Wednesday, July 15, 2015

ဟင်္သာကိုးသောင်းလွှတ်တော်နဲ့ မြန်မာ့နိုင်ငံရေး

သေဖော်ရှင်ဖက် တစ်ကျောင်းတည်းထွက်

ပထမဦးစွာ တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ တပ်မတော်အပေါ် ဆက်ဆံမှုတို့ကို ပြန်ပြီး ကြည့်စေချင်ပါတယ်။ တပ်မတော်ဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် စေ့စပ်ညှိနှိုင်း သဘောတူညီချက်ဖြင့် ဆုတ်ခွာရန်အတွက် ၂၀၀၈ အခြေခံဥပဒေကို ထားခဲ့တာ ဖြစ်ပါတယ်။ နေ့ချင်းညချင်း ဒီမိုကရေစီသူရဲကောင်း ဖြစ်လာရေးဟာ သမ္မတဖြစ်ရေး ရည်မှန်းချက်နဲ့ ချိတ်ဆက်နေပါတယ်။ လွှတ်တော်အတွင်းမှာ တပ်မတော်ကို အထီးတည်း ဖြစ်အောင် လုပ်ဆောင်ခဲ့တာတွေ အတွက်တပ်

မတော်ရဲ့ ငြိုငြင်မှုကို ခံခဲ့ရတယ်ဆိုရင် မမှားပါဘူး။ ဒီတော့ တပ်မတော်ရဲ့ ထောက်ခံမှုကို မရရုံသာမက တပ်မတော်ရဲ့ ဆန့်ကျင်မှုကို ခံခဲ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ နယကလက်ထက်က ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ တည်ထောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ ကြံ့ခိုင်ရေးပါတီ အကယ်၍ အများစု အနိုင်ရရှိခဲ့ရင် ကန့်ကွက်မှုခံရနိုင်ပြီး အားလုံး ပြုတ်သွားနိုင်တဲ့အထိ ကြီးမားတဲ့ အက်ကြောင်းတစ်ခု ဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ပါဝါပြမှု၊ အနောက်ဘက်နယ်စပ်က အန္တရာယ်တွေကြားမှာ တပ်မတော်ဟာ အမျိုးသားလုံခြုံရေးကို စဉ်းစားနေရပါတယ်။ ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးခေါင်းစဉ်ပြပြီး သယံဇာတ ထုခွဲရောင်းချရေးနဲ့ လက်ဆက်နေတဲ့အချိန်မှာ အာဏာနိုင်ငံရေးဟာ မြန်မာ့နိုင်ငံရေးမှာ ကြီးစိုးလာခဲ့ပါတယ်။ဖြည်းဖြည်းချင်း သွားရမယ့်အစား ချက်ချင်း လမ်းကြောင်းပြောင်းချင်သူ သူရဲကောင်းတွေအတွက် တပ်မတော်ဟာ ဆူးညှောင့်ခလုတ် ဖြစ်လာစေခဲ့ပါတယ်။ တပ်မတော်အနေနဲ့လည်း ယူနီဖောင်းချွတ်ပြီ ဆိုတာနဲ့ တပ်မတော် မကောင်းကြောင်း ထောင်းလမောင်းထအောင် ပြောနေကြတဲ့ အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ ကိုယ်ကျိုးစီးပွားအရင်းခံ မိတ်ဟောင်းဆွေဟောင်း တွေကို စိတ်ကုန်လာခဲ့ပါပြီ။ ဒီအခြေအနေဟာ တပ်မတော်နဲ့ အရပ်ဘက်ဆက်ဆံရေးမှာ သံသယတွေပိုပြီး ကြီးမားလာ စေခဲ့ပါတယ်။ သေဖော်ရှင်ဖက် တစ်ကျောင်းတည်းထွက်တွေတောင် အာဏာရဖို့၊ နာမည်ကောင်းရဖို့ ဟင်္သာကိုးသောင်းဇာတ်ကို ကလာကြပြီ ဆိုရင် ဒီမိုကရက်တွေဆိုရင် ဘယ်လိုနေမလဲ စဉ်းစားစရာတွေ ဖြစ်လာ စေခဲ့ပါတယ်။

အကျိုးစီးပွားတိုက်ပွဲ

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဆိုတာ လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးမှာ ရှေ့တန်းရောက်လာတဲ့ စကားရပ် ဖြစ်ပါတယ်။ ဆက်သွယ်ရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ဖို့ စီစဉ်ထားသူတွေ အသည်းအသန် ကန့်ကွက်ကြတဲ့အခါ လွှတ်တော်ဆိုတဲ့ မဏ္ဍိုင်ကြီး တစ်ခုလုံးကို အသုံးချ ခဲ့ကြပါတယ်။ အလားတူပါပဲ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းကြတဲ့အခါမှာ ကာကွယ်ရေး မူဝါဒတွေ ဆွဲကိုင်ပြီး ချထည့်လိုက်တာ လယ်ယာကဏ္ဍမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု လုံးဝနီးပါး မရှိနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိစေခဲ့ပါတယ်။ လယ်ယာကို ပုခုံးထမ်းတင်ရမယ့် တိုင်းပြည်မှာ လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်နေရခြင်းရဲ့ တရားခံ များကတော့ လယ်ယာမြေတိုက်ပွဲတွေ ဖန်တီးပြီး ဆရာစံဂိုက်ဆိုက်မျိုးနဲ့ ကြွေးကြော်နေကြတုန်းပါပဲ။

အကျိုးစီးပွားအရင်းခံ နိုင်ငံရေးတိုက်ကွက်တွေက ဆက်တိုက်ဆိုသလို မြင်တွေ့ ခဲ့ကြရပါတယ်။ အခြေခံဥပဒေခုံရုံးကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ခြင်းဟာ နိုင်ငံအတွက် အကျပ်အတည်းကြီး တစ်ခုကို ရောက်ရှိစေခဲ့ ပါတယ်။ လူအုပ်စုနဲ့ တိုက်ကြတဲ့ပွဲမှာ အခြေခံဥပဒေကို Safeguard လုပ်ရမယ့် တပ်မတော်က နိုင်ငံ့အကျိုး၊ ဒီမိုကရေစီ လမ်းကြောင်းကို ငဲ့ကွက်ပြီး ဝင်ထိန်းကျောင်းတာ မလုပ်ခဲ့ပါဘူး။ အပျံသင် စလွှတ်တော်ရဲ့ မာနတရားတွေ၊ အာဃာတ တရားတွေကို တပ်မတော်က မရင့်ကျက် သေးတဲ့သဘော ထားပြီး စောင့်ကြည့်ခဲ့ပါတယ်။ အမှန်ဆိုရင် အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ Mandate ပေးထားခြင်း ခံထားရတဲ့ တပ်မတော်က ဝင်ထိန်းရမယ့်အခြေအနေ ဖြစ်ပါတယ်။ လွှတ်တော်တွေ ချွတ်ချော်ပြီး တိမ်းစောင်းလာပြီ ဆိုရင် ဘယ်သူတွေက ထိန်းရမလဲ။ ပြန်ပြီး လေ့လာကြည့်တော့ အခြေခံဥပဒေခုံရုံး၊ ပြည်သူ၊ တပ်မတော်ဆိုပြီး အစဉ်လိုက် တွေ့ရှိရပါတယ်။ ပထမဆုံး ခုံရုံးကို ဖြုတ်ချလိုက်ပြီး ဥပဒေပြင်ဆင်ချက်တွေနဲ့ အသစ် ဖွဲ့စည်းလိုက်တဲ့အခါမှာ ခုံရုံးဟာ စက္ကူပေါ်က ရုံးလေးတစ်ရုံး သက်သက်ပဲ ဖြစ်သွားရရှာပါတယ်။ ပြည်သူရဲ့ ထိန်းကျောင်းခွင့်ကိုလည်း အကြောင်းအမျိုးမျိုး ပြပြီး အချိန် ဆွဲထားခဲ့တဲ့ Right To Recall ဟာ ခုချိန်ထိ အခြေခံဥပဒေထဲမှာပဲ ရှိနေရပါတယ်။ နောက်ဆုံး အခြေခံဥပဒေ ကတိမ်းကပါး ဖြစ်ရင် ထိန်းကျောင်းရမယ့် တပ်မတော်အတွက် တာဝန်ကြီးလှပါတယ်။ အခြေအနေ အရပ်ရပ်ကို ငဲ့ကွက်ပြီး စောင့်ကြည့်ရုံပဲ စောင့်ကြည့်ခဲ့တဲ့အပေါ်မှာ စိတ်ကြီးဝင်ပြီး မိုးကောင်းကင်ကြီးပဲ ရှိတော့ပါတယ် ဆိုပြီး ကြွေးကြော်ခဲ့တာတွေ ဖြစ်လာခဲ့ပါတယ်။

အချိန်ကုန်၊ လူပန်းတဲ့ ဥပဒေပြုရေး ကိစ္စတွေကို လှည့်မကြည့်တော့ဘဲ အရေးကြီးအဆိုလေး တစ်ခုနဲ့ လုပ်စားနေကြတဲ့ အချိန်မှာ သပွတ်အူကို ရှုပ်ပွသွားအောင် မွှေနှောက်ခဲ့ပြီး တဲ့နောက်မှာ ကိုယ်တိုင်ကိုယ်ကျ မြေသိမ်းခဲ့တဲ့သူတွေ၊ ကိုယ်တိုင်ကိုယ်ကျ လယ်သမားတွေဆီက အာဏာပြ ယူခဲ့ကြသူတွေက တပ်မတော်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး “မင်းတို့ တပ်မတော်” ဆိုတာမျိုးတွေ လုပ်လာခဲ့ပါတယ်။ ဘီလီယံနာတွေ၊ မီလျံနာ တွေဖြစ်အောင် စိတ်ထင်သလို ပြုကျင့်ခဲ့သူတွေက လူရိုးလူကောင်း ကျွန်တော် ဖိုးသခွားဒီဇိုင်းနဲ့ အပြစ်ကင်းချင်ယောင် ဆောင်ကြတဲ့အခါ တပ်မတော်ဟာ လူထုအမုန်းကို ခံလာခဲ့ရပါတယ်။ တပ်အတွက်လည်း သိမ်း၊ အိမ်အတွက်လည်းယူ လုပ်ခဲ့ကြတဲ့ မြေယာအရှုပ်အထွေးတွေရဲ့ တရားခံက လက်ရှိတပ်မတော် မဟုတ်ဘူး ဆိုတာ သိစေချင်ပါတယ်။

"ဘီလီယံနာတွေ၊ မီလျံနာတွေဖြစ်အောင် စိတ်ထင်သလို ပြုကျင့်ခဲ့သူတွေက လူရိုးလူကောင်း ကျွန်တော်ဖိုးသခွား ဒီဇိုင်းနဲ့ အပြစ်ကင်းချင်ယောင် ဆောင်ကြတဲ့အခါ တပ်မတော်ဟာ လူထုအမုန်းကို ခံလာခဲ့ရပါတယ်"

မှန်ပါတယ်။ တစ်ကျောင်းတည်းထွက် တွေပါ၊ သေဖော်ရှင်ဖက်တွေပါ။ ဒါပေမဲ့ ပြုခဲ့တဲ့ သစ္စာစကားတွေကို ကိုယ်ကျိုးစီးပွား ဖုံးလွှမ်းပြီး တပ်မတော်ကို ဓားစာခံ လုပ်လာတဲ့အခါမှာ တပ်မတော်ရဲ့ သတိပေးခြင်းတွေ ကြုံတွေ့လာခဲ့ရပါတယ်။ တပ်မတော် အုပ်ချုပ်တဲ့ကာလမှာ နေရာစုံမှာ အုပ်ချုပ်ခဲ့ကြတဲ့သူ တွေဟာ လွှတ်တော်ထဲ ရောက်တဲ့အခါမှာ ကိုယ့်မူလ တာဝန်ဖြစ်တဲ့ ဥပဒေပြုရေးကို ရင်ဆိုင်ရတဲ့အခါမှာ ဥပဒေဆိုင်ရာ အခက်အခဲတွေနဲ့ ကြုံလာခဲ့ရပါတယ်။ ကိုယ်လုပ်လာခဲ့တဲ့ ဌာနတွေ၊ ကိုယ် ကြီးကြပ်ခဲ့တဲ့ လုပ်ငန်းတွေ၊ ကိုယ်တာဝန်ယူခဲ့တဲ့ တာဝန်တွေက အုပ်ချုပ်ရေး ကဏ္ဍတစ်ခုလုံး ဖြစ်ခဲ့လေတော့ အုပ်ချုပ်ရေးကို မူလီကျပ်ဖို့က လွယ်ကူနေပါတယ်။ ဒီတော့ ‘အပြန်အလှန် ထိန်းကျောင်းခြင်း’ ဆိုတဲ့ စကားရပ်လေးကို ဖောဖောသီသီသုံးစွဲပြီး စွက်ဖက်မှုတွေ ပြုလုပ်လာခဲ့ ကြပါတယ်။

မြန်မာနိုင်ငံရေးမှာ ဒီမိုကရေစီသူရဲကောင်း ဖြစ်ချင်ရင် (၁) စစ်တပ်ကို မကောင်းပြော၊ (၂) အစိုးရကို မကောင်းပြော၊ (၃) လူကြိုက်များနေတဲ့ သူတွေကိုဝေဖန် ဒါဆိုရင် လျင်လျင်မြန်မြန်ပဲ သူရဲကောင်းကြီးတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒီဖော်မြူလာဟာ တစ်ကျောင်းတည်းထွက် တွေပေါ်ကို အသုံးပြုကြတဲ့ အခါမှာ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကြီးဟာ လူထုအမုန်းနဲ့ ဒုက္ခပင်လယ် ဝေလာခဲ့ရပါတယ်။

“အပြန်အလှန်ထိန်းကျောင်းခြင်း” ဆိုတဲ့ လုပ်ငန်းစဉ်မှာ ကိုယ့်ကို ပြန်ထိန်းမယ့် ယန္တရားတွေကို စနစ်တကျ ပိတ်ဆို့နိုင်ခဲ့တဲ့ သေဖော် ရှင်ဖက်တွေဟာ လူအုပ်စုနဲ့ အာဏာ တည်ဆောက်လာနိုင် ခဲ့ပါတယ်။ ဘာမှ လုပ်ပိုင်ခွင့်မရှိဘဲ လွှတ်တော် အစည်းအဝေးတွေကို ကြီးကြပ်ဖို့၊ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခုံသမာဓိသဖွယ် ကြားနေရယူဖို့သာ တာဝန်ရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌ ဆိုတာဟာလည်း ‘အပြန်အလှန်’ မပါတဲ့ တစ်ဖက်သတ် ထိန်းကျောင်းခြင်းကို အားသွန်ခွန်စိုက် ဆောင်ရွက်လာခဲ့ ပါတယ်။ လွှတ်တော်ကို နိုင်ငံရေးလက်နက်သဖွယ် ခုတုံးလုပ်ပြီး တစ်ဖက်က အင်စတီကျူးရှင်းတွေ ခေါင်းပြူမလာနဲ့၊ ပြူလာတာနဲ့ ပိတ်ပစ်လိုက်မယ်၊ ထုပစ်လိုက်မယ် ဆိုတာမျိုးနဲ့ လွှတ်တော်ကြီး ချီတက်လာခဲ့တာ လေးနှစ်ကျော်လာခဲ့ပါပြီ။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ ဂျူနီယာ တွေပဲ ဆိုတဲ့အမြင်နဲ့ ကြည့်မြင်တတ် ခဲ့တာတွေကြောင့် တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကြီးကို လေးစားမှု အားနည်းခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချိန်ယူပြီး ဖွဲ့စည်းခဲ့တဲ့ လေ့လာရေးကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါခဲ့ပါတယ်။ အစီရင်ခံစာ တင်သွင်းပြီး ထပ်မံဖွဲ့စည်းခဲ့တဲ့ ပြင်ဆင်ရေးဥပဒေကြမ်း ရေးဆွဲရေး ကော်မတီမှာလည်း တပ်မတော်သား ကိုယ်စားလှယ်တွေ ပါခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ ဆက်ဆံရေး တင်းမာလာတဲ့အချိန်မှာ တပ်ကိုယ်စားလှယ် တွေကို အဲဒီကော်မတီကနေ ထုတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အခြေခံဥပဒေ မဲခွဲတဲ့ အချိန်မှာ မတ်တတ်ရပ်မဲခွဲပြီး မီဒီယာတွေ ဝင်ပြီး သတင်းယူခွင့်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ နောက်တစ်နေ့ လွှတ်တော်အစီအစဉ် စာရွက်မှာ ပါလာတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ပါတယ်။ မတ်တတ်ရပ် မဲခွဲတာဟာ တပ်မတော်ကို အရှက်ခွဲတာ ဖြစ်တဲ့အတွက် မတ်တတ်ရပ်ခွဲရင် တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကထပြီး ခန်းမထဲကထွက်၊ သပိတ်မှောက်မယ်၊ ပျက်ကွက်ရင် ကန့်ကွက်မဲဖြစ်မယ်ဆိုပြီး ပြောဆိုခဲ့ ကြပါတယ်။ ဒီနောက်မှာမှ လျှို့ဝှက်မဲပေးတဲ့ စနစ်ကို ပြောင်းလိုက်ပါတယ်။ တပ်မတော်ကို အရှက်ရစေအောင်၊ ဗီလိန်ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ မပြီးသေးပါဘူး။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေ ဆွေးနွေးရင် အဲဒီဘက်ကို မကြည့်ဘဲ ဆန့်ကျင်ဘက်ကို ဦးလှည့်ထားခဲ့တဲ့ စင်ပေါ်က ရုပ်ပုံဟာ သရုပ်ဆောင်ကောင်းတဲ့ မင်းသား တွေထက်တောင် သာလွန်နေပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ မဲမပေးရ ကန့်သတ်ချက်ကို ချိုးဖောက်တာ (၃) ကြိမ်တိတိ ရှိပါတယ်။ ‘ကိုယ်လုပ်တာကမှ အမှန်၊ သူများလုပ်တာ ဆိုရင် အမှား’ တစ်ယူသန်အစွဲနဲ့ ထင်တိုင်းကြဲလာ တဲ့အခါမှာ တပ်မတော်ဟာ လူထုအမုန်းကို ခံလာရပါတယ်။ တပ်မတော်ကို လူထုက မုန်းအောင် လုပ်ခဲ့တဲ့ တရားခံတွေထဲမှာ အခု တပ်မတော်ကို တိုက်ခိုက်တဲ့ မဏ္ဍိုင်ကြီးတစ်ခုလုံးနီးပါး ရှိနေတဲ့ ကြံ့ခိုင်ရေးအမတ်တွေ ပါပါတယ်။ ခုခေတ် တပ်မတော် ခေါင်းဆောင်တွေဟာ သူတို့လောက် ကျိကျိတက် မချမ်းသာကြပါဘူး။ သူတို့လောက် နိုင်ငံကို လုပ်ချင်သလို လုပ်ခဲ့ကြသူတွေ မဟုတ်ကြပါဘူး။ သူတို့လို ကိုယ့်လူကိုယ် သေဖော်ရှင်ဖက်တွေကို နောက်ကျော ဓားနဲ့ မထိုးကြပါဘူး။ ဒီလူတွေ လုပ်ခဲ့သမျှ ဒိုင်ခံရှင်းလင်းနေရတဲ့ တပ်မတော်ဆိုတာ သိဖို့ ကောင်းပါတယ်။

ဥပဒေပြုရေးအာဏာကို လက်နက်သဖွယ် မှတ်ပါလို့

ဥပဒေပြုရေးအာဏာ ဆိုတာ သမာသမတ်ကျကျ တရားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။ ဒီအာဏာကို အလွဲသုံးစား လုပ်ပြီး အစိုးရအဖွဲ့ရဲ့ ရွေးကောက်ပွဲ အခွင့်အရေးတွေကို လိုက်ပိတ်တာ ဟာလည်း ရယ်စရာကောင်းပါတယ်။ လွှတ်တော်ကို ပိတ်တမ်းကစား သလိုမျိုး ကစားကွင်းကြီး ဖြစ်နေတာကလည်း စိုးရိမ်စရာပါပဲ။ ယူနီဖောင်းချွတ်တွေရဲ့ အာဏာလုပွဲကြီးမှာ တပ်မတော်ဟာ တဖြည်းဖြည်းနဲ့ နင်းချေခံအနေအထား မျိုးကို ရောက်ရှိလာ ခဲ့ကြပါတယ်။ တစ်သက်လုံး မဟားတရား ယူချင်တိုင်းယူခဲ့တဲ့ အခွင့်အရေးတွေ ခုချိန်မှာ လက်ညှိုးထိုး ပြရင်လည်း ဟင်္သာကိုးသောင်း ဇာတ်လမ်းအသစ်နဲ့ ကြံ့ခိုင်ရေးပါတီနိဂုံးကို ရောက်သွားပါလိမ့်မယ်။

ပြောကြပါတယ်။ “ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်ကွ” ဆိုတဲ့စကားတွေ လွှတ်တော်ထဲမှာ မကြာမကြာ ပြောကြတာလည်း တွေ့ရပါတယ်။ ဒီလူတွေကို ဒီနေရာရောက်အောင် ဖန်တီးပေးခဲ့တဲ့သူ ကတော့ ဒီလူတွေပဲ ဒေါင်းတင်မောင်းတင်နဲ့ ဖြုတ်ချခဲ့တဲ့ ဦးသိန်းစိုးပဲ ဖြစ်ပါတယ်။ တကယ်တော့ ဦးသိန်းစိုးဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဒီမဲတွေကို ပျောက်ဆိုပျောက်၊ ရောက်ဆိုရောက် စေလိုရာစေခဲ့သူ ဆိုရင် မမှားပါဘူး။ တစ်နည်းအားဖြင့် လက်ရှိ ကြံ့ခိုင်ရေးအမတ်တွေရဲ့ ကျေးဇူးရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျေးဇူးရှိလို့ ကျေးစွပ်ခံရတယ် ဆိုတာကို ဝဋ်နာကံနာအဖြစ် သဘောပိုက်ပြီး ဦးသိန်းစိုးရဲ့ နောင်မှာလည်း “ခုံရုံးဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်” စကားကို ချန်ခဲ့ပါတယ်။ ဒီအတည်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်ရှိခုံရုံးကလည်း မထိရဲပါဘူး။ အရင်လူတွေက လက်ရှိလူတွေထက် အများကြီးပိုပြီး အတွေ့အကြုံအရရော၊ ပညာရပ်ဆိုင်ရာအရပါ သာလွန်ကြပါတယ်။ ဒါက အခြေခံဥပဒေဆိုင်ရာ သမိုင်းတစ်ခု ဖြစ်နေပါပြီ။

လွှတ်တော်နှစ်ရပ် ပေါင်းပြီး ပူးပေါင်းကော်မတီတွေဖွဲ့၊ အစီရင်ခံစာ တင်၊ နောက် ကော်မတီထပ်ဖွဲ့နဲ့ တရွေ့ရွေ့ ချီတက်လာလိုက်တာ နောက်ဆုံး လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ပြင်ဆင်ရေး ဥပဒေကြမ်းက ကြံ့ခိုင်ရေးရဲ့ ဥပဒေကြမ်းဖြစ်နေတာ အံ့သြစရာပါပဲ။ ပိုပြီး အံ့သြစရာ ကောင်းတာက အခြေခံဥပဒေ ပြင်ဆင်မယ်ဆိုပြီး ကြွေးကြော်ပြီး လွှတ်တော်ထဲ ဝင်လာလိုက်တဲ့ NLD ပါတီဟာလည်း ဟန်ကျပန်ကျ ပြင်ဆင်ရေးမူကြမ်းတွေ ဘာတွေ ထုတ်ပြန်ပြီး လွှတ်တော်က ဖွဲ့ခဲ့တဲ့ ပြင်ဆင်ရေးကော်မတီ နှစ်ရပ်စလုံးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပြီး နောက်ဆုံး ဘယ်က ရောက်လာမှန်း မသိတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ပြင်ဆင်ရေး ဥပဒေကြမ်းကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘာတစ်လုံးမှ မဖတ်ရပေမယ့် တရုတ်ပြည် သွားခါနီး ကြိုတင် လက်မှတ်ရေးထိုးခဲ့တယ် ဆိုတာကလည်း မျက်စိလည်စရာပါပဲ။

ဒေသခံလူထုက မထောက်ခံလို့၊ ငြင်းလို့ဆိုပြီး အကြောင်းပြခဲ့ကြ ပေမယ့် ဒေသခံ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ပြည်နယ် ဝန်ကြီးတွေက ထောက်ခံပါတယ်ဆိုပြီး တင်ပြခဲ့ကြတဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ပါတီကိုယ်စားလှယ်လောင်း ပြဿနာမှာ ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီး လေးဦး ပါတီက နုတ်ထွက်သွား ခဲ့ရပါတယ်။ ပါတီ ဗဟိုက ဦးအောင်သောင်း၊ ဦးမောင်မောင်သိမ်း၊ ဦးအောင်သိန်းလင်း၊ သူရဦးအောင်ကိုတို့က မီဒီယာတွေနဲ့ တွေ့ပြီး အောက်ခြေဒေသခံတွေ မထောက်ခံလို့ ဆိုပြီး ပြောနေကြပေမယ့် အောက်ခြေက “ကျွန်တော်တို့ ထောက်ခံပါတယ်” ဆိုတော့ ပါတီစည်းမျဉ်း၊ မူဝါဒတွေ ဆွဲကိုင်ပြီး ပြည်နယ်ပါတီ ဥက္ကဋ္ဌကို အရေးယူဖို့ လုပ်ခဲ့ကြတာလည်း တွေ့ရပါတယ်။

ဘောလုံးမကန်ဘဲ လူချတာတွေက တဖြည်းဖြည်းချင်း ထင်ထင်ရှားရှား ဖြစ်လာတဲ့အချိန်မှာ ဒီပွဲ ပျက်တော့မလားဆိုပြီး စိုးရိမ်လာခဲ့ကြ ပါတယ်။ ရတနာပုံနဲ့ ရန်ကုန် ဘောလုံးပွဲလို ပွဲပျက်သွားမှာ စိုးတဲ့အတွက် The Voice မှာ ဆောင်းပါးရှင် မောင်နေဝင်းက ရထားကြီးနှစ်စင်း ထိပ်တိုက် တိုးတိုက်တော့မှာကို သတိပေးရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းပါးရှင်ဟာ ပါလီမန် အကွဲအပြဲနဲ့ယှဉ်ပြီး ရေးသားသွားတာ တွေက မှားပါတယ်။ ပြည်ထောင်စု လွှတ်တော်ဟာ အခြေခံဥပဒေ ခုံရုံးကို ဖြုတ်ချလိုက်ကတည်းက တပ်မတော်ရဲ့ထိန်းကျောင်းမှုနဲ့ ထိုက်တန်နေပါပြီ။ ဒါပေမဲ့ တပ်မတော်ရဲ့သဘောထားကြီးမှုကို အခွင့်ကောင်းယူပြီး တပ်မတော်ကိုပါ ဒီမိုကရေစီရဲ့ ရန်သူကြီးသဖွယ် ထင်မြင်ယူဆပြီး လူချ ကစားတာတွေ များလာတာကတော့ တစ်စုံတစ်ရာကို ဆိုက်ရောက်ဖို့ အချိန်တန်ပြီလို့ ပိုင်းဖြတ်လိုက်ကြပြီလား စဉ်းစားစရာပါ။

“တကယ်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့ သက်တမ်းဟာ တပ်မတော်က ဆန္ဒရှိသလောက်ပဲ တည်ရမှာပါ” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မှန်ပါတယ်။ မိသားစုအကျိုးနဲ့ ဥပဒေတွေကို ရောကြိတ်၊ ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ မောဟတွေနဲ့ ဥပဒေပြုရေးမဏ္ဍိုင် ကြီးကို တည်ဆောက်လာ ခဲ့လိုက်တာ ခုဆိုရင် လက်မရွံ့ လွှတ်တော်ကြီး သဖွယ် ရဲရဲတောက်နေတာကို မြင်နေရပါပြီ။ အခြေခံဥပဒေဟာ ပေးထားချက်တွေ ဖြစ်ပါတယ်။ ပေးထားချက်တွေကို ချိုးဖောက်နေတာ များလာပါပြီ။ ပွတ်တိုက်မှုမှာ မီးတောက်တာတွေ ဖြစ်လာပါပြီ။ ဒီအချိန်မှာ ရထားကြီးနှစ်စင်း ထိပ်တိုက်တိုးရင် ဆိုတဲ့ သတိပေးချက်ကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ ဘယ်ရထားက ထင်ရာစိုင်းပြီး မောင်းလာတာလဲ၊ ရုံပိုင်တွေ အလံချိုးတာ မစောင့်ဘဲ မီးစိမ်းမပြုဘဲ ထင်သလို မောင်းလာခဲ့တာလဲ စဉ်းစားကြဖို့ လိုပါတယ်။ ဥပဒေပြု အမတ်တွေကိုယ်တိုင် အလေးမထားရင် ဒီဥပဒေတွေ ဘယ်နေရာမှာ သုံးစားလို့ရမလဲ တွေးသင့်ပါပြီ။

အာဏာဆိုတာ ရူးတတ်ပါတယ်။ အာဏာရဲ့အရသာကို မြည်းစမ်းဖူးရုံ တင်မက စိတ်ကြိုက် မွှေနှောက် စားသောက်ဖူးသူတွေ အတွက်ကတော့ ပိုပြီးဆိုးတတ်ပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ကို အပ်နှင်းထားတဲ့ အာဏာလက်နက်ကြီးကို ပြပြပြီး ဟိုဘက်သွား ရန်ထောင်လိုက်၊ ဒီဘက်သွား ရန်ထောင်လိုက်နဲ့ နေရာတကာ ပါလေရာဖြစ်လာတဲ့ လွှတ်တော်ဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ပုံရိပ်တစ်ခုကို ကောင်းကောင်း အသုံးချနိုင် ခဲ့ပါတယ်။ ဘက်အမြင်၊ ဘက်အစွဲတွေ ရရှိလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အမျိုးသား ရင်ကြားစေ့ရေးကို ကြံ့ခိုင်ရေးနဲ့ လုပ်နိုင်ခဲ့ပေမယ့် တပ်မတော်နဲ့ကတော့ ဝေးသထက်ဝေးလာ ခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာ့နိုင်ငံရေးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလ သုံးပါးလုံးမှာ Key Stakeholder တွေအဖြစ် ရှိနေရမယ့် တပ်မတော်နဲ့ NLD ဟာ အစွန်းတစ်ဖက်စီ ရောက်ရှိရုံသာမက အာဏာရှင်ဟောင်း တွေရဲ့ ကစားကွက်ထဲမှာ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်သွားခဲ့ရ ပါတယ်။
အခုလက်ရှိ နိုင်ငံရေး ကစားနေတာက ကြံ့ခိုင်ရေးက စစ်ဗိုလ်ချုပ်အဟောင်းတွေ ဖြစ်ပြီး သူတို့ကစားကွက်မှာ အရန်လူ အနေနဲ့ NLD နဲ့ ကျန်တဲ့ပါတီတွေက ဝင်ကစားနေကြရတာပါ။ ကိုယ့်အသင်းက လူချ ကစားတာတို့၊ လူညစ်တာတို့ လုပ်ပြီဆိုရင်လည်း ‘ကိုယ့်အသင်းကွ’ ဆိုပြီး NLD ရဲ့ အားပေးမှုဟာ တစ်ဖက်မှာ ရှိနေတဲ့ တပ်မတော်အပေါ် ဆိုးကျိုးတွေ သက်ရောက်မှု ရှိခဲ့ပါတယ်။

NLD ရဲ့ နောက်ဆုံး အလောင်းအစားက ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်ပြီးတော့ ဒီရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို နိုင်ပြီဆိုရင် ၁၉၉၀ တုန်းက ပုံစံအတိုင်း လူထုအား၊ လွှတ်တော်တွင်းအားနဲ့ ပြင်ဆင်ရေးကို ဖိအားပေးမယ့်သဘော ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်ကြီးတွေ၊ လွှတ်တော်အမတ်ဟောင်း တွေဟာ သွေးပူ လေ့ကျင့်ခန်းတွေ ဟန်ရေးပြ ဆင်းနေရင်း ကက်ဘိနက်ထဲပါဖို့ မျက်နှာလေးတွေ ပြနေကြရမယ် ထင်ပါတယ်။

မဆလကို အသွင်ပြောင်းခဲ့တဲ့ တစညဟာ ၁၉၉၀ မှာ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ နယကအသင်း ကြီးကနေ အသွင်ပြောင်းခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၂ မှာ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ လူထုရဲ့ မဲပေးပုံက ပြောင်းလဲမသွား သေးပါဘူး။ အဖြေက ဒါပါပဲ။ ပညာတတ်တွေ ပေါတဲ့နိုင်ငံ၊ လူလတ်တန်းစားတွေ ထွန်းကားတဲ့နိုင်ငံတွေက Door to Door ကို မြန်မာ့ကျေးလက်တွေဆီ ယူလာခဲ့တဲ့ မဟာဗျူဟာကတော့ ကြံ့ခိုင်ရေး ခွက်ခွက်လန်ရခြင်းရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ မဟာဗျူဟာ အမှားအတွက် ပေးဆပ်ရမယ့် အရင်းအနှီးကတော့ ၂၀၂၀ မှာ ပြန်မလာနိုင်တော့တဲ့ ပါတီကြီးတစ်ခု တစညနဲ့အတူ ပေါ်ထွက်လာခြင်း ဖြစ်လာနိုင်ပါတယ်။ အဲဒါဟာ ကျေးဇူးတရားနဲ့ သစ္စာတရားတွေကို ကြိမ်ဖန်များစွာ ချိုးဖောက်ခဲ့ ကြသူတွေအတွက် ထိုက်တန်တဲ့ လက်ဆောင်မွန် ဖြစ်လာပါလိမ့်မယ်။

အိုက်ငဲ
hevoicemyanmar.com

0 comments:

Post a Comment