Thursday, July 16, 2015

ကျွန်တော် ချစ်ခဲ့ရသော တပ်မတော်


“ကျွန်မဟာ တပ်မတော်အပေါ်ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး ဖြစ်တာမို့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်ဖြစ်စေချင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ်ကို မမုန်းသလို ကျွန်တော် ကိုယ်တိုင်လည်း တပ်မတော်အပေါ်ကို မမုန်းခဲ့ပါဘူး။ ကျွန်တော့်နည်းတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ပြည်သူသန်း (၅၀) ကျော်ကလည်း ပြည်သူ့တပ်မတော် အပေါ်ကို မမုန်းကြပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ထက် တစ်စုံတစ်ယောက်၊ တစ်ဦးတစ်ဖွဲ့ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ တပ်မတော်ဆိုရင်တော့ ပြည်သူတွေက မနှစ်မြို့ကြပါဘူး။ တကယ်တော့ ပြည်သူတွေက မုန်းတီးတာ မဟုတ်ပါဘူး။ မနှစ်မြို့တာပါ။ မုန်းတီးခြင်း နောက်ကွယ်မှာ နာကြည်းခြင်းဆိုတဲ့ သင်္ကေတတွေ ထက်ချပ်မကွာ လိုက်ပါနေတတ်ပေမယ့် မနှစ်မြို့ခြင်းဆိုတဲ့ သင်္ကေတရဲ့ နောက်မှာတော့ ပြန်လည် ရင်ကြားစေ့နိုင်ခြင်း ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေတတ်ပါတယ်။ ပြည်သူနဲ့ တပ်မတော်ဟာ “ရေကို သား၍ အကြားမထင်”ဆိုသလို ဘယ်တော့မှ ခွဲခြားပစ်လို့ မရနိုင်ကောင်းတဲ့ သံယောဇဉ်ပါ။ကျွန်တော်ဟာ အလယ်တန်း ကျောင်းသားဘ၀ကတည်းက တပ်မတော်နဲ့ နီးစပ်မှု ရှိခဲ့ပါတယ်။ ကျွန်တော့်အစ်ကို နှစ်ယောက်စလုံးဟာ တပ်မတော်သားတွေ ဖြစ်ခဲ့ကြပါတယ်။ ပြည်တွင်းစစ်မီး အရှိန် ညီးညီး တောက်လောင်ဆဲ ကာလမှာပဲ အစ်ကိုတွေဟာ တပ်မတော်ထဲကို ၀င်ရောက် သွားခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်ရဲ့ ဒဏ်ကို အသက်နဲ့ရင်းပြီး ခံစားခဲ့ကြရဖူးတဲ့ သူတွေပါ။

ရွာမှာဆိုရင် ကျွန်တော့် မိဘများရဲ့ အိမ်ဟာ ပြည်သူ့ရဲဘော်တွေရဲ့ စားအိမ် သောက်အိမ်ပေါ့။ ကျွန်တော်က ငယ်သေးတော့ သိပ်ပြီး ဂဃနဏ မသိခဲ့ပါဘူး။ ကျွန်တော်ကြီးပြင်း လာတဲ့အခါမှာ အဖေတို့ အမေတို့ အစ်ကိုကြီးတို့ ပြောပြလို့ သိခဲ့ ကြုံခဲ့ရတာပါ။ ကျွန်တော့်မိဘများရဲ့ အိမ်မှာ ပြည်သူ့ရဲဘော်တွေ ၀င်ထွက် စားသောက် နေကြပေမယ့် “ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်၏” ဆိုသလို ပါပဲ။ ကျွန်တော့်အဖေရဲ့ အသက်ဟာ နေ့လား ညလား စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရပါတယ်။ “တစ်တော တစ်ကြက်ဖ”ဆိုတဲ့ စကားလိုပါပဲ။ ကျွန်တော်တို့ ဒေသမှာလည်း သြဇာအာဏာရှိတဲ့ ပြည်သူ့ရဲဘော်အချို့ဟာ မထင်ရင် မထင်သလို ရွာသူရွာသားအချို့ကို သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။ သူတို့ စိတ်နဲ့တွေ့ဆဲ ကာလမှာ အသက်ရှင် နေထိုင်ခွင့် ရကြပေမယ့် သူတို့စိတ်နဲ့ မတွေ့တော့ဘူးဆိုရင်တော့ သေခြင်းတရားနဲ့ မိတ်ဆွေဖွဲ့ပေး တတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးတွေကြောင့် ကျွန်တော့် အဖေဟာ ရွာမှာ မနေရဲတော့ဘဲ ချောက်မြို့ပေါ်ကို ထွက်ပြေးခဲ့ရပါတယ်။ ချောက်မြို့ပေါ်မှာ တရားဥပဒေစိုးမိုးမှု ရှိနေသေးတော့ အသက်အန္တရာယ်ကို အလွန်အမင်း စိုးရိမ်စရာ မလိုဘူးပေါ့။

ကျွန်တော့်အဖေဟာ ချောက်မှာ ကျပန်းအလုပ်လုပ်ရင်း ခေတ္တတည်းခိုစရာ နေရာရှာခဲ့ပါတယ်။ ကံအားလျော်စွာ အဖေရဲ့ အစ်မ၀မ်းကွဲ အိမ်မှာ တည်းခိုခွင့် ရခဲ့ပါတယ်။ အဲဒီနောက်တော့ ရွာမှာကျန်ခဲ့တဲ့ ကျွန်တော်တို့ မိသားစုကို လှမ်းပြီး ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ မြို့ကို ထွက်ပြေးခဲ့စဉ်တုန်းကဆိုရင် ကျွန်တော်က အခါလည်သားပဲ ရှိပါသေးတယ်။ ညသန်းခေါင်ကျော် အချိန်မှာ အဘက လှည်းမောင်းပြီး ကျွန်တော်တို့သားအမိကို ပို့ပေးခဲ့တာပါ။

ည လူခြေတိတ်ချိန်လောက်မှာ လှည်းကို ပေါင်းမိုးတပ်ပြီး သားအမိတစ်တွေ တိတ်တဆိတ်ထွက် ပြေးခဲ့ကြရပါတယ်။ လမ်းမှာတွေ့ရမယ့် ရွာတွေကို ရှောင်ကွင်းပြီး လှည်းကို မောင်းခဲ့ရတဲ့အတွက်လည်း ခရီးဖင့်ခဲ့ရပါတယ်။ ရွာနားနီးရင်တော့ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသက်တောင် မရှူရဲကြပါဘူး။ တစ်ခါတစ်ရံ ကျွန်တော့် အသံထွက်သွားရင်တောင် အမေက ချက်ချင်းဆိုသလို ကျွန်တော့် ပါးစပ်ကို နို့တပ်ပြီး ပိတ်ခဲ့ပါတယ်။ အသံထွက်လို့ မဖြစ်ဘူးလေ။ အသံထွက်သွားလို့ လုံခြုံရေးကင်းက တွေ့သွားရင် ကျွန်တော့် အမေကို သိနေကြတော့ အန္တရာယ်များပါတယ်။ အမေကလည်း ရဲဘော်တွေနဲ့ အသိအကျွမ်းများတဲ့သူ ဖြစ်လေတော့ အန္တရာယ်ဆိုတာ ပြောလို့ မရပါဘူး။ အမေနဲ့ သိကျွမ်း ခင်မင်ခဲ့ကြတဲ့ သူတွေထဲမှာ မကွေးတိုင်းမှာ နာမည်ကြီး ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်ကျော် (ဗိုလ်မြတ်ကျော်)လည်း အပါအ၀င်ပေါ့။ နောက်ပြီး ဗိုလ်စံဦးတို့၊ ဗိုလ်ခင်ညိုတို့၊ ကိုစိန်ကတုံး၊ ကိုသမ္ဗုဒ္ဓေ (မမ သန်းရှင်၏ ခင်ပွန်း)တို့ ရှိသေးတယ်။ သဗ္ဗုဒ္ဓေလို့ ခေါ်တာက လက်သံပြောင်လွန်း လို့ပါ။ သူနဲ့တွေ့ရင် သမ္ဗုဒ္ဓေ ရွတ်ထားပေရော့လို့ အချင်းချင်း သတိပေးရင်းပဲ အမည်ပြောင် တွင်သွားရတာပါ။

ဗိုလ်ခင်ညိုကတော့ ကျွန်တော် မမွေးခင်မှာပဲ ဗိုလ်စံဦးတို့ လုပ်ကြံလို့ သေဆုံးခဲ့တယ်လို့ သိရတယ်။ ဦးစိန်ကတုံး (မမစောမြ၏ ခင်ပွန်း) ကတော့ ယနေ့ထက်တိုင် အသက်ထင်ရှား ရှိနေသေးတယ်လို့ သတင်း ကြားမိပါသေးတယ်။

အဲဒီလိုနဲ့ ကျွန်တော်တို့ သားအမိ တစ်တွေ သက်စွန့်ဆံဖျား ချောက်မြို့ပေါ်ကို ထွက်ပြေးလာခဲ့ ကြရပါတယ်။ ချောက်ကိုရောက်တော့ အမေက မီးယပ်ကိုင်လို့ ဆေးရုံတို့ ဆေးခန်းတို့နဲ့ အမြဲ မိတ်ဖွဲ့ထားရပါတယ်။ ဆေးဝါး စုံလင်မှုမရှိတဲ့ ပြည်တွင်း စစ်ကာလမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ကျန်းမာရေးဟာ “ကံကြမ္မာ”အပေါ်မှာ တည်မှီ နေပါတော့တယ်။ အဲဒီလို ပြည်တွင်းစစ်ရဲ့ ခါးသီးတဲ့ အနိဋ္ဌာရုံတွေကြောင့် ကျွန်တော့် အစ်ကို နှစ်ယောက်စလုံး တပ်မတော်ထဲကို ရောက်ခဲ့ကြပါတယ်။

တကယ်တော့ တပ်မတော်ဆိုတာ စည်းကမ်းသာ လိုက်နာနိုင်မယ်ဆိုရင် လူတော်လူကောင်းတွေကို မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီး တစ်ခုပါ။ စစ်စည်း ကမ်းဆိုတာတွေ၊ စစ်သည်တော် ကျင့်ဝတ်ဆိုတာတွေဟာ တကယ်လိုက်နာ နိုင်ကြမယ်ဆိုရင် လူတော်လူကောင်းတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့လည်း ခက်တာက လူဆိုတဲ့ သတ္တ၀ါဟာ လွတ်လပ်မှုကို ကြိုက်တယ်။ ချုပ်ချယ်မှုကို မနှစ်သက်ကြဘူး။ ဒီတော့ တစ်ခါတစ်ရံမှာ အလွယ်တကူ ချိုးဖောက် ပစ်လိုက်ကြတယ်။ သာမန် အသေးအဖွဲ စစ်စည်းကမ်းလောက်ကို ချိုးဖောက်တာ ပြဿနာမဟုတ်ပေမယ့် ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ရမယ့် ကိစ္စမျိုးတွေမှာ ချိုးဖောက်သွားမိရင် တကယ့် ပြဿနာကြီးပါ။ ပြည်သူဆိုတာ ကိုယ်က ဦးထိပ် ထားရမယ့် သူတွေလေ။ ကိုယ်ကိုယ်တိုင်က ပြည်သူထဲက ပေါက်ဖွားလာခဲ့ရတာပဲ မဟုတ်လား။ ကိုယ့်မိ၊ ကိုယ့်ဖတွေဟာ ပြည်သူတွေ ဖြစ်နေတဲ့အတွက် ကိုယ်ကိုယ်တိုင်လည်း ပြည်သူ့ တပ်မတော်သား တစ်ယောက် ဖြစ်ကောင်းပြီပေါ့။

ကျွန်တော့်အစ်ကို နှစ်ယောက်စလုံးဟာ နိုင်ငံတော် ကာကွယ်ရေး အတွက်ဆိုတဲ့ ခံယူချက်နဲ့ တပ်မတော်ထဲကို ၀င်ရောက် သွားခဲ့ကြပါတယ်။ ၁၉၆၀ ပြည့်နှစ် ကာလ လောက်ဆီက တပ်မတော်ထဲကို ၀င်ရောက်ခဲ့ကြတဲ့ သူတွေဟာ ခံယူချက် ပြင်းထန်ကြပါတယ်။ ရှေ့ပိုင်းကာလတွေမှာ ဆိုရင် ပိုပြီးတောင်မှ ခံယူချက်ပြင်းထန် ကြပါတယ်။ ၁၉၅၄ ခုနှစ်ကနေပြီး ၁၉၆၀ ပြည့်နှစ် ကာလလောက်အထိ တရုတ်ဖြူ နယ်ချဲ့တွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ရတယ်။ ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ လာရောက် ကျူးကျော် စော်ကားနေကြတဲ့ တရုတ်ဖြူ ကူမင်တန်တွေကို တပ်မတော်အပါအ၀င် ကျောင်းသား ပြည်သူတွေကပါ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ မြန်မာပြည်သူ တစ်ရပ်လုံး မျိုးချစ်စိတ်တွေ ပြင်းထန်နေတဲ့ ကာလပေါ့။ တစ်ဖက်က ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နေရသလို တစ်ဖက်ကလည်း ပြည်ပ နယ်ချဲ့ ကျူးကျော်မှု အန္တရာယ်တွေကို တွန်းလှန်နေကြရတယ်။ တချို့ ကျောင်းသား တွေဆိုရင် ကျောင်းတက်နေဆဲ ကာလမှာပဲ တရုတ်ဖြူ ကူမင်တန် နယ်ချဲ့တွေကို တိုက်ထုတ်ဖို့ ကျောင်းကထွက်ခဲ့ကြတယ်။ အရေးကြီးတော့ သွေးစည်းရမယ်ဆိုတဲ့ စကားလိုပဲ။ ပြည်ပ အန္တရာယ်ကြုံလာတဲ့ တနေ့ တပ်မတော်နဲ့ ကျောင်းသားတွေ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တာ သမိုင်းမှာ အထင်အရှား ရှိခဲ့ဖူးတယ်။

ပြည်တွင်း စစ်ကာလမှာလည်း ဒီလိုပါပဲ။ KNDO တွေ အင်အား ကောင်းလာတဲ့ ကာလမှာ ဆေးကျောင်းသားတွေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေဟာ စာသင်ခန်းတွေကို ကျောခိုင်းပြီး တပ်မတော်နဲ့အတူ အင်းစိန် စစ်မျက်နှာကို သွားရောက်ခဲ့ကြတယ်။ ဆေးထိုးအပ်ကိုင်ရမယ့် လက်တွေဟာ လူသတ်လက်နက်ကို ပြောင်းပြီး ကိုင်လိုက်ကြရတယ်။ ပြည်တွင်း ငြိမ်းချမ်းမှုမရှိဘဲနဲ့ စာသင်ခန်းတွေဟာ လုံခြုံအေးချမ်းမှု မရှိနိုင်ဘူးလို့ ခံယူထားတဲ့ အတွက် စာသင်ခန်းတွေကို ကျောခိုင်း ခဲ့ကြရတယ်။

ကျွန်တော့် အစ်ကိုတွေဟာ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးနိုင်ရေးတို့အတွက် စာသင်ခန်းတွေကို စွန့်ခွာခဲ့ကြရတယ်။ ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် တပ်မတော်ထဲကို ရောက်ခဲ့ကြရတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့ကြတယ်။ အဲဒါကြောင့်လည်း တစ်ချိန်က ပြည်သူတွေဟာ တပ်မတော်ကို ချစ်ခင်လေးစား ကြည်ညိုခဲ့ကြတယ်။ တပ်မတော်သားတွေဟာ သွားလေရာမှာ မျက်နှာပွင့် ခဲ့ကြတယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်ခဲ့ကြတယ်။ စစ်ဗိုလ်မှ မဟုတ်ဘူး။ စစ်သားလေးတွေကို ပိုပြီး မေတ္တာသက်ဝင် ချစ်ခင်ခဲ့ကြတယ်။ ရှေ့တန်း စစ်မျက်နှာမှာ အစားဆင်းရဲ၊ အနေဆင်းရဲ၊ အ၀တ်ဆင်းရဲနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် ပေးနေကြပါလားဆိုတဲ့ အသိနဲ့ ရှေ့တန်းက ပြန်လာတိုင်း နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်။ ရဲဘော်လေးတွေရဲ့ လည်ပင်းမှာ ပြည်သူတွေရဲ့ မေတ္တာပန်းတွေကို ဝေေ၀ဆာဆာ သီကုံးပေးခဲ့ကြတယ်။ ပြည်သူတွေရဲ့ နှလုံးသားက စီးဆင်းလာတဲ့ မေတ္တာရေ အလျဉ်ဟာ ရဲဘော်လေးတွေရဲ့ နှလုံးသားထဲကို စိမ့်ဝင်သွားခဲ့တယ်။ ရဲဘော်လေးတွေဟာ ပြည်သူ့ မေတ္တာကြောင့် မျက်ရည်တွေ စီးဆင်း လာခဲ့ကြတယ်။ “၀မ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ်” ဆိုတာ ဒီမြင်ကွင်းမျိုးပဲ ဖြစ်မှာပါ။

အတိတ်ကို ပြန်တွေးရင် လွမ်းဆွေးစရာတွေ ဖြစ်ရပါတယ်။ တစ်ချိန်သောအခါက တပ်မတော်ရယ်၊ ပြည်သူရယ်၊ ကျောင်းသားတွေရယ် နိုင်ငံတော် ကာကွယ်ရေး အတွက် စည်းလုံးညီညွတ်ခဲ့ကြဖူးတယ်။ တပ်မတော်ကိုယ်တိုင် ပြည်သူ့မေတ္တာကို ခံယူနိုင်ခဲ့ကြတယ်။ ပြည်သူတွေကလည်း တပ်မတော်သားတွေအပေါ်မှာ ရင်ကဖြစ်တဲ့ သားအရင်းနဲ့မခြား ရောက်လေရာ အရပ်မှာ ကြည်ဖြူစွာ ဆက်ဆံခဲ့ကြတယ်။ ဖက်ဆစ်တော်လှန်ရေး ကာလတုန်းကများဆိုရင် ဂျပန်ရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတွက် ပြောက်ကျားရဲဘော်လေးကို အပျိုလေးတန်မယ့် ခြင်ထောင်ထဲမှာ လင်သား အဖြစ် သရုပ်ဆောင်ပေးခဲ့ဖူးပါတယ်။ အဲဒီလောက်အထိ ရဲဘော် (မျိုးချစ်တပ်မတော်) အပေါ်ကို မေတ္တာထားခဲ့ကြတာပါ။

ဒါတွေဟာ တစ်ခါက တစ်ဘ၀ ဖြစ်သွားခဲ့လေပြီလား။ ယနေ့ တပ်မတော် အပေါ်မှာ ပြည်သူတွေက ဘယ်လို သဘောထားနေကြပြီလဲ။ စစ်တန်းလျား တွေထဲက ထွက်လာပြီး ပြည်သူ့ဆန္ဒတွေကို နားထောင် ကြည့်ကြဖို့ အချိန်တန်ပါပြီ။ တစ်ချိန်က တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေများ ကွာခြားသွားပြီလဲ။ ဘာကြောင့် ကွာခြားသွားရတာလဲ ဆိုတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို ရှာဖွေသင့်ပါပြီ။

စစ်တန်းလျားတွေထဲမှာ၊ လွှတ်တော်ထဲမှာ ထိုင်နေရုံနဲ့တော့ ပြည်သူ့ဘ၀ အစစ်အမှန်တွေကို နားလည်လာကြမှာ မဟုတ်ပါဘူး။ ပြည်သူ့ဘ၀နဲ့ ပြည်သူ့ဆန္ဒအမှန်ကို သိနားလည်အောင် ကြိုးစားကြရမယ့် အချိန် ရောက်ပြီလို့ပဲ သတိပေးလိုက် ပါရစေလား ခင်ဗျာ။

သိန်းမြင့်ညို (ချောက်) 
Messenger News Journal

0 comments:

Post a Comment