ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေး မြို့နယ်ရှိ ကဒုံကနိကျေးရွာ အုပ်စုတွင် အောက်တိုဘာလ ၉ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့သဖြင့် အိမ် ၁၂ လုံး ပျက်စီးပြီး ဒီရေ မြင့်တက်လာခြင်းကြောင့်
အိမ်ခြေ ၃၅ လုံးမှ ဒေသခံ ၁၆၀ ကျော်တို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ကဒုံကနိ ကျေးရွာအုပ်စု ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။
ကဒုံကနိကျေးရွာ၊ ဓနိချောင်းကျေးရွာနှင့် မရမ်းချောင်း ကျေးရွာတို့ရှိ အိမ် ၃၅ လုံးမှာ ဒီရေမြင့်တက်မှုကြောင့် အန္တရာယ်ကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး လေပြင်းတိုက်ခတ်မှုကြောင့် သောင်တာကျေးရွာနှင့် ကျွဲဖြူကျေးရွာတို့မှ အိမ် ၁၂ လုံး ပြိုကျခဲ့သည်ဟု ၎င်းတို့ကဆိုသည်။
“သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ အောက်တိုဘာ ၇ ရက်လောက်ကတည်းက ကြမ်းပြင်ကို ရေလာထိတာ။ ရေဒီယိုကလည်း မုန်တိုင်းသတင်း ကြေညာနေတော့ ရွာမှာ မနေရဲတဲ့အတွက် ဆွေမျိုးတွေအိမ်မှာ ပြောင်းနေတာ” ဟု ကဒုံကနိ ကျေးရွာတွင် နေထိုင်သည့် ဒေါ်သန်းမြင့်က ပြောကြားသည်။
လေပြင်းတိုက်ခတ်ခံရ၍ အိမ်ပြိုခဲ့သည့် မိသားစုများမှာ ဆွေမျိုးများထံတွင် လည်းကောင်း၊ ဘုန်းကြီးကျောင်းများတွင် လည်းကောင်း နေထိုင်ကြကြောင်း၊ ဒီရေတက်ခြင်းကြောင့် တစ်အိမ်လုံး မြုပ်သွားခြင်းမျိုး မဟုတ်ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း ကဒုံကနိကျေးရွာ ရဲစခန်းမှူး ရဲအုပ်အေးမင်းက ပြောကြားသည်။
ဘိုကလေးမြို့နယ်သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က လူငါးသောင်းကျော် သေဆုံးခဲ့ပြီး ရွာလုံးကျွတ် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ခြောက်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း ဒေသခံများမှာ မုန်တိုင်းနှင့် ဒီရေကို ယနေ့တိုင် ကြောက်ရွံ့နေဆဲဟု ဘိုကလေးမြို့ ဒေသခံ ဦးအောင်မိုးဝင်းက မှတ်ချက်ပြုသည်။
The Voice Weekly
0 comments:
Post a Comment