Tuesday, July 28, 2015

ပြည်သူကိုလက်တွဲခေါ်လိုက်ပါ ဒေါ်အောင်ဆန်းစုကြည်


ကျွန်တော်တို့နိုင်ငံရဲ့ နိမ့်ကျနေမှု၊ လူ့အခွင့်အရေးဆုံးရှုံးနေမှုကို ဒေါ်အောင်ဆန်းစုကြည်ကသာလျှင် ဆွဲထုတ် ကယ်တင်နိုင်တယ်လို့ ယုံကြည်မိပါတယ်။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီအပေါ် ခေါင်းဆောင်မှုပိုင်းမှာ အရမ်းအားနည်းနေတယ်လို့ ထင်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲစာရင်းတွေအကြောင်း ရှင်းလင်းပြောပြဖို့ လူတွေနဲ့ လိုက်တွေ့နေရတယ်ဆိုတာ ကြည့်လို့ကောင်း၊ ကြားလို့ကောင်းပေမယ့် ပါတီမှာ တကယ်အလုပ်လုပ်နိုင်တဲ့လူတွေ မရှိဘူးဆိုတာကို ပြသလိုက်သလိုပါပဲ။ တကယ်က ဒီလိုရပ်ကျေးအဆင့်မှာ ရပ်ကွက်ပါတီဝင်တွေက လိုက်လံရှင်းပြ မဲဆွယ် ဒီလိုမျိုးတွေ လုပ်နေရမှာပါ။ ပါတီဝင်တွေထဲမှာ ဒီလိုမျိုးလုပ်နေတာ တယောက်စနှစ်ယောက်စကိုတော့ တွေ့ရပါတယ်။ ပါတီဝင်အများစုတွေက မသိသလို၊ ဘာမှနားမလည် သလို၊ ဒေါ်စုနောက် တကောက်ကောက်လိုက်၊ အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေမှာ ၀တ်စုံလေးဝတ်၊ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေပြီး ဂျာနယ်တွေ၊ တီဗွီတွေမှာ ပါရုံလောက်သာ အားထုတ်နေတာကို မြင်တွေ့နေရတော့ တော်တော် စိတ်ပျက်မိပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ့်ပါတီမှာ ပါတီဝင်ကောင်းတွေ မွေးထုတ်ဖို့အတွက် လက်ရွေးစင်အဖွဲ့တွေ ဖွဲ့စည်းပေးပြီး ပါတီကြီးတိုးတက် မြင့်မားလာအောင် ညွှန်ကြားသင်ပြပေးနိုင်ဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အတွက်လည်း အကြံပေးအဖွဲ့တွေဖွဲ့စည်းပေးပြီး လက်တွဲလုပ်နိုင်ဖို့ လိုပါတယ်။ အခုတော့ တော်တော်များများဟာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ညှိုးထောင် ခေါင်းညိတ်လုပ်ရုံလောက်သာ တတ်တဲ့လူတွေ ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေကို သူယုံတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးမှု ပြည်သူတွေကို ချပြမှုမရှိတာလည်းဆိုတာ ကျွန်တော် နားမလည်ပါဘူး။

ပြည်သူ့အရေးဂျာနယ်မှာပါတဲ့ ပြည်သူ့အရေးကမေးပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းဖြေကြားထားတဲ့အချက်တခုမှာဆိုရင်- ''ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေလွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ်ပြီး အဖြေထွက်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ၆ ပွင့်ဆိုင်ကို သူသိပ်အာရုံမစိုက်တော့ဘူးလို့ ပြောလာတယ်။ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကလည်း ဘယ်အချိန်နောက်ဆုံးဆိုတာမျိုး သတ်မှတ်ထားတာ မရှိ၊ မတွေ့ချင်သူကလည်း ရှိနေတယ်ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့ အထိ အချိန်ဆွဲလို့ရတဲ့ သဘောမှာရှိနေတယ်လေ။ နှောင့်နှေးနေတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေးအပေါ် ဒေါ်ညိုညိုသင်းရဲ့ အကြံပြုချက် သဘောထားသိချင်ပါတယ်''
''လက်ရှိအခြေအနေကတော့ ၆ ပွင့်ဆိုင်ကို လက်လွှတ်လို့တော့ မရသေးဘူး။ ၆ ပွင့်ဆိုင်ကို ဆက်ပြီးတော့ မဖြစ် ဖြစ်အောင်လုပ်ရမယ်။ ၆ ပွင့်ဆိုင်မရဘူးဆိုရင် ကျန်တဲ့ ၄ ပွင့် အလုပ် လုပ်လည်းရတယ်။ ပြည်သူလူထုက တိုင်းပြည်ရဲ့ အရှင်သခင်ပဲ။ ကျန်တဲ့ ၄ ပွင့်ရဲ့ရလဒ်ကို ပြတ်ပြတ်သားသား ပြည်သူလူထုကို ချပြလို့ရှိရင် မပါတဲ့ နှစ်ပွင့်ရဲ့သဘောထားက ဘွားဘွားကြီး ပေါ်လာလိမ့်မယ်။ အဲဒီအခါ မှာ ပြည်သူလူထုက ရှင်းသွားလိမ့်မယ်။ အခုဟာကေ၀၀ါးနေတယ်။ လွှတ်တော်နဲ့ ပြည်သူလိုမျိုး ဖြစ်နေတယ်။
လွှတ်တော်ကြီးက ပြည်သူလူထု ဆန္ဒကိုမလိုက်လျောနိုင်သလို ဖြစ်နေတယ်။ ၄ ပွင့်ဆိုင် သတ်သတ် လုပ်။ ၄ ပွင့်ဆိုင်ထဲမှာ တကယ်ကို ဆုံးဖြတ်ချက်ချ အဖြေထုတ်။ ပြီးရင် ၄ ပွင့်ဆိုင်ရဲ့ Output ကဒါပဲဆိုပြီးထည့်။ မလာတဲ့ ၂ ပွင့်ကို တင်ပြ။ ပြည်သူသိ၊ ကမ္ဘာသိတင်ပြ။ အဲဒါဆိုရင် အဲဒီ ၂ ပွင့်က မလှုပ်လို့ မရဘူး။ အနည်းဆုံးတော့ သူတို့ Response ပေးရမယ်။ comment ပေးနေမယ်။ အဲဒါဟာ ပြည်သူ့အတွက် အဖြေပဲ။ အဲဒီအခါကျရင် ဘွားဘွားကြီး ရှင်းရှင်းကြီး ပေါ်လာမယ်။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ ရှင်းရှင်းကြီး ပေါ်လာမယ်။ ဒါကြောင့်မို့လို့ တဖက်က မလှုပ်ရင်လည်း ကျန်တဲ့လေးပွင့်က လှုပ်ပါ။ ကျန်တဲ့ ၄ ပွင့်က လုပ်လို့ရပါတယ်။ နိုင်ငံရေးဆိုတာ ကိုယ်ချထားတဲ့အကွက်မှာ သူများက ၀င်မကစားဘူးဆိုလို့ရှိရင် ရှိနေတဲ့အကွက်မှာပဲ ကျွန်မတို့ရအောင် ကစားတာ ကျွန်မတို့လေ့လာထားတဲ့ ပညာပဲလေ။ ဒါကြောင့်မို့လို့ ၄ ပွင့်ဆိုင် လုပ်ပါ။ ၄ ပွင့်ဆိုင်ကအဖြေကို ကမ္ဘာသိ၊ ပြည်သူသိ ချပြပါ။ အဲဒါကို လှျို့ဝှက်မလုပ်ပါနဲ့။ လှျို့ဝှက်လုပ်သမျှ ကာလပတ်လုံးက ဒိုင်မရှိတဲ့ပွဲလိုဖြစ်နေတယ်။ ဒိုင်ဖြစ်တဲ့ ပြည်သူလူထုကို ချပြ၊ ကမ္ဘာကို ချပြ။ ချပြလို့ရှိရင် တဖက်က ဘယ်လို Response ပေးမလဲဆိုတာ ပြတ်ပြတ်သားသား ပေါ်လာမယ်။ အဲဒီအခါကျရင် ပြုပြင်ပြောင်းလဲရေးကို တိုင်းပြည်မှာ မလိုလားတာ ဘယ်သူတွေဆိုတာ ထင်ထင်ရှားရှားကြီး ပေါ်လာမှာဖြစ်တယ်။ အခုဟာက အဲဒီနှစ်ယောက်က တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေး မလုပ်ချင်ဘူးဆိုတာ မပေါ်လွင်ဘူးလေ။ နှစ်ယောက် တိုင်းပြည်အတွက်ကို အလုပ်မလုပ်ချင်ဘူးဆိုတာ မပေါ်လွင်ဘဲနဲ့ ပြည်ထောင်စု လွှတ်တော်ကြီးကလည်း ပြင်မပေးဘူးဆိုတော့ လွှတ်တော်ရဲ့အပေါ်မှာ သက်ရောက်နေတယ်။ နိုင်ငံရေးမှာ ပြတ်သားရမယ့်အချိန်မှာ ပြတ်သားရမယ်။ ဒါဟာ တိုင်းပြည်ကို ချောက်ထဲပို့တဲ့ဟာ မဟုတ်ဘူး။ အဖြေကို ရှင်းရှင်းလင်းလင်း ပြ၊ ပြည်သူလူထုကို ပြ၊ ဒါဟာ ဒီလိုကြောင့် ဒီလိုမဖြစ်တာပါဆိုတာ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း သက်သေနဲ့ပြဖို့ ၆ ပွင့်မစုံလည်း ၄ ပွင့်လုပ်လို့ရတယ်။ လေးပွင့်ခေါ်လိုက်၊ လာတာ၊ မလာတာ သူတို့တာဝန်ပဲ။ မလာရင် မလာတဲ့အကြောင်း မှတ်တမ်းတင်ပြီး လေးပွင့်ကတော့ ဒါတွေ ဒါတွေဆွေးနွေးပြီး agreement ရရှိထားပါတယ်။ နိုင်ငံရေး လမ်းပြမြေပုံတခု ပြည်သူကို ချပြပါ။ အဲဒါဆိုရင် ပြည်သူလူထုကလည်း နိုင်ငံရေး လမ်းပြမြေပုံပေါ်မှာ အများကြီး ပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အနေ အထားတွေ ရှိတယ်။ အဲဒါဆိုရင် ကျွန်မတို့ လှပတဲ့လုံခြုံတဲ့ တိုင်းပြည် အနာဂတ်တခု မျှော်လင့်နိုင်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာလေ။ အရေးကြီးတဲ့အချက်က တခါလည်း ပြောခဲ့ပြီးသား။ ကျွန်မတို့က အမြဲတမ်း အစိုးရ နောက်ကြောင်းပြန်တယ်ကိုပဲ တွေးမနေဘဲနဲ့ ပြည်သူလူထု နောက် ကြောင်းပြန်သွားမှာတို့၊ တကယ့်အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD နောက်ကြောင်း ပြန်သွားနိုင်ဖွယ်ရှိတဲ့ကိစ္စတွေကိုလည်း မထည့်သွင်းလို့ မရဘူး။ စဉ်းကို စဉ်းစားရမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို လှလှပပ ဖန်တီးချင်တယ်ဆိုရင် ဖန်တီးချင်တဲ့ သူတွေက ဒီအကြောင်းတွေကို ဒီကိစ္စတွေကို မဖြစ်မနေ ထည့်သွင်းပြီး စဉ်းစားရမယ်လေ''

ကျွန်တော်က ဒေါ်ညိုညိုသင်းပြောခဲ့တဲ့ ပြည်သူကို ချပြရမယ်ဆိုတာကို အပြည့်အ၀ ထောက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရလက်ထက်ကစပြီး အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုလုပ်တိုင်း ပြည်သူတွေဟာ ဘာအကြောင်း ဆွေးနွေးတယ်၊ ဘာတွေ သဘောတူညီမှုရတယ်၊ တခုမှ ပြည်သူတွေကို မချပြခဲ့ပါဘူး။

တကယ်သာ ပြည်သူကို ယုံကြည်တယ်ဆိုရင် စစ်အစိုးရဘက်က ချမပြရင်တောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေကို ချပြသင့်ပါတယ်။ ဒါမှသာ ပြည်သူတွေက အစိုးရက သဘောတူညီမှုတွေကို လိုက်မလုပ်တဲ့အခါမှာ ၀ိုင်းပြီးဆန္ဒဖော်ထုတ် ဖိအားပေးလို့ရမှာပါ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ်လို့ လုပ်နေမှန်းမသိ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လုပ်နေတာ အကုန်ကောင်းမှာပဲလို့ ဖြည့်တွေး၊ အစိုးရဖက်က အကြိမ်ကြိမ် လိမ်လည်၊ ဘာတွေ သဘောတူထား မှန်းမသိတော့၊ ဘာတွေလိမ်နေမှန်းလည်း ပြည်သူက မသိ၊ ကြာတော့ ဒေါ်စုအပါဝင် နိုင်ငံရေးလုပ်နေသူ အားလုံးကို ပြည်သူတွေက စိတ်ကုန်စပြုလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေကို မချပြတဲ့ အတွက်ကြောင့် အစိုးရဟာ ဒီအားနည်းချက်ကိုနင်းပြီး သဘောတူထားတာတွေကို အနီးကပ်မှ အကြိမ်ကြိမ် ဖြုတ်ဖြုတ်ချခဲ့တာ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်သိဖို့ ကောင်းပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ လုပ်နိုင်တဲ့အတိုင်းအတာထဲက အလွန်တာဝန်ကျေပွန် နေပြီလို့ ထင်ပါတယ်။

NLD အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှားအယွင်းတွေများပြီး တကယ့်လက်တွေ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးဆိုရင် တချိန်မှာ ကိုယ့်အမှားတွေကို ပြည်သူတွေကို ၀န်ချတောင်း ပန်ရတဲ့ အနေအထားရောက်သွားမှာကို စိုးရိမ်မိပါတယ်။ ပြည်သူတွေကို တကယ်ယုံကြည်တယ်ဆိုရင် နောက်နောင် တွေ့ဆုံပွဲတွဲပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့ဆက်သွားမယ့် လမ်းကြောင်းတွေကို ဖြစ်ဖြစ် ချပြလို့ရသလောက်ကို အသေးစိတ်မဟုတ်တောင် ပြည်သူတွေ လိုက်လုပ်ပေးလို့ရနိုင်မယ့် အနေအထားလေးကို ချပြပေးစေလိုပါတယ်။ အခုတော့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လို့ ဘာကိုင် မှန်းမသိ ဘာလိုက်လုပ်ပေးစေချင်မှန်းမသိ ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေပါဝင် လှုပ်ရှားလာအောင် စွမ်းဆောင်ပေးလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျောင်းသားတွေကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးတာ၊ ၈၈ ငြိမ်း/ပွင့်နဲ့ဆွေးနွေးတာ၊ တိုင်းရင်းသားတွေနဲ့ဆွေးနွေးတာ အလွန့်ကိုကောင်းပါတယ်။ အဲဒီလိုပဲ တခြားအဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးမယ်လို့ မျှော်လင့်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ တခြားနာမည်ကြီးတွေကို ဖိတ်ခေါ်တာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ စည်းရုံးရေးကို အဓိက လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံရေး ကစားပွဲတွေမှာ ၀င်ရောက်ကစားဖို့အတွက်တော့ နိုင်ငံရေးမှာ ကျွမ်းကျင်တဲ့၊ ခေတ်အဆက်ဆက် အတွေ့အကြုံရှိခဲ့တဲ့၊ တိုက်ပွဲဝင်ခဲ့တဲ့ လူတွေကို ပိုပြီးရွေးချယ်နိုင်ဖို့လိုတယ်လို့ ထင်ပါတယ်။ သူတို့တွေကိုသာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားဝင် တလေးတစား ဖိတ်ခေါ်မယ်ဆိုရင် ၀ိုင်းဝန်း ပူးပေါင်းကျမယ့် ပုဂ္ဂိုလ်တွေ အတော်များများရှိနေပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပေးပါလို့ တိုက်တွန်းပါရစေ။

အခုဆိုရင် ပြည်သူတွေဟာ ဘယ်သူ့ကိုထောက်ခံရမှန်းမသိ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကျောင်းသားအဖွဲ့တွေကိုတောင် ဘယ်အဖွဲ့ကို ထောက်ခံရမှန်းမသိ ဖြစ်နေပါတော့တယ်။ တကယ်က ၈၈ ငြိမ်း/ပွင့် အပါအ၀င် တခြားအဖွဲ့အစည်းတွေရဲ့ အားနည်းချက်ပါ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ကွန်မြူနစ်ပါတီအပါအ၀င် ဘယ်ပါတီကိုမဆို လွတ်လပ်စွာ စည်းရုံးခွင့်လွတ်လပ်စွာပြော ဆိုခွင့်ပေးရမှာပါ။ ဒီလိုပြောလို့ ကျွန်တော့်ကို ကွန်မြူနစ်ပါတီဝင်လို့ စွပ်စွဲရင်လည်း ခံရမှာပါ။ ဒါပေမဲ့ ကျွန်တော်ဟာ ကွန်မြူနစ်ပါတီဝင် မဟုတ်သလို ကွန်မြူနစ်ဝါဒရဲ့ တချို့သော အစိတ်အပိုင်းတွေကို လုံးဝ မကြိုက်တဲ့ လူတယောက်ပါ။ ဒီမိုကရေစီမှာလည်း အားနည်းချက်အချို့ရှိသလို ကွန်မြူနစ်ဝါဒမှာလည်း အားနည်းချက်တွေရှိပါတယ်။ ဘယ်ဝါဒပဲဖြစ်ဖြစ် အားနည်းချက်တွေကိုပြင်ပြီး ပြည်သူတွေအတွက် အလုပ်လုပ်ပေးနိုင်မယ်ဆို ဘယ်ပါတီ၊ ဘယ်ဝါဒကိုပဲဖြစ်ဖြစ် ထောက်ခံမှာပါ။

တဘက်နဲ့တဘက် ရန်သူလိုသဘောထားနေတာကို ကျွန်တော် နားမလည်ပါ။ ကျောင်းသားပေါင်း မြောက်မြားစွာ၊ ရဟန်းသံဃာပေါင်း မြောက်မြားစွာ၊ ပြည်သူပြည်သားပေါင်း မြောက်မြားစွာကို သတ်ခဲ့တဲ့ စစ်အစိုးရနဲ့တောင် လိုအပ်ရင်လက်တွဲလုပ်နေရရင် ဘာကြောင့်ကွန်မြူနစ်ပါတီဝင်တွေနဲ့ကော လက်တွဲမလုပ်နိုင်ကြတာလည်း ခင်ဗျာ။

ကျွန်တော့်ရဲ့ သဘောကတော့ တူတာတွေတွဲလုပ်ပြီး မတူတာတွေ ခွဲလုပ်မယ် ရန်သူလို သဘောမထားဘူးလို့ ပြောပါရစေ။ အခု ဗကသ က တချို့ကလေးတွေကို ကွန်မြူနစ်လို့ စွပ်စွဲနေကြတာ စိတ်မကောင်းပါဘူး။ သူတို့တွေ ကွန်မြူနစ်ဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့ ၈၈ ငြိမ်း/ပွင့် က အစ်ကိုကြီးတွေနဲ့ ကျန်တဲ့ လစ်ဘရယ်သမားတွေရဲ့အားနည်းချက်လို့ပဲ ပြောပါရစေ။ သူတို့ကို ကိုယ့်ဘက်ပါအောင် မစည်းရုံးနိုင်လို့ ကွန်မြူနစ်တွေက စည်းရုံးနိုင်တာ သဘာဝပါ။ ကိုယ်ကိုယ်တိုင် မကြိုးစားဘဲ သူများတွေ စည်းရုံးနိုင်တာကို အပြစ်လို့ မမြင်စေချင်ပါဘူး။ ကိုယ့်ရဲ့ညံ့ချက်ကို ကိုယ်ဖာထေးနိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်။

အားလုံးကို လေးစားလျက်
ဆည်းဆာ(အိုးဘိုတက္ကသိုလ်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment