Monday, October 28, 2019

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် "We are Myanmar" ဆိုတဲ့တစ်ပေါင်းတစ်စည်းတည်းစိတ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရန်လိုကြောင်း (NCA) ချုပ်ဆိုခြင်း (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြား


ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ် ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် "We are Myanmar" ဆိုတဲ့တစ်ပေါင်းတစ်စည်းတည်းစိတ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တိုက်တွန်းပြောကြားခဲံသည်။

ကျွန်တော်တို့နိုင်ငံမှာ လက်ရှိတောက်လောင်နေဆဲဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခရဲ့ ဇာစ်မြစ်ဟာ ယခင်ကိုလိုနီ လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့စနစ်ကြောင့် ဖြစ်ပါတယ်။
အတိတ်မှာ ဘာတွေဖြစ်ခဲ့သည်ဖြစ်စေ၊ ကျွန်တော်တို့အနေနဲ့ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်တင်နေလို့ တိုးတက်လာစရာ အကြောင်းမရှိပါဘူး။ လက်ရှိပစ္စုပ္ပန်ကာလ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ တော်တော်များများ ပြောဆိုနေတာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်။ ဦးစားပေးဖြေရှင်းသင့်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ဒီလိုဦးစားပေး ဖြေရှင်းမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ဆောင်ရွက်ရာမှာ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို ဦးစားပေးအဖြစ် အမြဲထည့်သွင်းထားရှိပါတယ်။ ဒါ့ကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကိုလည်း ဦးစားပေး စဉ်းစားဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဟာတိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ဦးစားပေးပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြီး မြင်တာက လက်တွေ့ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ပင်လုံညီလာခံဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရဖို့လွတ်လပ်ရေးရပြီးရင် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဦးစားပေးအနေနဲ့ နိုင်ငံရေးကို ဉီးတည်ဆွေးနွေးတာ ဖြစ်ပါတယ်။ ယခုကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ဦးဆုံးဘယ်လို ရပ်တန့် ပစ်မလဲဆိုတဲ့ ငြိမ်းချမ်းရေးကို အဓိကထား ဦးတည်ဆွေးနွေးတာဖြစ်ကြောင်း ကျွန်တော်တို့သတိပြုရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာပဲဖြစ်ဖြစ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာပဲ ဖြစ်ဖြစ်တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့အမျိုးသား အကျိုးစီးပွားကိုသာ အမြဲရှေးရှုဆောင်ရွက်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်ဟာလည်း ဒီလိုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ခေတ်ကာလအခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီး တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစု အချို့ပြောနေကြတဲ့ ဖက်ဒရယ်စနစ်အကြောင်းကို ပြောလိုပါတယ်။ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မိမိတို့လိုရာ၊ သန်ရာကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ ဘယ်လောက်ပဲကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေဖွင့်ဆိုပြီး စံနှုန်းအမျိုးမျိုး သတ်မှတ်ကြသည် ဖြစ်စေ အနှစ်သာရက “ ပေါင်းစည်းခြင်း” (Together) နဲ့ “သဟဇာတဖြစ်မှု” (Hermony) ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ အတူတကွပေါင်းစည်းနေထိုင်ဖို့၊ သဟဇာတဖြစ်ဖို့အတွက် လိုက်နာရမယ့် တာဝန်တွေ၊ စောင့်ထိန်းရမယ့် ဝတ္တရားတွေ၊ ဒီလိုနေထိုင်ခြင်းဖြင့်ရရှိလာမယ့် အခွင့်အရေးတေွ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော် တည်ဆောက်ကြရာမှာ အသေးစိတ် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ငြိမ်းချမ်းစွာစေ့စပ် ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒီလိုစေ့စပ်ညှိနှိုင်း အဖြေရှာရာမှာလည်း မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့အစည်း တစ်ခုတည်းအတွက်ကိုသာ မကြည့်ဘဲ ပြည်ထောင်စုဆိုတဲ့အမြင်၊ We are Myanmar ဆိုတဲ့တစ်ပေါင်းတစ်စည်းတည်းစိတ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးသွားမှ အလုပ်ဖြစ်နိုင်မှာဖြစ်ပါတယ်။
ဒီနေ့၊ ဒီအချိန်မှာ အင်အားစုတော်တော်များများက ညွှန်းပြပြောဆိုနေတဲ့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီး လေ့လာလျက်လည်းရှိပါတယ်။ စာအုပ်စာတမ်းတွေက လေ့လာတာအပြင် ဒီစနစ်ကိုကျင့်သုံးနေတဲ့ နိုင်ငံတွေကိုပါ သွားရောက်ပြီး လက်တွေ့လေ့လာခဲ့ပါတယ်။ တွေ့ရှိတာက ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူကြပါဘူး။အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ပြဋ္ဌာန်းထားမှု၊ လက်တွေ့ကျင့်သုံးနေမှုတွေကလည်း နိုင်ငံရဲ့နောက်ခံသမိုင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ စုစည်းတည်ဆောက်ပုံနဲ့ အခြေအနေ၊ အချိန်အခါတွေ အရအမျိုးမျိုးကွဲပြားမှုတွေ ရှိနေတာကိုလည်း တွေ့ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားရမှာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ကိစ္စပါ၊ ဒီကိစ္စကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့၊ အဖြစ်နိုင်ဆုံး နည်းလမ်းရှာဖွေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါဇယား (၁၊၂၊၃၊၅) ဥပဒေပြုစာရင်းတွေအတွက် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေက ဘာဥပဒေတွေပြဋ္ဌာန်းခဲ့ကြပြီလဲ။ အဲဒီပြုလုပ်ပြီး ဥပဒေအပေါ် အခြေခံပြီး မိမိတိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လောက်ဆောင်ရွက်နေကြပြီလဲ ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်းက တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသတွေရဲ့ ဥပဒေပြုစာရင်းတွေကို ထပ်မံတိုးချဲ့ လုပ်ပိုင်ခွင့်များပေးအပ်ခဲ့တဲ့အပေါ် လက်တွေ့မှာ ဘယ်လောက်အသုံးချနိုင်ပြီလဲ ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်တာပြင်ဆင်ထိုက်တာတွေကို ပကတိအခြေအနေနဲ့ ကိုက်ညှိပြီး ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်လျက်ရှိနေသလို တပ်မတော်နဲ့ခံယူချက်၊ ယုံကြည်ချက်တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။
အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေ၊ တာဝန်ရှိမှုတွေဟာ စာထဲမှာပြဋ္ဌာန်းလိုက်ရုံနဲ့ ပြီးပြည့်စုံသွားတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက လက်တွေ့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူကို ဗဟိုပြုတဲ့စနစ်ဖြစ်လို့ အဲဒီလိုဝိုင်းဝန်းကြိုးပမ်း တည်ဆောက်သွားနိုင်ရေး ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး အသိပညာ၊ အတတ်ပညာ မြင့်မားဖို့ လိုအပ်ပါတယ်။
အသိပညာဆိုတာ ဘဝမှာတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်ပြီး အတတ်ပညာဆိုတာ သင်ယူရတဲ့ပညာဖြစ်ပါတယ်။ မိမိဖြတ်သန်း လာခဲ့ရတဲ့အသိပညာတွေကို သင်ယူတတ်မြောက်ထားတဲ့ အတတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး မိမိဒေသ၊ မိမိမြို့၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးချရမှာဖြစ်ပါတယ်။ ဒီမိုကရေစီပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ ဘယ်သူကမှ လာရောက်ကြိုးပမ်းပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်သွားမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု၊ နိုင်ငံသူနိုင်ငံသားတွေကပဲ ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံရဲ့မည်သည့် တိုင်းဒေသကြီး၊ ပြည်နယ်မှာမှ သီးသန့်လူမျိုးစု တစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်လျက် ရှိပါတယ်။ အနည်းနဲ့အများသာ ကွာခြားပါတယ်။ ဒါဟာအရှိတရားဖြစ်ပါတယ်။ ဒီအရှိတရားအပေါ်မှာ အခြေခံပြီး စဉ်းစားရင် တိုင်းဒေသကြီးတစ်ခု၊ ပြည်နယ်တစ်ခုမှာ လူမျိုးစုတစ်ခုတည်းအတွက် ရည်ရွယ်ပြီး ဥပဒေပြဋ္ဌာန်းရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတဲ့အဖြေကို စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ကြတဲ့တိုင်းရင်းသား မဟုတ်တဲ့နိုင်ငံသားတွေ ရှိပါတယ်။ တိုင်းရင်းသားနဲ့ နိုင်ငံသား မူလအခွင့်အရေးတွေ မတူကြပေမယ့်မြန်မာပြည်မှာနေပြီး မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။
တပ်မတော်သားများအနေနဲ့ စစ်မှုထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် အကျိုးပြုလျက်ရှိပါတယ်။ တပ်မတော်ဟာ နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမှာဖြစ်ပါတယ်။ တိုင်းပြည်လုံခြုံအေးချမ်းမှု ရှိမှသာလျှင် တိုင်းရင်းသားပြည်သူအားလုံး၊ နိုင်ငံသားအားလုံး လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားများရဲ့ လုပ်အားစစ်စစ်နဲ့ ထွက်လာတဲ့ထုတ်ကုန်ပစ္စည်းများကို ရောင်းကုန်ပစ္စည်းအနေနဲ့ ဝင်ငွေတိုးတက်လာအောင်၊ ပြည်သူတို့ရဲ့ဝယ်လိုအား တိုးတက်လာပြီး လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်ဖို့ကလည်း ယနေ့ ပကတိလိုအပ်ချက် ဖြစ်ပါတယ်။ ဒါတွေအတွက် တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း စစ်မှန်တဲ့ဆန္ဒနဲ့ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ တာဝန်တွေကို ပြည်သူလူထုနဲ့ နိုင်ငံ့အကျိုးစီးပွားအပေါ် ရှေးရှုပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိနိုုင်ရန်အတွက်-
- NCA စာချုပ်ကို ကျွန်တော်တို့အားလုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ငြိမ်းချမ်းရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူခဲ့ကြတာကို ပြန်ပြောင်းသတိရပြီး ရှေ့ဆက်မယ့်ငြိမ်းချမ်းရေး ခရီးစဉ်အတွက် အားသစ်၊ အင်သစ်၊ အတွေးအမြင်သစ်တွေ မွေးပြီး လျှောက်လှမ်းသွားကြပါ။
- နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်ကြရာမှာ ဟိုးယခင်ကရှိခဲ့တဲ့ အတွေးအမြင်တွေကို ခေတ်စနစ်နဲ့ လျော်ညီတဲ့ အတွေးအမြင်တွေနဲ့ အစားထိုးပြီး ရှေ့ဆက်လျှောက်လှမ်းကြပါ။
- ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာမှာ ကျွန်တော်တို့ အားလုံးသည် မြန်မာဖြစ်သည်ဆိုတဲ့ ပြည်ထောင်စုစိတ် အရင်းခံပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ဆောင်ရွက်သွားကြရင် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ထိရောက်လျင်မြန်စွာ ဖော်ဆောင်သွားနိုင်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment