့် ဂုဏ်ပြုကြိုဆိုပွဲများကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ ရန်ကုန်၊ မွန်၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ရှမ်း (တောင်)၊ ကယား၊ နေပြည်တော်၊ ရှမ်း (မြောက်)၊ ကချင်၊ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတွင် ဆက်တိုက်ပြုလုပ်နေပြီ ဖြစ်သည်။

အချိန်ကား နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး ပြုလုပ်သည့် အချိန်နှင့် ကွက်တိကျနေသည်။

ယင်းအပြင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရန်ကုန်မြို့တွင် ထပ်မံ စုဝေးပြုလုပ်သွားမည်ဟုလည်း မ.ဘ.သ (ဗဟို) ထံမှ သိရှိရသည်။

ထိုသို့ ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်ရန် မိုးထိမိုးမိ ရွှေတောင်ကြီးကုမ္ပဏီက မ.ဘ.သ အဖွဲ့ ဗဟိုအမှုဆောင် ဆရာတော်တစ်ပါးထံ ကျပ်သိန်း ၇၀၀ ခန့် တန်ဖိုးရှိ ရွှေတစ်ပိဿာ လှူဒါန်းထားပြီး ထိုလှူဒါန်းမှုမှ ခွဲဝေ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် ကျပ်သိန်း ၃၀ နှုန်း ခွဲဝေထောက်ပံ့မည် ဖြစ်ကြောင်း မ.ဘ.သ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ထိုဥပဒေ၏ လာရာနှင့် လားရာမှာ မဲဆွယ်ပါတီများ မဲစည်းရုံးရေးကိစ္စအပေါ် သက်ရောက်နိုင်မည်လော။

ရွေးကောက်ပွဲ ကော်မရှင်ကမှု ထိုကိစ္စများနှင့် နှုတ်ဆိတ်နေဆဲပင်။

သံဃာတော်များ မျိုးစောင့်ဥပဒေ ကြိုဆိုပွဲများတွင် ထိုကဲ့သို့ ဟောပြောမှုများနှင့် ပတ်သက်၍ တိုင်းရင်းသားအချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှု၊ ချစ်ခင်ရင်းနှီးမှု မပျက်ပြားမီ တိုင်ကြားသူရှိမှသာ သို့မဟုတ် တင်ပြလာသူရှိမှသာ ဆောင်ရွက်မည် မဟုတ်ဘဲ ကြိုတင် ၏ဆောင်ရွက်ထားသင့်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးငယ်ပီးက သုံးသပ်သည်။
“ဒီကိစ္စက ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ လုံးလုံးလျားလျား တာဝန်ရှိပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကလည်း တာဝန်သိသိနဲ့ ဒီကိစ္စကို အမြန်ဆုံး တာဝန်ယူ ဖြေရှင်းပေးစေချင်တယ်” ဟု သူက ဆိုလေသည်။

တက်ခေတ်နေ
The Voice Weekly

0 comments:

Post a Comment