Tuesday, July 21, 2015

ဘယ်အခါမှ ရိုးမသွားသော ဦးရွှေရိုးအက


မြန်မာတို့၏ အလှူပွဲ၊ ရှင်ပြုပွဲ၊ ဘုရားပွဲ၊ လူထုအခန်းအနားပွဲများ၌ အများဆုံးတွေရပြီး ပြည်သူနှင့် အများဆုံးထိတွေလာခဲ့သော အက တမျိုးမှာ 'ဦးရွှေရိုးအက' ဖြစ်သည်။ ဦးရွှေရိုးအကကို စင်မြင့်ထက်တွင်အမြင်ရနည်းသော်လည်း ပရိတ်သတ်အကြား၊ ပြည်သူများအကြား ၌ လမ်းလျှောက်မင်းသားအဖြစ် ကပြဖျော်ဖြေသည်ကို အများဆုံးတွေရသည်။ အကဟူသည် လူအများအားပျော်စေတဲ့သဘောသက် ရောက်သော အနုပညာတမျိုးဖြစ်သည်နှင့်အညီ ဦးရွှေရိုးအကသည်လည်း လူကြီး၊လူငယ်၊ကျားမ မရွေး ပွဲကြည့်ပရိတ်သတ်အားသဘော တွေ့ မနောခွေ့အောင် ဖျော်ဖြေတင်ဆက်သည့်အက ဖြစ်၏။
ဦးရွှေရိုးအကသည် သင်ယူတတ်မြောက်သည့် အကမျိုးမဟုတ်။ သင်ယူစရာလည်း မလို။ အရွယ်ရောက်သော အမျိုးသားတိုင် က နိုင် သည်။ ကကြိုး ကကွက်မရှိ။ က ရန်အတွက် သတ်မှတ်ထားသော တေးသီချင်းလည်းမရှိ။ ဘယ်ညာယိမ်းထိုးကာ လက်မြှေက်၊ခြေမြှောက် လျှက် မင်းသားများ က သည့်စတိုင်အတိုင်း ကသည်။ တခုတော့ရှိသည်။ ဦးရွှေရိုးအက ဟူသည် မျက်နှာပြောင်ရဲရသည်။ မျက်နှာရူး ရဲရ သည်။ လမ်းနဘေးပွဲကြည့် ပရိတ်သတ်အား မျက်လုံး ပြူးပြ၊ လျှာထုတ်ပြ၊ မျက်စပစ်ပြ၊ ပြောင်ချော်ချော် လုပ်ပြရင်း ကကြသည်။ အထူး သဖြင့် မိန်းမပျိုလေးများအား နောက်ပိုး ပိုးသည့်မျက်နှာပေးဖြင့် ကသည်။

ဦရွှေရိုးအကကို ဖန်တီးလှုံ့ဆော်ပေးသည့် တူရိယာပစ္စည်း များများစားစားမလို။ အိုးစည် သို့မဟုတ် ဒိုးပတ်၊ နှဲ သို့မဟုတ် ပုလွေဆရာ တီး မှုတ်ပေးသော တေးသွားအတိုင်း ကကြသည်။ ရယ်စရာပျက်လုံးများပါသော သံချပ်များထိုး၍ ကကြသည်လည်း ရှိ၏။ ထို့ကြောင့် အလှူ မင်္ဂလာပွဲ၊ ရှင်ပြုပွဲ၊ ဘုရားပွဲ၊ လူထုအခန်းအနားပွဲများတွင် အလွယ်တကူ အသုံးတော်ခံနိုင်သည့် ဦးရွှေရိုး အကဖြင့် ပါဝင်ဆင်နွှဲကြသည်။ ဤသို့ ကသူမှ ပွဲကြည့်ပရိတ်သတ်အား မျက်နှာပြောင်ချော်ချော်လုပ်ပြီး ကသဖြင့် ထိုအကကိုကြီးငယ်မဟူ သူသူငါငါ သဘောကျလက်ခံ ကြသည်။ တနည်းဆိုရသော် ဦးရွှေရိုးအကသည် အပျော်အပျက်ဖြင့် ဖျော်ဖြေခြင်းဖြစ်၍ ပရိတ်သတ်က သူသွားလေရာသို့ နောက်က တကောက်ကောက် လိုက်ကြည့်ကြသည်။ ဦးရွှေရိုးအကသည် စိတ်ဝင်စားဖို့ကောင်းလှသည်။ `ဦးရွှေရိုး´ ဟူသောအမည်ကပင် စိတ်ဝင် စားစရာဖြစ်နေသည်။ မြန်မာစကား၌ `ရိုး´ဟူသည် တည်ကြည်ဖြောင့်မတ်သော အဓိပ္ပယ်ရှိသည်။ သို့ပေမယ့် ဦရွှေရိုးအကမူက-မရိုး မသား၊ ပြောင်ပြောင်ပျက်ပျက် လုပ်သည်။ အဘိုးအိုသဏ္ဌာန် သရုပ်ဆောင်ထားပေမယ့် မိန်းမပျိုလေးများကို မျက်စပစ်၊ မေးထိုးဖြင့် မရိုးမသားလုပ်သည်။ တချို့များ မျက်လုံးကျွတ်ကျမတတ် ခေါ်တောကြည့် ကြည်၍ကသည်။ ရိုးသည်ဟုဆိုပါလျှက် မရိုးမသား လုပ်ပြ သည်။ ဒါကြောင့်ဆန်းတော့၏။ ပွဲတိုင်းလိုလို မြင်တွေ့နေရသော်လည်း ရိုးသည်ဟူ၍မရှိ။ ကြိုက်နေကြ၏။

ဦးရွှေရိုး မင်းသားအသွင် ၀တ်စားဆင်ယင်ပုံကတော့ ရိုးသည်။ အ၀တ်အစားမှာ ပုံသေဖြစ်သည်။ ကသူသည် ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ ဦးရွှေရိုးအက ကတော့မည်ဆိုလျှင် ခေါင်းပေါင်းက အဘိုးကြီးခေါင်းပေါင်း ပေါင်းကြသည်။ တိုက်ပုံအင်္ကျီိအနက် သို့မဟုတ် အညို ကို ၀တ်ဆင်သည်။ တိုက်ပုံအင်္ကျီအတွင်း၌ ရှပ်အင်္ကျီဝတ်သည်ကို မတွေ့ရ။ စွတ်ကျယ် လက်ရှည်ကိုသာ ၀တ်ကြသည်။ တောင်ရှည်ပုဆိုး ကိုသာ ဆင်မြန်းသည်။ အဆင်မှာ ကွက်ကြဲကြီးဖြစ်၍ အနီ သို့မဟုတ် အနက်ရောင်။ နှုတ်ခမ်းမွှေးကို ကော့နေအောင်ကော်ဖြင့် ကပ်ထား သည်။ အဘိုးအို၏ လက္ခဏာတခုဖြစ်သော မျက်မှန် (ပါဝါမပါ) လည်းပါသည်။ လက်တဖက်က ပုသိမ်ထီးကို ကိုင်ထားသည်။ မြန်မာ့ရိုးရာ ထီးဖြစ်သည်။ ရှူးဖိနပ်အဟောင်း စီးထားသည်။ ၀တ်စားဆင်ယင်ထားသည်ကိုမြင်ရခြင်းဖြင့် အဘိုးအိုအသွင်ဆောင်နေသည်။

စိတ်ပုတီးကိုပင် လည်ပင်၌ ဆွဲထားသူများလည်းရှိသည်။ ဤသို့ အဘိုးအိုအသွင်ဆောင်၍ ကနေသော်လည်း ဟန်အမူအရာက အဘိုးအို ၏ ဟန်ပန်အမူအရာနှင့် လုံးဝဆန့်ကျင်သည်။ လုံးဝ ရိုးသားသည့်ဟန် မပါပေ။ ဤအကကို `ဦးရွှေရိုးအက´ဟု အမည်ပေးထားသည်မှာ မဆန်းပါသလော။ အမည်မရိုးသလို အမြင်လည်းမရိုးသဖြင့် ကသူကလည်း အမြဲက ကြည့်သူကလည်း မလွတ်တမ်း အမြဲကြည့် နေကြ သည်။ ဦရွှေရိုးနှင့်တွဲကသည့် အမျိုးသမီး ကချေသည်ကိုလည်း ကြည့်ပါဦး။ သူမ၏ခေါင်ပေါင်းထက်တွင် ဘီးဆံထုံးကြီးက ပြောင်ချောပြီ ဟီးနေသည်။ ရှေးခေတ်က အမျိုးသမီးများ ဆံပင်အရှည်ထားကြသဖြင့် မိမိတို့ ကိုယ်ပိုင်ဆံပင်ဖြင့် ဘီးဆံထုံး ထုံးကြသည်။ ယခုခေတ် အမျိုးသမီးများ၏ဆံပင်များ တိုကုန်သဖြင့် ဆံပင်အလှပြင်ဆိုင်သွားပြီး ဘီင်္းဆံထုံးအတု ထုံးကြသည်။ အမျိုးသမီးကချေသည်၏ ဘီး ဆံထုံးပေါ်၌ ပန်းအဖြူတပွင့်တလေ ပန်ထားသည်။ ဘီးဆံထုံးရှေ့ခြမ်းအောက်ခြေ၌ လခြမ်းသဏ္ဌန်ဆင်စွယ်ဘီးအဖြူလေး စိုက်ထား သည်။ ထိုကချေသည်၏ ၀တ်စားဆင်ယင်ပုံမှာလည်း ဦးရွှေရိုးလိုပင် အလွန်ရိုးသည်။ ဖျဉ်အင်္ကျီလက်ရှည်ထူထူကို ၀တ်ကာ အထက်ဆင် ကြီးကြီးတပ်ထားသော ပြောင်ထမီကို ၀တ်လေ့ရှိသည်။ မျက်နှာပေါ်၌ ရှေးခေတ်က မျက်နှာချေ၊ ယခုခေတ်၌ မိတ်ကပ်၊ ပေါင်ဒါလိမ်းခြယ် ထားသည်။ ခြေညှပ်ဖိနပ်စီးထားသည်။ သူမသည် အသက်ကြီးသည့်အဘွားကြီးဟန် မဆောင်သဖြင့် နှုတ်ခမ်းနီမသိမသာဆိုးထားသည်။

ဦးရွှေရိုးနှင့် တွဲ၍ကသောအမျိုးသမီး ကချေသည်တိုင်း အမြဲဘီးဆံထုံး ထုံးကြသည်။ တပတ်လျှိုဆံထုံးနှင့် အခြားဆံထုံးမျိုး ထုံးလေ့မရှိ ကြ။ ထိုအမျိုသမီး၏ အသွင်သဏ္ဌန်မှာ အညာသူတဦ၏ ပုံပေါ်နေသည်။ သူမသည် ဒိုးပတ်ဝိုင်းမှထွက်လာသော တေးသွားအတိုင်း ဦးရွှေရိုးနှင့် အပြိုင်မနားတမ်းကရသည်။ သို့သော် ဦးရွှေရိုးကဲ့သို့ မျက်နှာပြောင်စပ်စပ်မလုပ်။ မျက်နှာအမြဲတမ်း ပြုံးလျှက် ဦးရွှေရိုးနှင့် ကိုယ်လုံးချင်းမထိအောင် ရှောင်ရှားပြီကရသည်။ ဦးရွှေရိုးကလည်း ပွဲကြည့်ပရိတ်သတ်အား ပြောင်ချော်ချော်မျက်နှာပေးဖြင့် က၍ ကျီစယ်သည်သာမဟုတ်၊ မိမိနှင့်တွဲကနေသော အမျိုးသမီးကိုပါ ရိသဲ့သဲ့အပြုအမူများဖြင့် ကသည်။ ဦးရွှေရိုးသည် မိမိတဦးကသည် လည်း ရှိသည်။ အမျိုးသမီကချေသည်နှင့် တွဲကသည်လည်း ရှိသည်။ များသောအားဖြင့် အမျိုးသမီးကချေသည်နှင့် တွဲကသည်က ပိုများ သည်။

ဤသို့ထူဆန်းသော မြန်မာ့ရိုးရာအကသည် ဘယ်ခေတ်ဘယ်အခါက စ၍ မျက်မှောက်ခေတ်ကာလတိုင်အောင် ပေါက်ပွားဆင်းသက် လာခဲ့သည်ကို မြန်မာပညာရှိများက ဝေဖန်သုံးသပ်ကြသည်။ ရိုးရာဟူသမျှတို့သည် တဦးတယောက်က တီထွင်ခဲ့ခြင်း မဟုတ်မူပဲ ဓလေ့ တခုကိုကာလအလျှောက် လက်ဆင့်ကမ်း၍ အစဉ်ရပ်တည်လာသည့်သဘောရှိသည်။ ဦးရွှေရိုးအကသည်လည်း အနုပညာရှင်တဦး တယောက်က တီထွင်ခဲခြင်း ဖြစ်ဖွယ်မရှိဘဲ ဓလေ့တခုခုက ဆင်းသက်ဖြစ်တည်လာခြင်း ဖြစ်သည်ဟုယူဆကြသည်။ မြန်မာမှုတွင် `ဒုံးတိုက်ဓလေ့´ဟူသည့်ဝေါဟာရ ပေါ်ထွန်းခဲ့သည်။ ဒုံးတိုက်ဓလေ့ဟူသည် ဒုံးများပစ်ဖောက်ကာ မီးရှူး။ မီးပန်းတို့ဖြင့် ဘုရားကို ပူဇော်ခြင်း၊ ဘုန်းကြီးပျံလောင်တိုက်ကို ပစ်ဖောက်မီးရှို့ခြင်းသည် ဒုံးတိုက်ခြင်းပင်ဖြစ်သည်။ ရှေးကသစ်တုံးကိုထွင်းကာ ယမ်းသွတ်ပြီး အမြှောက်လက်နက်ကဲ့သို့ မီးရှို့ပစ်ဖောက်သည်ကို ဒုံးတိုက်သည်ဟုခေါ်သည်။ ထိုဓလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့ဟန်တူကြောင်း ဆရာမင်းသုဝဏ်က ထင်မြင်ယူဆခဲ့သည်။ ကျေးလက်နေပြည်သူတို့သည် မိမိတို့ပြုလုပ်သည့် ဒုံးကြီးကို ဒုံးပစ်လွတ်မည့်မြေကွက်သို့ လှည်းဖြင့် သယ်ဆောင်လာကြသည်။ လူစုလူဝေးနှင့်လာသောအခါ မိမိတို့ဒုံး ကောင်းမွန်ကြောင်း သီချင်းဆို၊ သံချပ်ထိုး၍ ကခုန်လာကြ သည်။ သူတို့နှင့်အတူပါလာသော ဒုံးစီးရုပ်အဖြစ် ဖိုးသူတော်ရုပ်၊ ဇီးကွက်ရုပ်၊ တောက်တဲ့ရုပ် စသည်များ မည်မျှကောင်းမွန်၍ တဖက် သားကို ချိုးနှိမ်သည့်သဘောပါသော သီချင်းများသီကုံးကာ ကခုန်ကြသည်။ ကခုန်၍သီဆိုရသော သီချင်းကို ဒုံးချင်းဟုခေါ်သည်။ တွေရ သမျှ ဒုံးချင်းတိုင်း အပြောင်အပြက်လှောင်ပြောင် ကျီစယ်ထားသည်တို့က ပိုများသည်။ ကုန်းဘောင်ခေတ်စာဆို လူဦးမင်း စပ်ဆိုသည့် `အဘိုးကြီးအိုရုပ် ဒုံးချင်း´ပါ အဘိုးကြီးနှင့် ဦးရွှေရိုးတို့၏စရိုက်မှာ အလွန်နီးစပ်သည်ဟု အယူရှိသည်။ ထိုအဘိုးကြီးအို ဒုံးချင်းအကနှင့် ဦးရွှေရိုးအကတို့ အလွန်နီးစပ်စွာ တူနေကြောင်း အောက်ပါအချက်တို့က သက်သေခံသည်။

(၁) သက်ကြားအိုကြီးများက ပြောင်ပြောင်ပြက်ပြက်နှင့် မိန်းမပျိုလေးများအား ပြည်တည်တည် ပြောင်တောင်တောင်လုပ်ပုံ တူခြင်း။
(၂) ဒုံးချင်းတေးသွားနှင့် ဦးရွှေရိုးတို့ကရာ၌ သံချပ်ထိုးပုံတူခြင်း။
(၃) လျင်လျင်မြန်မြန်၊ သွက်သွက်လက်လက်၊ မြူးမြူးကြွကြွ ကပုံတူခြင်း။

ဤအချက်တို့ကြောင့် ယနေ့ခေတ်စားနေသော ဦးရွှေရိုးအကသည် အဘိုးအိုဒုံးချင်း အကမျိုးမှဆင်းသက်လာသည်ဟု ယူဆကြသည်။ ဦးရွှေရိုးအကကို ယနေ့ခေတ်မြန်မာ့ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်၌လည်း တခါတရံ မြင်တွေ့ရသည်။

စာရေးသူ ကြုံတွေ့ခဲ့ရသော ကျေးတောရွာမှ ဦင်္းရွှေရိုးအက

၁၉၄၄ ခုနှစ် ဂျပန်ခေတ်က ဖြစ်၏။ ခရစ်နှစ် ၁၉၄၄ ခု ဇူလိုင်လ၊ မြန်မာသကရာဇ် ၁၃၀၆ ခု၊ ၀ါဆိုလဆန်း ၇ ရက်နေ့တွင် ကျနော်သည် သထုံခရိုင်၊ ဘားအံအပိုင် ခရဲရွာ၌ ရှင်ပြုစဉ် ရှင်လောင်းလှည့်သောနေ့က ဖြစ်သည်။ ကျနော့်ဖခင်ကြီး၏ မွေးဖွားရာဇာတိ ခရဲရွာတွင် ရွာသူကြီးအပါအ၀င် အဘိုး၊ အဘွား၊ ဘကြီး၊ ဦးလေး၊ ကြီးတော်၊ အဒေါ်၊ တ၀မ်း ကွဲညီအကိုမောင်နှမများ သိုက်သိုက်ဝန်းဝန်းရှိသော ဆွေမျိုးများကြား၌ ရှင်လောင်လှည့်ရာတွင် ထိုရွာ၏ ဓလေ့ထုံးစံအရ ရှင်လောင်းသည် သန်မာထွားကြိုင်သော အမျိုးသားတယောက်၏ ဂုတ်ကိုခွစီးကာ ရွာရိုးတလျှောက်(ရွာရှိ လမ်းကြို၊ လမ်းကြားပါမကျန်) ဒိုးပတ်ဝိုင်းနှင့် ကွမ်းတောင်ကိုင် အမျိုးသမီးများခေါ်ဆောင်ရာသို့ လိုက်ပါသွားရသည်။ လူစီးပြီး ရှင်လောင်လှည့်သည်မှာ ထိုရွာ၏ ယဉ်ကျေးမှုဖြစ်သည်။ ဗြောတီးသံနှင့်အတူ ရှင်လောင်းကို ထမ်းသော အမျိုးသားက စီးချက်အလိုက်ကခုန်သွားရာ သူ့အပေါ်ခွစီးထားသော ကျနော့်မှာ လက်တဖက်ဖြင့် ပုသိမ်ထီးဆောင်းရင်း သူ့ကိုယ်ပေါ်မှ ပြုတ်မကျအောင် မိမိကိုယ်ကိုထိန်းလျှက် အလိုက်သင့် ပါသွားတော့သည်။ ကျနော်တို့ရှေက ကွမ်းတောင်ကိုင်အမျိုးသမီးများ၊ ရှေ့ဆုံးက ဒိုးပတ်ဝိုင်းနှင့် ကနေသော အဘိုးကြီးအသွင်ဆောင်ထားသည့် လူတယောက်ကို လှမ်းကြည့်မိသည်။ အဲသည်လူကလည်း ကျနော့်လိုပင်။ ပုသိမ်ထီးတလက် ကိုင်ထားပြီး ခေါင်းပေါင်းပန်းရောင်၊ တိုက်ပုံအနက်၊ တောင်ရှည်ပုဆိုးအကွက်ကြီးဖြင့် လမ်းလျှောက်ရင်း ကနေရာသို့ လူအုပ်ကြီးက သူ့နောက်မှမပြတ်လိုက်နေသည်ကို သတိထားမိသည်။

နံနက် ၁၀ နာရီ ရှင်ပြုသည့် အလှူအိမ်မှစထွက်ကြရာ မွန်းလွဲ ၃ နာရီလောက်မှ ပြန်ရောက်သည်။ နေ့ဝက်ကျော်ကျော် နေပူကြီးထဲ ရွာရိုး တလျှောက်လှည့်ခဲရသော ကျနော့်အဖို့ အတော်ပင်ပန်းနေပြီ။ ၀ါဆိုလဖြစ်ပေမယ့် မိုးမရွာပဲ တနေ့လုံးနေပူသဖြင့် တော်သေးရဲ့။ ရှင်လောင်း အိမ်ပြန်မရောက်ခင် ရှင်လောင်းကိုဝှက်ဖို့ လုပ်ကြပြန်သည်။ သည်မှာတင် ကျနော်သည်းမခံနိုင်တော့၍ ဒေါသပုန် ထလေ သည်။ သည်တော့မှ လူကြီးများကကျနော် ပင်ပန်းနေမှန်း သိသဖြင့် ရှင်လောင်းမဖွက်ရန် တားမြစ်ကြသည်။ ကိုယ်ရင်ဝတ်ပြီး၍ ခရဲရွာ၊ ရွာဦးဘုန်ကြီးကျောင်း၌ ရှင်ကေသရဘွဲဖြင့် ကိုရင်တ၀ါဝတ်ရသည်။ တန်ဆောင်မုန်း လပြည့်ကျော် တရက်နေ့ နံနက်ရောက်မှလူဝတ်လဲ ရသည်။ လူဝတ်မလဲမီ တရက်အလို၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က ကထိန်ခင်းသည့် အလူပွဲနှင့်ကြုံရပြန်သည်။ ကျနော် တည်း သင်္ကန်းရုံလျက် ကထိန်သင်္ကန်းလှည့်လာသော လူအုပ်ကိုကျောင်းအပေါ်ထပ် ပြတင်းပေါက်မှ ကြည့်နေရာ ၀ါဆိုဦးတုန်က ကျနော် ရှင်လောင်း လှည့်ရာ၌ ပါဝင်ကူညီခဲ့သည့်လူကို မြင်ရပြန်သည်။ အနီးကပ်ကြည့်မှ မျက်စပစ်၊ လျှာထုတ်ပြ၊ ပြောင်ချော်ချော် မျက်နှာပေး ဖြင့် ဒိုးပတ်ဝိုင်းနှင့် ကနေသောထိုသူသည် ကိုရင်ဝတ်ထားသော ကျနော့်ကိုပင် လျှာထုတ်ပြသွားသေးသည်။ အဲ ဟိုအချိန်က အသက် အလွန်ငယ်သေး၍ ဘာအကမှန်းမသိခဲ့ရ။ အထက်တန်း ကျောင်းတက်ရန် ရန်ကုန်ရောက်လာသည့်အခါမှပင် ဦးရွှေရိုးအကများနှင့် မကြာ ခဏ ဆုံဆည်းရာ ငယ်စဉ်က မိမိတွေ့မြင်ခဲ့ရသော ပြောင်ချော်ချော် နောက်တောက်တောက် အကသည် ဦးရွှေရိုးအကမှန်း သိရပါတော့ သည်။

တက္ကသိုလ် ခင်မောင်ဇော်
ချင်းတွင်း မဂ္ဂဇင်း အမှတ် (၃၇) ဧပြီလ၊ ၂၀၀၉

ယဉ်သင်းအိ မဂ္ဂဇင်း

0 comments:

Post a Comment