Tuesday, July 14, 2015

၂၀၁၅ နဲ့ ငြိမ်းချမ်းရေး အရိပ်အယောင်


၂၀၁၅ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မဲဆန္ဒနယ်အလိုက် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများ၏ လှုပ်ရှားမှုက အသက်ဝင်လာသလို မဲပေးမည့် ပြည်သူလူထုကလည်း မိမိတို့ရွေးချယ်မဲပေးမည့် ကိုယ်စားလှယ်လောင်းကို အကဲခတ်စောင့်ကြည့်နေကြပြီ ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော် အဖြစ် ကူးပြောင်းလာခဲ့သော မြန်မာနိုင်ငံအတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ငြိမ်းချမ်းရေးသည် လည်း မဖြစ်မနေလိုအပ်နေပါသည်။ တစ်နည်းအားဖြင့် ၂၀၁၅တွင် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မလား စိတ်ဝင်စားစရာ ကောင်းနေပါသည်။သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နေဆဲကာလမှာပင် တိုင်းရင်းသားဒေသအချို့၌ တိုက်ပွဲများ ဖြစ်ပွားနေ သည်ကို တွေ့နိုင်ပါသည်။ ၂၀၁၅ နှင့် ငြိမ်းချမ်းရေးအရိပ်အယောင်က အဆိုးဘက်လား သို့မဟုတ် အကောင်းဘက်လား သုံးသပ်ကြည့်ရန်လိုအပ်ပါသည်။ ယခုရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အစိုးရတပ်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ KIA တပ်မဟာ(၁)နယ်မြေတွင်လည်းကောင်း၊ KIA တပ်မဟာ(၄)နယ်မြေတွင်လည်းကောင်း တိုက်ပွဲများအရှိန်မြင့်နေသည်ဟု သိရပါသည်။ KIA အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တိုက်ပွဲများ ဖြစ်အောင် ဖန်တီးနေသည်ကို တွေ့နိုင်ပါသည်။ ဖားကန့်ဒေသတွင် ရဲကင်း၊ ရဲစခန်း၊ ကျောက်မျက်ကုမ္ပဏီဝန်းများအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်းအပါအ၀င် အချုပ်သားပို့သော ရဲယာဉ်တန်းကိုပင် နှောက်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေတာတွေ့ရပါသည်။ ထိုကဲ့သို့ နယ်မြေတည်ငြိမ်မှုမရှိအောင် KIA ကြံစည်နေမှုကြောင့် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ပါ သည်။ KIA သည် ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း ကြံနေသည်ဟု ပြောရပါမည်။

ထို့ပြင် RCSS/SSA အဖွဲ့မှ ဌာနချုပ်နှင့် ကုန်သွယ်ရေးစခန်းအဖြစ် သတ်မှတ်ပေးရန် အစိုးရထံတောင်းဆို ထားသည့် ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မုံးထဒေသတွင် UWSA “၀”တပ်ဖွဲ့ဝင်များဝင်ရောက် တပ်စခန်းချ နေထိုင်မှုများ ကြောင့် နှစ်ဖက်တင်းမာနေကြောင်း သိရသည်။ ၂၀၁၅ မှာ RCSS/SSA နဲ့ UWSA တို့ တိုက်ပွဲဖြစ်အောင် ဖန်တီးကြဦး မလား စိုးရိမ်စရာဖြစ်နေပါသည်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးပြီး ငြိမ်းချမ်း ရေးတည်ဆောက်မှုမှာ ယင်းနှစ်ဖွဲ့အနေနဲ့ တင်းမာမှုများကိုအခြေခံ၍ နှစ်ဖက်ရင်ဆိုင်ထားမှုများကို အကြောင်း ပြပြီးမပါဝင်နိုင်ဘဲဖြစ်သွားနိုင်ပါသည်။

တစ်ဖန်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်တွင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ TNLA ဘက်မှ တိုက်ပွဲဖြစ်ပွားမှုအား ရပ်တန့်လိုက်ပြီဖြစ်ကြောင်း တစ်ဖက်သတ်ကြေညာခဲ့သည်။ အစိုးရတပ်များနှင့် ညှိနှိုင်းခြင်းမဟုတ် ကိုယ့်သဘောနှင့်ကိုယ် အပစ်ရပ်ခြင်းသည် တရားမ၀င်ပါ။ TNLA အနေဖြင့် အစိုးရသို့ တရား ၀င်အပစ်ရပ်ရေး ကမ်းလှမ်း တောင်းဆိုမှသာ ရေရှည်တိုက်ပွဲများအဆုံးသတ်သွားမည်ဖြစ်ပါသည်။ သို့ဆိုလျှင် ၂၀၁၅ မှာ TNLA အနေနဲ့ ငြိမ်းချမ်းရေး ယူမလားစောင့်ကြည့်ချင်စရာ ကောင်းနေပါသည်။

ထို့အတူ အစိုးရတပ်နှင့် AA တို့၏ တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာခဲ့ရသည့် ချင်းပြည်နယ် ပလက်ဝမှ ဒုက္ခသည်များ အတွက် အကူအညီလိုနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ AA အနေဖြင့် ၎င်းတို့ လှုပ်ရှားနယ်မြေဖြစ်သော လိုင်ဇာတွင်သာ နေထိုင်ရမည်ဖြစ်ပါသည်။ သို့သော် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အစပ်တွင် AA အနေနဲ့ တိုက်ပွဲများဖန်တီးခြင်းမှာ ငြိမ်းချမ်းရေးမလိုချင် ၍သာဖြစ်ကြောင်း သုံးသပ်မိပါသည်။ ၂၀၁၅ မှာ AA အနေနဲ့ ငြိမ်းချမ်းရေးမရအောင်ရည်ရွယ်ချက်ရှိရှိဖျက်ဆီး နေသလား စောင့်ကြည့်သွားရပါမည်။

အချုပ်ဆိုသော် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်မည်ဟု သမ္မတကြီးကိုယ်တိုင် ပြောဆိုခဲ့ သည်။ ထို့အတူ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြဦးမည်။ သို့သော် KIA၊ RCSS/SSA၊ UWSA၊ MNDAA၊ TNLA နဲ့ AA တို့၏ လက်ရှိအခြေအနေများအရ အပစ်ရပ်လက် မှတ်ထိုးနိုင်ပါ့မလား တွေးပူစရာပါ။ ၂၀၁၅ တွင် ငြိမ်းချမ်းရေးမတည်ဆောက်နိုင်အောင် တိုင်းရင်းသား လက်နက်ကိုင်တချို့က ၎င်းတို့ သက်ဆိုင်ရာနယ်မြေများတွင် တိုက်ပွဲများ၊ ပဋိပက္ခများဖြစ်အောင် ဖန်တီးနေသည်ဟုသာ ခြုံငုံသုံးသပ်မိပါသည်။

လင်းထင်
Today Myanmar

0 comments:

Post a Comment