Wednesday, September 23, 2015

၂၀၁၅ ရွေးကောက်ပွဲနှင့် ခရိုနီလေးမျိုး မီဒီယာ နှစ်မျိုး - မာဂျေ


ရွေးကောက်ပွဲကြီး နီးလို့လာပါပြီ။ ပါတီအသီးသီးကလည်း မဲတွေ ဆွယ်နေကြပါပြီ။ မဲဆွယ်ဖို့နဲ့ အမတ်လောင်းတွေကို ထောက်ပံ့ဖို့လည်း ငွေလိုလာပါပြီ။ ဒီတော့ ဘယ်အချိန်နှိုက်နှိုက် ငွေထွက်တဲ့ ခရိုနီ သူဌေးကြီးတွေဆီ အပူကပ်တဲ့သူက ကပ်၊ သူဌေးမင်းများက အလိုက်တသိ ငွေထုတ်ပေးတာကို ယူတဲ့သူက ယူနဲ့ ရွေးကောက်ပွဲ ယိမ်းကြီးက မြိုင်မြိုင်ကြီး ထွက်လာပါပြီ။ တစ်အိမ်ထဲ တစ်မိသားစု ထဲမှာတင် ဟိုပါတီကို မဲပေးမယ်။ ဒီပါတီကို မဲပေးမယ်နဲ့ ငြင်းကြခုံကြ။ ရွာဦးဆရာတော်က ဟိုပါတီကို မဲပေးစေချင်၊ ကျောင်းဒကာက အဲဒီ့ ပါတီကို မကြိုက်နဲ့ နောက်ဆုံး ဆရာတော်ကို ကျောင်းပေါ်က နှင်ချတာတွေအထိ အရင် ပါလီမန် ဒီမိုကရေစီခေတ်မှာ ကြုံခဲ့ဖူးပါပြီ။ ရွေးကောက်ပွဲ နီးလာချိန်မှာ ဟိုနားမှာ လေးလောင်းပြိုင် လူသတ်မှုတွေ၊ ဒီနားမှာ နှစ်လောင်းပြိုင် လူသတ်မှုတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေသိ အဲဒီအချိန်က ခရိုနီခေါ် သူဌေးကြီးတွေရဲ့ အခန်းကဏ္ဍကို စာတွေပေတွေထဲမှာ သိပ်မတွေ့ခဲ့ရဘူး။ အခုခေတ်ကတော့ အရင်ခေတ်လို မဟုတ်တော့ဘူး။ ကုန်ကျစရိတ်တွေကများ၊ နည်းပညာတွေက ဆန်းပြားလာလေတော့ ဘာလုပ်လုပ် ငွေခင်း လုပ်ရတာပေကိုး။ ဒီတော့ အခုလာမယ့် ရွေးကောက်ပွဲမှာ ခရိုနီတွေကို အမျိုးအစား ခွဲကြည့်လိုက်တော့ ဟောဒီလို ငါးမျိုး တွေ့ရပါသဗျာ။နံပါတ်တစ် ခရိုနီ အမျိုးအစားကတော့ ဘယ်သူတက်တက်၊ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ်၊ ငါတို့ အတွက် ပိုပြီးထူးလာစရာ မရှိပါဘူး။ ဒီတော့ ဒီရွေးကောက်ပွဲအတွက် ဘယ်ပါတီကိုမှလည်း ငွေကြေး မထောက်ပံ့တော့ပါဘူး။ ခပ်အေးအေးပဲ ယမကာလေး မှီဝဲလိုက်၊ ပျော်သလိုနေလိုက်နဲ့ ရွေးကောက်ပွဲ အတွက် ငွေတစ်ပြား တစ်ချပ်မှ အကုန်မခံတဲ့ ခရိုနီက တစ်စားဗျ။

နံပါတ်နှစ် ခရိုနီကတော့ အရင်စစ်အစိုးရ စကားနဲ့ပြောရရင် သာကူးတွေပေါ့။ အဲဒီခေတ်က ဒီမိုကရေစီ ဘက်တော်သားတွေ စကားနဲ့ ပြောရရင် မှန်ပြောင်းလို့ခေါ်တဲ့ မှန်တဲ့ဘက်ကို ပြောင်းတဲ့သူတွေပေါ့။ အရင်စစ်အစိုးရ လက်ထက်ကလည်း အခွင့်အာဏာတွေ ခွတုတ်ပြီး နိုင်ငံတော် သူဌေးကြီးတွေ ဖြစ်ခဲ့ရာက အခုကတော့ အတိုက်အခံ ပါတီတွေဘက်ကို ပုံအောပြီး သူတို့ဘ၀ကို လောင်းကြေး ထပ်ထားကြတဲ့ ခရိုနီတွေကတစ်မျိုး။

နံပါတ်သုံး ခရိုနီကတော့ အရင်အစိုးရ လက်ထက်မှာ ချမ်းသာလာလို့ အရင်အစိုးရ ထောင်ထားတဲ့ အာဏာရပါတီကိုပဲ ဖက်တွယ်တော့မယ်။ အသက်ကြီးမှ သခင်အသစ်လည်း မရှာချင်တော့ပါဘူး။ ခေါင်းရှုပ်လည်း မခံချင်တော့ပါဘူးလို့ ပြောတဲ့ စိတ်နှလုံးဒုံးဒုံးချ ရှေးရိုးစွဲ ခရိုနီတွေက တစ်မျိုး။

နံပါတ်လေး ခရိုနီကတော့ လူလည်အကျဆုံး ညဏ်အကောင်းဆုံးလို့ ဆိုရမယ်။ အရင် အစိုးရခေတ်မှာ အဲဒီအချိန်က နိုင်ငံတော် ၀န်ကြီးချုပ်တို့၊ အတွင်းရေးမှူး တစ်၊ နှစ်၊ သုံးတို့နဲ့ ပေါင်းပြီး ချမ်းသာလာခဲ့ပေမယ့် အဲဒါဟာ ငါတို့ အတိတ်ကံကြောင့် ချမ်းသာလာတာ။ ခေတ်က ပြောင်းချင်သလိုလို ဖြစ်နေပြီ။ ဒါပေသိ မြန်မာ့နိုင်ငံရေး ဆိုတာက မှန်းတဲ့အတိုင်း ဘယ်တော့မှ ဖြစ်လာလေ့မရှိဘူး။ ဒီတော့ အာဏာရ ပါတီကိုရော၊ အတိုက်အခံကိုရော မျှပြီး ငွေကြေးထောက်ပံ့မှပဲ။ ဒါမှ ဘယ်ပါတီ တက်တက်၊ ပါတီတွေပေါင်းပြီး ညွန့်ပေါင်းအစိုးရပဲ ဖွဲ့ဖွဲ့ အခြေအနေ မပျက်ဘူးလို့ တွေးတဲ့ နှစ်ဘက်ချွန် ခရိုနီတွေက တစ်မျိုး။

ခရိုနီတွေနဲ့ တစ်ဆက်တည်း ပြောရရင် မီဒီယာတွေပေါ့။ တချို့ မီဒီယာတွေက နိုင်မယ်ထင်တဲ့ ဖက်ကို တစ်ဖက်စောင်းနင်းတွေ ရေးပေးပြီး မီဒီယာကျင့်ဝတ်တွေ ပြောင်ပြောင်ကြီး ချိုးဖောက်နေကြတယ်။ တချို့ကလည်း ပြည်သူတွေ ကြိုက်မယ်ထင်တဲ့ ပါတီဘက်က လိုက်ရေးရင် ကျနေတဲ့ ဂျာနယ် စောင်ရေများ ပြန်တက်မလားဆိုပြီး တစ်ဖက်စောင်းနင်းတွေ လော်ဘီ လုပ်ပေးနေလိုက်ကြတာ။ စစ်အစိုးရ သက်တမ်းတစ်လျှောက် ပေါင်းစားခဲ့တဲ့ မီဒီယာတစ်ခုရဲ့ ပိုင်ရှင်ဆိုရင် ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အတည်ဖြစ်ပြီးတဲ့ နောက်မှာ “ကျုပ်က ဗိုလ်ချုပ်ကလေး နေ၀င်းနဲ့လည်း ခင်တယ်။ ဗိုလ်မှူးကြီး စိုးရှိန်နဲ့လည်း ပိုင်တယ်။ ဒီဖွဲ့စည်းပုံအရတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ သမ္မတဖြစ်မှာမို့ ကျုပ်မီဒီယာကတော့ ပန်းပန်လျက်ဖြစ်မှာပဲ”လို့ ပြောခဲ့ပေမယ့် အခု ရွေးကောက်ပွဲ နီးလာတော့ အတိုက်အခံ ပါတီကောင်းကြောင်း၊ အစိုးရ မကောင်းကြောင်း၊ အာဏာရပါတီ မကောင်းကြောင်းတွေ ရေးနေလိုက်တာ။ ငါးနှစ်အတွင်း အရှက်မရှိ သရက်စေ့ဇာတ်ကို ပြောင်ပြောင်ကြီး ခင်းနေတော့တာပဲ။ အဲဒီအချိန်က သူပြောခဲ့တဲ့ ဗိုလ်ချုပ်ကလေး နေ၀င်းတို့၊ ဗိုလ်မှူးကြီး စိုးရှိန်တို့ဆိုတာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ဝဲရံ၊ လက်ယာရံတွေပေါ့ဗျာ။ ဒါတောင် စစ်ထောက်လှမ်းရေး ခေတ်က ကုန်သွားလို့။ မကုန်သေးရင် ထောက်လှမ်းရေး ဒုညွှန်ချုပ်ကို အိတ်ထဲ ထည့်ထားတယ်လို့ ကြွားလုံးထုတ်ဦးမှာ။ ဒီမီဒီယာသမားကပဲ ဒီမိုကရေစီ ခေတ်ဦးမှာ ပြန်ကြားရေး ၀န်ကြီးဆီကို စာတင်ပါသတဲ့။ သူနဲ့ နောက်နှစ်ယောက်ကိုပဲ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပေးပါ။ သူတို့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို တိတိကျကျ လိုက်နာမယ့် သူတွေပါ။ ကျန်တဲ့ သူတွေကတော့ မရင့်ကျက်သေးလို့ သတင်းစာ ချမပေးပါနဲ့ဆိုပြီး ဇာတ်က ဘယ်နေ့ ကမှန်း မသိသေးဘူး။ ဖျာကြိုခင်းပြီး သူများထက် အသာစီး နေရာယူထားချင်တဲ့ မီဒီယာတွေလည်း ရှိသေးတယ်။

ဒါပေသိ အရင် အစိုးရက ညံ့လေတော့ အဲဒီလူတွေကို အဟုတ်ထင်ခဲ့တာပဲ။ ဒါကြောင့် အရင်အစိုးရနဲ့ ဒီအစိုးရ လက်ထက်မှာ မွေးပေးခဲ့တဲ့ ခရိုနီတွေက ပြောင်ပြောင်တင်းတင်း ဘက်ပြောင်းကုန်တာ။ ကျွန်တော်တို့ကို ယုံပါဆိုတဲ့ မီဒီယာက အစိုးရကို ဆဲပြနေတာတွေ ခံနေရတာပေါ့ဗျာ။ လောကနီတိအရ ပြောရရင် အဆွေခင်ပွန်းကောင်း ဟုတ်၊ မဟုတ်ကို အရေးကြုံရင် သိတယ်တဲ့။ အခုတော့ အရင်အစိုးရ လူကြီးမင်းများနဲ့ ဒီအစိုးရ၀န်ကြီး၊ ၀န်ကလေးများက မင်းသားခေါင်း စွပ်ထားတဲ့ ခရိုနီတွေအကြောင်း သိလောက်ပါပြီ။ ဒါပေသိ နောင်တဆိုတာ နောင်မှရဆိုသလို ခုမှတော့ ဘာမှ မတတ်နိုင်တော့ဘူးလေ။ ဟိုလူတွေက ပြည်သူနဲ့ ကိုင်ပေါက်လိုက်၊ တိုင်းပြည် တိုးတက်စေချင်လွန်းလို့ ဆိုတာနဲ့ ကိုင်ပေါက်လိုက် လုပ်နေတော့ လှိမ့်သာခံကြပေတော့။ ဒါက ခင်ဗျားတို့ ယုံကြည်ရပါတယ်၊ စိတ်ချရအောင်ဆိုတဲ့ သူတွေက သူတို့စရိုက်အမှန်ကို ပြလိုက်တာပဲ။ ခင်ဗျားတို့ကလည်း အာဏာ ကြိုက်မှ ကြိုက်။ အမြောက်ကြိုက်မှ ကြိုက်ကိုး။ အဲ့ဒီလို လူတွေကိုပဲ ရွေးယုံမှတော့ ဒီတိုင်းပြည် ဘယ်လိုတိုးတတ်မလဲ။ ဒီတော့ နောက်ဘဝ ဆီပူအိုးထဲမှာ အတူပြန်တွေ့လည်း ဒီဆောင်းပါးလေးကို စားမြုံ့ပြန်လို့ ရတာပေါ့ဗျာ။


မာဂျေ
Tomorrow

0 comments:

Post a Comment