Sunday, May 3, 2015

ပက္ကြီအိုကို အမှတ်ဖြင့် နိုင်ကာ ပွဲတိုင်းနိုင်လက်ဝှေ့သမားစံချိန်ကို မေ၀ယ်သာ ဆက်လက်ထိန်းသိမ်း

"အမှတ်ပေးမှုအပေါ် အလွန်အံ့အားသင့်မိပြီး မိမိက မေ၀ယ်သာကို ပိုမိုထိုးနိုင်ခဲ့ဟု ပက်ကွီအိုပြော"

ရာစုနှစ်၏ အထင်ရှားဆုံးတိုက်ပွဲဆိုသော ခိုင်းနှိုင်းတင်စားမှုများနှင့်အတူ တစ်ကမ္ဘာလုံးမှ လက်ဝှေ့ဝါသနာအိုးများ စိတ်ဝင်စားစောင့်မျှော်ခဲ့သည့် စိန်ခေါ်ပွဲတွင် ဖလွိုက်ဒ်မေ၀ယ်သာက မန်နီပက်ကွီအိုကို အမှတ်ဖြင့် အနိုင်ရသွားခဲ့သည်။အမေရိကန်သား မေ၀ယ်သာအနေဖြင့် ၎င်း၏ မူပိုင်ဟန်အတိုင်း တိကျသော လက်သီးထိချက်များကို အားပြုပြီး အမှတ်ယူနိုင်အောင် ဦးတည်ယှဉ်ပြိုင်သွားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသား ပက်ကွီအိုမှာမူ အားပါသော လက်သီးချက်အချို့နှင့် မေ၀ယ်သာကို ထိုးနှက်နိုင်ခဲ့သော်လည်း မေ၀ယ်သာ၏ ပါးနက်သော ရှောင်တိမ်းပုံကြောင့် ၎င်း၏ အားသာချက်ဖြစ်သော တိုက်စစ်အားပြုထိုးကွက်ကို စိတ်ကြိုက်အသုံးမပြုနိုင်ခဲ့ချေ။

၁၂ ချီအထိ ထိုးသတ်ခဲ့ပြီးနောက် ဒိုင်လူကြီး သုံးဦးလုံးက မေ၀ယ်သာကို အမှတ်အသာပေး၍ အနိုင်ပေးခဲ့သည်။ ဒိုင်လူကြီးများဖြစ်ကြသော ဒေးဗစ်မိုရက်တီ၊ ဘာ့တ်ကာလီမန့်နှင့် ဂလန်းဖဲလ်မန်းတို့က မေ၀ယ်သာကို ၁၁၈-၁၁၀၊ ၁၁၆-၁၁၂၊ ၁၁၆-၁၁၂ မှတ်စီဖြင့် အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာစံတော်ချိန် နံနက် (၁၀း၃၀) နာရီဝန်းကျင်တွင် စတင်ထိုးသတ်သည့် စိန်ခေါ်ပွဲ၌ ပက်ကွီအိုသည် ၁၂ ချီစလုံး တိုက်စစ်ဆင်ရန် အားထုတ်ခဲ့သော်လည်း မေ၀ယ်သာက အမှတ်ရအောင် ယူရေးကိုသာ အဓိကအာရုံစိုက်သွားသည်။

ပထမဆုံး သုံးချီတွင် လက်ဝှေ့သမားနှစ်ဦး၊ တစ်ဦးအထာ တစ်ဦးအကဲစမ်းနေခဲ့ကြသည်။ ဒုတိယအချီမှိစတင်ပြီး ပက်ကွီအိုက မေ၀ယ်သာကို ကြိုးဝိုင်းထောင့်တွင် ပိတ်ဖမ်းပြီး ဖိထိုးနိုင်ရန် ကြိုးစားခဲ့သော်လည်း မေ၀ယ်သာက ပါးပါးနပ်နပ်ရှောင်တိမ်းနေခဲ့သည်။ တတိယအချီတွင် ပွဲက ပိုမြိုင်လာပြီး ပက်ကွီအိုအ၀င်တွင် မေ၀ယ်သာက ၎င်း၏ လက်တံရှည်လျားမှုကို အသုံးချပြီး ၀မ်းဗိုက်နှင့် မျက်နှာတို့ကို ထောက်လက်သီးများ ထိုးနိုင်ခဲ့သည်။ ပက်ကွီအိုကလည်း ၎င်း၏ အားသန်သော ဘယ်ဝိုက်လက်သီးဖြင့် ပြိုင်ဘက်ကို မိမိရရ တစ်ချက်ထိုးနိုင်ခဲ့သည်။

စတုတ္ထအချီတွင် ပက်ကွီအို သိသိသာသာအသာစီးယူခဲ့ပြီး မေ၀ယ်သာ တိုက်စစ်အကျွံကို စောင့်ကာ တန်ပြန်တိုက်စစ်ဘယ်ဖြောင့်လက်သီးတစ်လုံး ပစ်သွင်းခဲ့သည်။ ထိုလက်သီးချက်ကြောင့် မေ၀ယ်သာယိုင်သွားပြီး ကြိုးဝိုင်းထောင့်ကပ်သွားချိန်၌ ပက်ကွီအို၏ လက်သီးချက်အတော်များများ အထိုးခံလိုက်ရသည်။ ငါးချီမြောက်တွင် ပက်ကွီအိုဝင်လုံးရန် ကြိုးစားမှုများအား မေ၀ယ်သာက အကပ်မခံဘဲ ရှောင်ထွက်ပြီး ထောက်လက်သီး၊ တွဲလုံးလက်သီးများ ထိချက်မှန်မှန်တုံ့ပြန်ပြီး အမှတ်ယူခဲ့သည်။ ခြောက်ချီတွင် ခံစစ်နေရာယူပုံ အမှားကြောင့် မေ၀ယ်သာကြိုးဝိုင်းထောင့်၌ အပိတ်ခံရပြီး ပက်ကွီအို၏ လက်သီးချက်အချို့ ထိမှန်ခံခဲ့ရသည်။

သတ္တမအချီ နောက်ပိုင်းတွင် လက်ဝှေ့သမား နှစ်ဦးလုံး အတန်ငယ်မောဟိုက်စပြုလာသည်။ ခုနစ်ချီတွင် ပက်ကွီအို၏ ညာဖြောင့်လက်သီးတစ်ချက် မေ၀ယ်သာ၏ မျက်နှာတည့်တည့်ထိမှန်ခဲ့သော်လည်း ရှစ်ချီမြောက်တွင် ရမှတ်တိုးစေမည့် လက်သီးချက်အချို့ မေ၀ယ်သာက ထိုးနှက်နိုင်ခဲ့သည်။ ပက်ကွီအို၏ ဘယ်ဝိုက်လက်သီးနှင့် တွဲလုံးလက်သီးတစ်ချက်ကလည်း မေ၀ယ်သာ၏ မျက်နှာကို ထိခဲ့ပြန်သည်။ ပက်ကွီအိုက ထောင့်ကပ်ပြီး ပိတ်ထိုးရန် ကြိုးစားသော်လည်း မေ၀ယ်သာက ပါးပါးနပ်နပ် တိမ်းရှောင်ရင်း အားမပါလှသော်လည်း ထိချက်မှန်ပြီး အမှတ်ရမည့် ထောက်လက်သီးများဖြင့် တုံ့ပြန်သွားခဲ့သည်။ ကိုးချီမြောက်တွင် နှစ်ယောက်စလုံး အမှားစောင့်ပြီး သတိကြီးကြီးထိုးသတ်ခဲ့သဖြင့် ထိရောက်သော တိုက်စစ်ဆင်မှုမျိုး မရှိဘဲ အချိန်ကုန်ခဲ့သည်။

ဒဿမအချီတွင် ပက်ကွီအိုက တွဲလုံးလက်သီးချက်များဖြင့် ဆင့်ကဲတိုက်စစ်ဆင်ခဲ့သော်လည်း မေ၀ယ်သာ၏ တန်ပြန်တိုက်စစ်ညာဖြောင့်လက်သီးတစ်လုံး မျက်နှာတည့်တည့်ထိမှန်ခြင်း ခံလိုက်ရသည်။ ၁၁ ချီတွင် မေ၀ယ်သာက ရုတ်တရက် တိုက်စစ်ဗျူဟာ ပြောင်းလိုက်ပြီး ပက်ကွီအို၏ မျက်နှာနှင့် ၀မ်းဗိုက်တို့ကို တွဲလုံးလက်သီးချက်များ ထိုးနှက်နိုင်ခဲ့သည်။ ပက်ကွီအိုကလည်း ပိတ်ထိုးရန် ကြိုးပမ်းစဉ် မေ၀ယ်သာ ရှောင်ထွက်သွားချိန်၌ ဘယ်ဝိုက်လက်သီးတစ်ချက် မေ၀ယ်သာ၏ မျက်နှာကို ထိအောင်ထိုးခဲ့သည်။ သို့သော် ပက်ကွီအိုညာဖြောင့်လက်သီးချော်ထွက်သွားချိန်တွင် မေ၀ယ်သာ၏ ဘယ်ထောက်လက်သီးတစ်ချက်မျက်နှာကို ကျကျနနထိမှန်ခြင်း ခံလိုက်ရပြန်သည်။ နောက်ဆုံးအချီတွင် အမှတ်ရသလောက် ယူနိုင်အောင် နှစ်ဦးစလုံး ပိုမိုအားထုတ်လာပြီး မေ၀ယ်သာက ခံစစ်ကို လုံအောင် အဓိကဂရုစိုက်သွားသည်။ နောက်ဆုံးအချီတွင် ပက်ကွီအိုက အားကုန်သုံးပြီး လိုက်ထိုးသော်လည်း ကြိုးဝိုင်းထဲတွင် မေ၀ယ်သာက ပါးနပ်သပ်ရပ်စွာ ရှောင်တိမ်းသွားခဲ့သည်။

ပွဲအပြီးတွင်မူ အမှတ်ပေးဒိုင် သုံးဦးစလုံးက (၁၁၈-၁၁၀)၊ (၁၁၆-၁၁၂)၊ (၁၁၆-၁၁၂) ဖြင့် မေ၀ယ်သာကို အနိုင်ပေးခဲ့သည်။ ယခုပွဲတွင် မေ၀ယ်သာအနေဖြင့် ပက်ကွီအိုအား အသာစီးယူ ဖိထိုးနိုင်မှုမျိုးမရှိသလောက် နည်းခဲ့သော်လည်း ၎င်း၏ နည်းစနစ် ပိုင်နိုင်မှုနှင့် ရမှတ်များများရအောင် ထိထိမိမိထိုးသတ်နိုင်မှုများကြောင့် အနိုင်ရသွားခြင်း ဖြစ်သည်။ ယခုနိုင်ပွဲကြောင့် မေ၀ယ်သာသည် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား သက်တမ်းတစ်လျှောက် (၄၈)ပွဲ ထိုးသတ်ပြီး ပွဲစဉ်အားလုံးအနိုင်ရသည့် စံချိန်ကို ပိုင်ဆိုင်ခဲ့သည်။ ပက်ကွီအိုကမူ ၎င်း၏ ခြောက်ပွဲမြောက်အရှုံးနှင့် ကြုံခဲ့ရသည်။

လက်စ်ဗီးဂက်စ်ရှိ MGM Grand အားကစားရုံကြီးတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ၀ယ်သာဝိတ်တန်းပြိုင်ပွဲ၌ ပက်ကွီအိုသည် အကောင်းဆုံးထိုးသတ်နိုင်ခဲ့သော်လည်း ၎င်း၏ အရပ်အမောင်းအတန်ငယ်နိမ့်ပါးနေမှုကြောင့် ထိုးချက်အတော်များများ မေ၀ယ်သာထံ မရောက်ခဲ့ခြင်းက အဓိကအားနည်းချက်ဖြစ်ခဲ့သည်။ ရမှတ်အနေအထားအရ မေ၀ယ်သာသည် ပထမဆုံးအချီမှ နောက်ဆုံးအချီထိ ပက်ကွီအိုအပေါ် အသာစီးဖြင့် ထိုးသတ်သွားနိုင်ခဲ့သည်။

ပွဲအပြီးတွင် မေ၀ယ်သာက ‘‘ဒီပွဲမတိုင်ခင် (၄၇)ပွဲစလုံ နိုင်ခဲ့ခြင်းက အခုပွဲကို နိုင်စေဖို့ အဓိကအချက်တစ်ခုပါပဲ။ ကျွန်တော်က ပြိုင်ပွဲအားလုံးနိုင်ချင်တယ်။ ပက်ကွီအိုဟာ တကယ့်ကို မှန်ကန်ထိုက်တန်တဲ့ ချန်ပီယံတစ်ယောက်ပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံး အကောင်းဆုံးလက်စွမ်းမျိုးနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော်လည်း ဒီပွဲမှာ လက်သီးချက်တော်တော်များများ အထိုးခံရမယ်မှန်း သိပြီးသားပါ။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးထိုးသတ်နိုင်ခဲ့ပါတယ်’’ဟု ပြောကြားခဲ့သည်။

‘‘ပက်ကွီအိုက သူ ကျွန်တော့်ကို ဘာမှမလုပ်နိုင်ပါဘူး။ သူအမြဲတမ်းပြေးပဲပြေးနေတာ။ အမှတ်ပေးတာနဲ့ပတ်သက်ပြီး ကျွန်တော်အလွန်အံ့ဩမိပါတယ်။ သူကျွန်တော့်ကို ထိုးနိုင်တာထက် ကျွန်တော်သူ့ကိုထိုးနိုင်တာ ပိုများပါတယ်’’ဟု ပွဲအပြီးတွင် ပြောသည်။

ပက်ကွီအို၏ မှတ်ချက်အပေါ် ကမ္ဘာ့လက်ဝှေ့ပရိသတ်အများစုက သဘောတူဟန်ရှိပြီး ယခုပွဲစဉ်တွင် အမှန်တကယ်အနိုင်ရထိုက်သူသည် ပက်ကွီအိုသာ ဖြစ်မည်ဟု မှတ်ချက်ပေးခဲ့ကြသည်။ အမေရိကန်နိုင်ငံသား အများပြားအပါအဝှု ပွဲကြည့်ပရိသတ်များစွာက ယင်းပွဲနှင့်ပတ်သက်ပြီး Social Media များတွင် ၎င်းတို့၏အမြင်ကို မျှဝေခဲ့ကြရာ၌ ပက်ကွီအိုသည်သာ ချန်ပီယံဆုနှင့် ထိုက်တန်ပြီး ဒိုင်ဆုံးဖြတ်ချက်များအပေါ် စိတ်ပျက်ကြောင်း ရေးသားခဲ့ ကြသည်။

ဗြိတိန်မှ ပရိသတ်တစ်ဦးက မေဝယ်သာသည် ကြိုးဝိုင်းထဲတွင် ပတ်ပြေးရင်း အနိုင်ရသွားသဖြင့် လက်ဝှေ့ချန်ပီယံထက် မာရသွန်အပြေးချန်ပီယံဖြစ်သင့် ကြောင်း Twitter ပေါ်တွင် မှတ်ချက်ပြုရေးသားခဲ့သည်။ မေဝယ်သာအနေဖြင့် ခံစစ်ကိုအလွန်အကျွံအားပြုပြီး ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့သည်ထက် ပက်ကွီအိုကသာ ပရိသတ်များပေးသည့် ချန်ပီယံအဖြစ် အသိအမှတ်ပြုထိုက်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ 9gag က ချန်ပီယံဆုကို မေဝယ် သာရရှိခဲ့သော်လည်း ပရိသတ်၏ နှလုံးသားကို ပက်ကွီအိုက သိမ်းပိုက်သွားကြောင်း တင်စားရေးခဲ့သည်။

မေဝယ်သာရော၊ ပက်ကွီအိုနှင်ပါယှဉ်ပြိုင်ခဲ့ဖူးသည့် အော်စကာဒီလာဟိုယေးကလည်း ယခုပွဲတွင် ပက်ကွီအိုအနိုင်ရခဲ့သင့်သည်ဟုယူဆပြီး ‘‘လက်ဝှေ့ ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ’’ဟု Twitter တွင်ရေးသားခဲ့သည်။ ကနေဒါ အားကစားအစီအစဉ်မှူး ဒါရန်ဒတ်ချီရှန်က ကြိုးဝိုင်း ထဲတွင် ပတ်ရှောင်နေသည့် မေဝယ်သာ၏ ထိုးသတ်ပုံနှင့်ပတ်သက်ပြီး ‘‘သူ့ကိုထိအောင် လိုက်ထိုးရတာထက် ထီပေါက်တာကမှ ဖြစ်နိုင်ခြေရှိဦးမယ်’’ ဟု အငေါ်တူးခဲ့သည်။

မေဝယ်သာက ‘‘ဒီနိုင်ပွဲအတွက် ကျွန်တော်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေနဲ့ လာကြည့်ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူက တကယ်ကြောက်စရာကောင်း တဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ သူဟာ လက်ဝှေ့လောကကမှ ဘာကြောင့်အောင်မြင်တဲ့သူတွေထဲက တစ်ယောက်ဖြစ်နေလဲဆိုတာ အခု ကျွန်တော် သိပြီ’’ဟု ပြောကြားသည်။
ယခုပွဲအပြီးတွင် မေ၀ယ်သာက အောင်ပွဲခံခဲ့သော်လည်း ပရိသတ်အချို့က ၎င်းကို လှောင်ပြောင်ခဲ့သည်။ ပက်ကွီအိုက ပရိတ်သတ်များကို နှုတ်ဆက်သောအခါတွင်မူ လက်ခုပ်တီးချီးကျူးခဲ့သည်။ ကမ္ဘာပေါ်တွင် ၀င်ငွေအကောင်းဆုံးလက်ဝှေ့ပွဲဖြစ်လာမည်ဟု ကြိုတင်ခန့်မှန်းထားသော ပွဲစဉ်မှ ဒေါ်လာသန်းပေါင်း ၃၀၀ မျှထိ ရရှိဖွယ်ရှိနေပြီး ယင်း၏ ၆၀ ရာခိုင်နှုန်းကို မေ၀ယ်သာ၊ ၄၀ ရာခိုင်နှုန်းကို ပက်ကွီအိုတို့က အသီးသီးခွဲဝေယူကြမည် ဖြစ်သည်။

ဓာတ်ပုံ- DailyMail
7Day Daily

0 comments:

Post a Comment