Thursday, July 9, 2015

ငြိမ်းချမ်းရေးသံစဉ်ကို နားဝင်မချိုသော ရာဇ၀တ်ကောင်ကြီးများ၏ နေ၀င်ချိန်




လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အကြိမ်ကြိမ်ဆွေးနွေးခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး စိတ်ကုန်စရာ ကောင်းတဲ့ အခြေအနေကိုရောက်မှန်းမသိ ရောက်နေခဲ့တာ တွေ့ရပါသည်။ ငြိမ်းချမ်းရေး ညှိနှိုင်းအစည်းအဝေး ဆိုသော်လည်း အစိုးရနဲ့တပ်မတော်ဘက်ကသာ ငြိမ်းချမ်းရေးရဖို့အတွက် အတော်များများကို လိုက်လျောပေး ခဲ့ရတာတွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကတော့ ငြိမ်းချမ်းရေးကို ညှိနှိုင်းဖို့ထက် အတောင်းအရမ်းထူ၊ ရသမျှယူစနစ်နဲ့ ငြိမ်းချမ်းရေးခရီးကြန့်ကြာအောင် ဆွဲဆန့်နေ ကြောင်း ပေါ်လွင်နေခဲ့တာ တွေ့ရပါသည်။ အချိန်ကြာလာတာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အတူ UWSA(၀)၊ MNDAA (ကိုးကန့်)၊ KIA(ကချင်)၊ NDAA(မိုင်းလား) စတဲ့အဖွဲ့တွေရဲ့ ခေါင်းဆောင်များဟာ ရာဇ၀တ်ကောင်တွေဖြစ်ကြောင်း ထင်ရှားပေါ်လွင်လာ ခဲ့ပါတော့သည်။ ၎င်းတို့၏ လက်နက်ကိုင်အကာအကွယ်ယူ၍ တရားမ၀င် စီးပွားရေးများ ဆောင်ရွက် ခြင်း၊ ပြည်သူလူထုအပေါ် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ အကြောက်တရားဖြင့် ဆက်ကြေးများ ကောက်ခံမှုများကို ယခင် တစ်နိုင်ငံလုံးက ပြည်သူတွေမသိကြပေမယ့် ယခုလိုမီဒီယာလွတ်လပ်ခွင့်ရနေတဲ့အချိန်မှာတော့ ၎င်းတို့ရဲ့ ရာဇ၀တ်မှု ကျူးလွန်နေခြင်းတွေဟာ ဖုံးကွယ်၍မရတော့ဘဲ ဗူးပေါ်သလို ပေါ်ပေါက်လာခဲ့ ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိသော နယ်စပ်ဒေသမှ မူးယစ်ဆေးဝါးများ
ရာဇ၀တ်ကောင်ကြီးများသည် လက်နက်ကိုင်အာဏာနှင့်တရားမ၀င်ငွေကြေးများဖြင့်ချမ်းသာကြွယ်ဝလာမှုကြောင့် အာဏာ လွှဲပြောင်းပေးခြင်းမရှိဘဲ သေသည်အထိ ဖက်တွယ်နေကြသူများပဲ ဖြစ်ပါသည်။ လက်အောက်ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးလိုလားသော်လည်း ရာဇ၀တ်ကောင်ကြီးများ၏ အကြောက်တရားဖြင့်လွှမ်းမိုးခံရမှုနှင့် ဆွေတော်မျိုးတော်တို့ကို အာဏာခွဲဝေပေးထားမှုကြောင့် မသေရုံတမယ် စားရရုံ၊ သတိရမှပေးတတ်သော ထောက်ပံ့ငွေလေးများဖြင့် ဘ၀ဆုံး နေကြရသော တိုင်းရင်းသားလက်နက်ကိုင် ရဲဘော်လေးများ၏ ဘ၀သည်လည်း သနား စရာပင်ဖြစ်ပေသည်။ ဒါ့အပြင် ရာဇ၀တ်ကောင်ကြီးများအနေဖြင့် လူမဆန်သောလုပ်ရပ်များစေခိုင်း၍ ဘိန်းကျွေးခြင်းဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွင်းက ရဲဘော်လေးများ၏ဘ၀သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများဖြင့် ရည်ရွယ်ချက်ပျောက်ဆုံးကာ မူးယစ် ဆေးဝါး၏ သားကောင် အဖြစ် လူညွန့်တုံးနေရပေသည်။
ရာဇ၀တ်ကောင်ကြီးများကတော့ မူးယစ်ဆေးဝါးအကြီးအကျယ်ဖြန့်ဖြူးရောင်းချခြင်း၊ လက်နက် စက်ရုံ တည်ဆောက်ခြင်း၊ လက်နက်မှောင်ခိုပြုလုပ်ခြင်း၊ ဒေသခံပြည်သူလူထုအား သေနတ်ပြောင်းဝမှ အာဏာဖြင့် ဆက်ကြေးကောက်ခံခြင်းတို့ဖြင့် မိသားစု သားစဉ်မြေးဆက် ဆယ်သက်စားမကုန်အောင် ချမ်းသာကြွယ်ဝလာ ခဲ့သော်လည်း လက်အောက်ငယ်သားများ၏ ဘ၀ကတော့ မူးယစ်ဆေးဝါး၏ ကျေးကျွန်များဖြစ်နေရသည်မှာ စိတ်မကောင်းစရာဘဲဖြစ်နေပါသည်။ ရာဇ၀တ်ကောင်ကြီး များသည် မတရားမှုနည်းလမ်းပေါင်းစုံဖြင့် ရရှိလာသော ငွေကြေးများကို ငြိမ်းချမ်းရေးဆွေးနွေးနေဆဲကာလများကိုအသုံး ချကာ ငွေကြေးခ၀ါချမှုများပြုလုပ်လာ ခဲ့ကြပြန်ပါသည်။ ဥပမာအားဖြင့် UWSA(၀) ရာဇ၀တ်ကောင်များသည် ဟုန်ပန်း ကုမ္ပဏီ(သော်တာဝန်း)၊ ဂျီအယ်ကုမ္ပဏီ၊ မြန်မာ-တကောင်း ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တိရိစ္ဆာန်အစာစပ် လုပ်ငန်းများဖြင့် ငွေကြေး ခ၀ါချမှုများပြုလုပ်နေသလို အခြားရာဇ၀တ်ကောင်ကြီးများသည်လည်း ထိုထက်မလျှော့သော့ နည်းများဖြင့် ငွေကြေးခ၀ါချမှုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ကြားသိနေရပါသည်။ အဆိုပါ အချက်အလက် မှတ်တမ်းများသည် ယခုလိုအချိန်အခါတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များတွင် ပြည့်ပြည့်စုံစုံရှိနေမည်မှာလည်း မလွဲဧကန် ပင် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးအတွက် အခြေခံဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း(NCA)မှာလည်း ဒို့တာဝန်အရေးသုံးပါးနဲ့ တပ်မတော်၏ မူဝါဒ ၆ ချက်ကလွဲရင် အားလုံးလိုက်လျောပြီးဖြစ်တာကြောင့် ဒီရာဇ၀တ်ကောင်တွေရဲ့ နောက်ထပ် တောင်းဆိုချက်တွေကို လိုက်လျောဖို့မလိုသလို ဒီငွေကြေးခ၀ါ ချမှုလုပ်ငန်းတွေကိုလည်း အစိုးရအနေနဲ့ တားဆီးသင့်ပြီ ဖြစ်ပါသည်။
ကိုယ်ကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးကို ခုတုံးလုပ်ကာ လူမဆန်သော လုပ်ရပ်များဆောင်ရွက်နေသော ရာဇ၀တ်ကောင်တွေကို အစိုးရအနေဖြင့် မျက်ကွယ်မှာတရားစီရင်ပြီး ၀ရမ်းပြေးများအဖြစ်လည်း ထုတ်ပြန်ကြေညာ သင့်ကြောင်း အကြံပေးလိုပါသည်။ ၎င်းအပြင် ငွေကြေးခ၀ါချမှု များတွင် ရာဇ၀တ်ကောင်များနှင့် တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်ဆက်ဆံနေသော ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း တရားဝင် အခွန်ဆောင်ခိုင်းဖို့ လိုအပ်မည် ဖြစ်ပါသည်။
ဒါ့အပြင် ရာဇ၀တ်ကောင်များ၏ အဓိကစီးပွားရေးဖြစ်သော မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှု မပြုလုပ် နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်သင့်သလို ပြည်တွင်းတွင်လည်း မူးယစ် ဆေးဝါးတိုက်ဖျက်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများစုပေါင်းကာ ဖမ်းဆီးရမည် ဖြစ်ပါသည်။

ယနေ့ခေတ်ကာလသည် သတင်းခေတ်ဖြစ်သည်နှင့်အညီ မည်သည့်မကောင်းမှုဒုစရိုက် လုပ်ငန်းများမဆို ဖုံးကွယ်၍ မရနိုင်ကြောင်း ရာဇ၀တ်ကောင်ကြီးများ သိသင့်ပြီဖြစ်ပါသည်။ ဒါကြောင့် မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း အစွန်အဖျားဒေသတို့မှာ သူပုန်အဖြစ် အသက်ထက်ဆုံး နေထိုင်ကြမှာလား၊ မိမိ၏သားသမီး၊ မြေး၊ မြစ် ဆွေစဉ်မျိုးဆက် သည်လည်း ရာဇ၀တ်ကောင်များ၏ အမျိုးအနွယ်အနေဖြင့် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမျှ သွားလို့မရသူတွေအဖြစ် အမွေပေးခဲ့ချင်သလား၊ ထိုသို့မဟုတ်ဘဲ ငြိမ်းချမ်းရေး မျှော်လင့်နေတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဆွေမျိုးသားချင်းများ၏ အနာဂတ်လှပဖို့အတွက် ငြိမ်းချမ်းရေးခရီး အဆုံးသတ်မှာလား ရာဇ၀တ်ကောင်ကြီးများ ရွေးချယ်ဖို့လိုအပ်နေပြီဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုရှိရမည်ဖြစ်သလို တည်ငြိမ်အေးချမ်းမှု ရှိအောင်လည်း ဥပဒေဖြင့်ထိန်းချုပ်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု၊ အများစု အတွက်ကြည့်ကာ ငြိမ်းချမ်းရေးသံစဉ်ကို နားဝင်မချိုတော့သော တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ရာဇ၀တ်ကောင်ကြီးများ၏ မူးယစ်ဆေးဝါးရောင်းချမှု၊ တရားမ၀င်သစ်ခိုးထုတ်မှု၊ ငွေကြေးခ၀ါချမှု၊ ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေမှုတို့အတွက် တည်ဆဲဥပဒေများအတိုင်း ပြတ်ပြတ်သားသား အရေးယူမည်ဆိုပါက ကျွန်တော်တို့ ပြည်သူတွေအနေဖြင့်လည်း ၎င်းတို့၏ရာဇ၀တ်မှု ကျူးလွန်ခြင်းများအပေါ် ၀ိုင်းဝန်းပူးပေါင်း ဖော်ထုတ်သတင်းပေးသွားဖို့ အသင့်ရှိပါကြောင်း သိစေချင်မိပါသည်။ ဒီလိုသာ အစိုးရ၊ တပ်မတော်၊ ဒေသခံတိုင်းရင်းသားများနှင့် ကျွန်တော်တို့ ပြည်သူများ၏ စုပေါင်းအားနှင့်သာ တိုက်ပွဲဝင်ပါက ရာဇ၀တ်ကောင်တို့၏ နေ၀င်ချိန်ရက်များ မကြာမီရောက်ရှိသွားမည်မှာ သေချာလျက်ရှိပါကြောင်း ဖော်ထုတ်ရေးသားလိုက်ရပါသည်။

Today Myanmar

0 comments:

Post a Comment