Tuesday, July 28, 2015

ထက်ထက်မိုးဦး ရုပ်ရှင် ပြန်ရိုက်တော့မယ်


ရုပ်သံကြော်ငြာခေတ်မှာ နှစ်ကာလ ကြာရှည်စွာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတဲ့ နောက် အနုပညာ လှုပ်ရှားမှုတွေ ကျဲပါးခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင် ထက်ထက်မိုးဦးက သြဂုတ်လအတွင်းမှာ သရုပ်ဆောင် အောင်ရဲလင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ လက်ခံထား တယ်လို့ The Voice ကို ပြောပါတယ်။“ဇာတ်လမ်းကိုတော့ ပရိသတ် စိတ်ဝင်စားမှု လျော့သွားမှာစိုးလို့ မပြောချင်သေးဘူး။ ဇာတ်ကားထဲမှာ အစ်မ သရုပ်ဆောင်ရမယ့် ကာရိုက်တာကတော့ အမှန်အတိုင်း ပြောရရင် တစ်ခါမှ မလုပ်ဖူးသေးပါဘူး။ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်ကားပါ။ အစ်မရဲ့ ပရိသတ်တွေနဲ့ လည်း ပထမဆုံး ပြန်လည် ဆုံတွေ့ရမယ့် ဇာတ်ကားပေါ့။ ရင်ခုန်မှုတစ်ခုကတော့ ကိုယ်အရမ်း ချစ်တဲ့ ပရိသတ်၊ ကိုယ်နဲ့ အမြဲတမ်း ရင်ဘတ်ချင်းနီးနေတဲ့ ပရိသတ်က ကိုယ့်အပေါ် ယုံကြည်မှု ရှိပါဦးမလား၊ ကိုယ့်အပေါ်မှာ ချစ်ပါဦးမလားလို့ နေ့စဉ်နဲ့အမျှ စိတ်ပူခဲ့ပါတယ်။ အဲဒီအတွက် ဒီဇာတ်ကားမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာပါ” လို့ မကြာမီ ရိုက်ကူးတော့မယ့် ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ရန်အောင်နဲ့ စိုးမြတ်သူဇာတို့လည်း ပါဝင်ကြမှာဖြစ်ပြီး သြဂုတ်လအတွင်း စတင် ရိုက်ကူးသွားတော့မှာ ဖြစ်ကြောင်း၊ နောက်ပိုင်းမှာလည်း သမားရိုးကျ မဟုတ်တဲ့၊ ထူးခြားတဲ့ ဇာတ်လမ်းမျိုးတွေကို ပရိသတ်တွေအတွက် လက်ခံရိုက်ကူးသွားဖို့ ရှိကြောင်း ထက်ထက်မိုးဦးက ပြောပါတယ်။

“ဒီဇာတ်ကားရဲ့ ဇာတ်လမ်းက အစ်မ နားထောင်ဖူးတာ ကြာလှပါပြီ။ မစိုးနဲ့လည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ပြောဖြစ်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့် မရိုက်ဖြစ်ခဲ့တာလည်းတော့ မသိဘူး။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့အတွက် အစ်မရဲ့ စိတ်ကို အဓိက ပြင်ဆင်ထားတယ်။ ကိုယ်လုပ်နိုင်ရမယ်။ သတ္တိရှိရမယ်။ တာဝန်ကျေရမယ်လို့ တွေးထားပါတယ်” လို့ သူက ဆိုပါတယ်။

The Voice Weekly

0 comments:

Post a Comment