Thursday, July 16, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦး ဇူလိုင် ၂၂ ရက်တွင်ပြန်လည်လွှဲပေးမည်

ဘင်္ဂါလားဒေ့ရှ်နိုင်ငံသားများကို ဇွန်လက လွှဲပြောင်းပေးအပ်နေစဉ်(ဓာတ်ပုံ - MOI)

မောင်တောမြို့နယ် တောင်ပြို(လက်ဝဲ)စခန်းတွင် ယာယီကယ်ဆယ်ထားသည့် ဘင်္ဂါလီများအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆၅ ဦးကို ဇူလိုင် ၂၂ ရက်တွင် ပြန်လွှဲရန် စီစဉ်ထားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ဖျာပုံ၊ မောင်တောမြို့များနှင့် ထိစပ်နေသည့် မြန်မာ့ ပင်လယ်ရေပြင်အတွင်း ပြီးခဲ့သည့် မေလက ဖမ်းမိခဲ့သူ ဘင်္ဂါလီ ၉၀၀ ကျော်တွင်ပါဝင်သူများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လက်ခံရန် အတည်ပြုထားသူများကို နှစ်ကြိမ်လွှဲပြောင်းထားခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်မြောက်လွှဲပြောင်းခြင်း ဖြစ်သည်။

‘‘ဖမ်းမိတုန်းကတော့ ကိုး ရာကျော်တာပေါ့။ စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ် လို့ အတည်ပြုပြီးသားလူတွေကို နှစ်ခါပြန်လွှဲပြီးသွားပြီ။ ၁၅၀ တစ်ကြိမ်နဲ့ ၃၇ ဦးတစ်ကြိမ်။ ၅၄၄ ဦး ကျန်နေသေးတယ်။ ဆက်ပြီး စိစစ်နေတယ်’’ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလအတွင်းက ဖမ်းမိခဲ့သည့် လှေစီးဒုက္ခသည်များကို စစ်ဆေးနေဆဲအခြေအနေတွင် ကော့သောင်းမြို့နှင့် ထိစပ်နေသည့် ကျွန်းတစ်ကျွန်းပေါ်မှဘင်္ဂါလီ ၁၀၂ ဦးကို တပ်မတော်(ရေ) က ထပ်မံဖမ်းမိခဲ့သည်။ ဇူလိုင် ၉၊ ၁၀ နှင့် ၁၁ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ယခင်အကြိမ်များကဲ့သို့ ရခိုင်ပြည်နယ်သို့ မပို့ဆောင်ဘဲ ကော့သောင်းမြို့တွင်သာ ထိန်းသိမ်းစစ်ဆေးနေသည်ဟု တပ်မတော်(ရေ)မှ သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment