Wednesday, May 13, 2015

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲအတွက် အလှူငွေ သိန်း ၅၄၀ ရရှိ

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို မေ ၁၃ ရက် က ရန်ကုန်မြို့ ၊ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အလှူငွေ စုစုပေါင်း ငွေကျပ် သိန်း ၅၄၀ ထိ ရရှိခဲ့သည်။


အလှူရှင်များ၏ လှူဒါန်းငွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် လက်ခံရယူနေစဉ်။ (ဓာတ်ပုံ- ရွှေဘုတ်)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကိုနှစ်စဉ် ကျင်းပပြုလုပ်နေသော်လည်း ယခင်နှစ်များတွင် ပြိုင်ပွဲ၏ စပွန်ဆာနာမည် များဖြင့် သာ ပြိုင်ပွဲခေါင်းစဉ်တပ်လေ့ရှိပြီး ၂၀၁၅ ခုနှစ်တွင် ယခင်နာမည်ကျော် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအမည်ဖြင့် ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်သည်။၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲအတွက် အဓိက စပွန်ဆာမရရှိသေး သောကြောင့် အလှူရှင်များမှ ယခုကဲ့သို့ လှူဒါးခြင်းဖြစ် သည်။

ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများမှ အလှူငွေကျပ် သိန်း ၁၀၀၊ Max Energy မှ အလှူငွေကျပ် သိန်း ၁၀၀၊ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းမှ အလှူငွေကျပ် သိန်း ၁၀၀၊ ကမ္ဘောဇဘဏ်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၁၀၀၊ ဂန်ဂိုအင်ဂျင်နီယာ ကုမ္ပဏီ မှအလှူငွေကျပ် သိန်း ၁၀၀၊ Fresh Air Corn မှ အလှူငွေကျပ် သိန်း ၁၀၀၊ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးမှ ငွေကျပ် ၁၀ သိန်း နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးတို့မှ ငွေကျပ် သိန်း ၃၀ တို့ကို အသီးသီး လှူဒါန်းခဲ့သည်။

လှူဒါန်းခဲ့ကြသော အလှူရှင် များအသီးသီးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ခဲ့သည်။

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်း ၁၂ သင်းနှင့် လိဂ်မှ ကလပ်အသင်း ၁၀ သင်းတို့ ပါဝင်ကစားခဲ့ကြပြီး လက်ရှိအချိန်တွင် ၁၆ သင်းအဆင့် ရှုံးထွက် သို့ရောက်ရှိနေပြီဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင်ဗိုလ်စွဲသည့် အသင်းမှာ အာရှဘောလုံးအဖွဲ့ချုပ်မှ ပြုလုပ်သည့် AFC Cup ပြိုင်ပွဲသို့ ၀င်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ MFF Ooredoo Cup ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဧရာဝတီ ယူနိုက်တက်အသင်းမှ ဗိုလ်စွဲခဲ့သဖြင့် ယခုနှစ်တွင် လက်ရှိချန်ပီယံအဖြစ် ပြိုင်ပွဲဝင် ရမည်ဖြစ်သည်။

Mizzima

0 comments:

Post a Comment