ထိုင်းနိုင်ငံမှာ နိုင်ငံအခြေအနေဟာ ခန့်မှန်းရခက်ခဲပြီး တခါတရံ ဆူပူမှုတွေ ဖြစ်ပွားလေ့ရှိကြောင်း၊ ဗြိတိန် နိုင်ငံသားတွေအပါအဝင် အနောက်နိုင်ငံသား ခရီးသွားတွေကို ထိုင်းတောင်ပိုင်း ကျွန်းစုတွေဖြစ်တဲ့
ခိုဆမွေ၊ ခိုဖငံ၊ ခိုထောင်ကျွန်းစုတွေမှာ အကြောင်းမရှိဘဲ ရန်လိုရက်စက်တတ်တဲ့ ဒုစရိုက်သမားတွေနဲ့ ဒုစရိုက်ဂိုဏ်းတွေက မကြာခဏ တိုက်ခိုင်တာတွေရှိနေတဲ့အတွက် သတိထားကြဖို့ ဗြိတိန် အစိုးရက မနေ့က သတိပေးလိုက်ပါတယ်။
၂ဝ၁၃ ဇန်နဝါရီက ခိုဖငံကျွန်းစု ပါတီပွဲတစ်ခုမှာ ဗြိတိန်နိုင်ငံသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း ခိုထောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံခဲ့ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဓားပြမှုတွေဟာ ဒီကျွန်းစုတွေမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လေ့ရှိပြီး အထူးသဖြင့် မိုးရာသီ ညနက် ပါတီပွဲတွေမှာ ဖြစ်လေ့ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ခရီးသွားသတိပေးကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ခရီးသွားတွေအနေနဲ့ ဟိုတယ်ခန်းတွေမှာ ဓားပြတိုက်တာကြုံရသလို ဒီကျွန်းတွေက အရက်သေစာတွေဟာလည်း တခြားမူးယစ်ဆေးဝါးတွေနဲ့ ရောနှောထားတတ်ကြောင်း၊ ညကလပ်နဲ့ အရက်ဆိုင်တွေမှာ လူစိမ်းတွေက တိုက်တဲ့ အရက်ဘီယာတွေကို သတိထားဖို့၊ အထူးသဖြင့် ခိုဆမွေ၊ ပတ္တရားနဲ့ ခိုဖငံမြို့တွေမှာ အတူချိန်းတွေ့ရာက ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေ အများအပြားရှိကြောင်းလည်း သတိပေးထားပါတယ်။
ဗြိတိန်အစိုးရသတိပေးချက်မှာ ထိုင်းမြန်မာနယ်စပ်တွေမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ ၂ နိုင်ငံနယ်ခြားမှာရှိတဲ့ ဒုစရိုက်ဂိုဏ်းတွေနဲ့ မူးယစ်မှောင်ခိုတွေ ကျင်လည်ရာအရပ်ဖြစ်ပြီး မကြာခဏ ပစ်ခတ်မှုတွေလည်းရှိတဲ့ အတွက် ဗြိတိန်နိုင်ငံသားတွေအနေနဲ့ သတိထားသွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။
RFA Burmese
0 comments:
Post a Comment