Wednesday, July 15, 2015

မိမိသမ္မတဖြစ်လျှင် အီရန်အနေဖြင့် နျူကလီးယားလက်နက် လုံးဝ မပိုင်ဆိုင်စေရဟု ကလင်တန် ပြောကြား


မိမိသာ အမေရိကန်သမ္မတ ဖြစ်လာပါက အီရန်လက်တွင် နျူကလီးယားလက်နက် လုံးဝ ပိုင်ဆိုင်စေမည် မဟုတ်ကြောင်း ဟီလာရီ ကလင်တန်က ပြောကြားလိုက်သည်။

လာမည့် အမေရိကန် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည့် ကလင်တန်က သူမ၏ မဲဆွယ်လှုပ်ရှားမှု တစ်ခုအဖြစ် ယခုလို ကတိပြုခဲ့ခြင်း ဖြစ်သည်။ ကလင်တန်သည် လက်ရှိ အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ ပထမ (၄) နှစ်သက်တမ်းတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ဇူလိုင် ၁၄ ရက်တွင် အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ အီရန်အစိုးရ ကိုယ်စားလှယ်များနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံ ၆ ခုမှ ကိုယ်စားလှယ်များ အပြီးသတ် ညှိနှိုင်း သဘောတူညီမှု ရရှိသွားသည့်နောက် ကလင်တန်က ယခုလို ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ ယခုသဘောတူညီချက်သည် အီရန်အတွက် အကြမ်းဖက် လုပ်ငန်းများကို ထောက်ပံ့ပေးရန် ပိုမို လွယ်ကူသွားစေကြောင်း အစ္စရေး အပါအဝင် အမေရိကန်၏ မဟာမိတ်များနှင့် အမေရိကန် လွှတ်တော်အမတ် အများအပြားက ယူဆလျက် ရှိသည်။

ကလင်တန်က “သမ္မတ အနေနဲ့ဆိုရင် ကျွန်မအနေနဲ့ ကိုယ့်ရဲ့ လက်နက်တိုက်ထဲက လိုအပ်သမျှ ကိရိယာ တန်ဆာပလာတိုင်းကို ထုတ်ယူသုံးစွဲပြီး အီရန်ရဲ့ အပြင်းအထန် တောင်းဆို စောဒကတက်မှုတွေကို တွန်းလှန်မှာပဲ။ အမေရိကန်က အီရန်ကို ပေးပို့တဲ့ သတင်းစကားဟာ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ရှိသင့်တယ်။ ‘ငါတို့က မင်းတို့ကို နျူကလီးယား လက်နက်တစ်ခု ပိုင်ဆိုင်ခွင့် ဘယ်တော့မှ မပေးဘူး’ ဆိုတာမျိုး သိသာစေရမယ်။ ဒါဟာ ဆွေးနွေးပွဲက သဘောတူညီမှု သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြား တစ်ခုအတွက်တင် မကဘူး။ ဘယ်တော့မှ မပိုင်ဆိုင်စေရဘူး ဆိုတာကို ပြတ်ပြတ်သားသား ပြောရမယ်”ဟု ပြောကြားခဲ့သည်။

သူမက ယခုသဘောတူညီမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို လေ့လာဆန်းစစ်နေဆဲဟုလည်း ဆိုသည်။ “မူကြမ်း သဘောတူညီမှုတွေကို အခြေခံထားတဲ့ သုံးသပ်ချက် မှတ်တမ်းတွေတော့ ကျွန်မဆီမှာ ရောက်နေပါပြီ။ ဒီသဘောတူညီမှုကို ကျွန်မ ထောက်ခံပါတယ်။ ဒါဟာ အီရန်နဲ့ နျူကလီးယားလက်နက် မနီးစပ်ရေးအတွက်တော့ အကူအညီ ဖြစ်စေမှာပါ”ဟု ကလင်တန်က မှတ်ချက်ပြုခဲ့သည်။

သူမက ဆက်လက်၍ “အီရန်ရဲ့ အကျင့်စရိုက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းက ထိတွေ့ ဆက်ဆံခဲ့ရတာ သမိုင်းကြောင်း ရှည်ကြာခဲ့ပါပြီ။ အခုအချိန်မှာ အရေးအကြီးဆုံးကတော့ လက်ရှိ သဘောတူညီမှုတွေအတိုင်း သူတို့ လိုက်နာအောင် တွန်းအားပေး လုပ်ဆောင်ဖို့ပါပဲ”ဟုလည်း ပြောကြားသွားသည်။

_Ref: CNA
7Day Daily

0 comments:

Post a Comment