Saturday, July 18, 2015

ဒေါနတောင်တန်းကြီးအနီး ဒေါသကြီးလေသောအခါ

အာရှလမ်းမကြီးပေါ်တွင် အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့တို့ လုံခြုံရေးယူထားစဉ်/ဓာတ်ပုံ − နယ်ခြားစောင့်တပ်ဖွဲ

အိမ်နီးချင်းထိုင်းနိုင်ငံနှင့်ထားရှိသော ကတိက၀တ်အရ အာရှလမ်းမကြီး မြ၀တီ-ကော့ကရိတ် လမ်းပိုင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရန် အစိုးရက စီစဉ်နေသည်။ ထိုအစီအစဉ်စတင်ခဲ့သည့် ဇူလိုင်လဆန်းမှာပင် ယခင်က ယင်းလမ်းမပေါ် ဘုရင်တစ်ပါးကဲ့သို့နေခဲ့သည့် ဒေသတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဒီကေဘီအေနှင့်အစိုးရတပ်မတော်တို့ ထိပ်တိုက်တွေ့ခဲ့ကြသည်။ဒေသတွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စနစ်ကျသော ဆွေးနွေးမှုမပြုလုပ်ခဲ့သော်လည်း မြန်မာအစိုးရသည်ထိုင်းအစိုးရနှင့်အတူ ခမ်းခမ်းနားနားဖွင့်လှစ်မည့် အာရှလမ်းမကြီးအတွက် များစွာစိတ်ကူးယဉ်ခဲ့ပါသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့မှရရှိသော သတင်းများအရမူ လာမည့် ဇူလိုင် ၂၀တွင် ဖွင့်လှစ်မည်ဟု မူလကစီစဉ်ထားခဲ့သည့် အာရှလမ်းမကြီးဖွင့်ပွဲ၌မြန်မာနိုင်ငံသမ္မတ (သို့မဟုတ်) ဒုတိယသမ္မတက အစိုးရအဖွဲ့ဝင် လူအင်အား ၁၅၀ခန့်ဖြင့် တက်ရောက်မည်ဖြစ်ပြီး ထိုင်းအစိုးရဘက်ကလည်း အလားတူ စီစဉ်ထားခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့ထံမှ သတင်းရရှိသည်။

သို့သော် အစမကောင်းခဲ့လေသော အာရှလမ်းမကြီး၏ ရှုပ်ထွေးမှုသည် အနှောင်းမသေချာသော အခြေအနေရောက်လာသောအခါတွင်တော့ ဒေါနတောင်ရင်ခွင်အတွင်း အစိုးရတပ်မတော်နှင့် ဒီကေဘီအေစစ်မီးတစ်စမွှေးခဲ့ကြ လေသည်။ ဇူလိုင် ၂ရက်က စတင်ခဲ့သည့် နှစ်ဖက်စစ်မီးတောက်သည် ဆယ်ရက်ကျော်သည်အထိ မငြိမ်းနိုင်သေးဘဲ ဆက်၍တောက် လောင်နေသည်။ အစိုးရတပ်မတော်ဘက်မှ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မတော်(BGF)က ကူတိုက်ခိုက်ပေးနေပြီး ဒီကေဘီအေဘက်မှဒေသတွင်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည့် KNU/KNLA-PCက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကရင်တိုင်းရင်းသားခေါင်းဆောင်များကဆိုကြသည်။ တရုတ်နိုင်ငံနယ် စပ်ဒေသမှလောက်ကိုင်တိုက်ပွဲ နှင့် အသွင်သဏ္ဌာန်ရော အကြောင်းအရာပါ ကွဲပြားကာ သွေးချင်းညီနောင်ချင်းပြန်လည်တိုက်ခိုက်နေကြသည်မှာ ကရင်ပြည် နယ်ဒေသတွင်းအေးချမ်းရေးအတွက် အမြန်ဆုံးဖြေရှင်းရမည့် အရေးကြီးဆုံးပြဿနာတစ်ခုဖြစ်လာပါသည်။

‘‘စစ်ဦးဘီလူးတဲ့။ ဘယ်စစ်ပဲ ဖြစ်ဖြစ် မကောင်းဘူး။ ဘယ်ဘက်မှလည်း မျက်နှာမလိုက်ဘူး။ KUPCအနေနဲ့လည်း နှစ်ဖက်စလုံး ကို Requstလုပ်ထားပြီးသား။ ကျွန်မတို့တွေလည်း စစ်အတွင်းမှာ မွေးလာခဲ့ရတာ။ ဟိုပြေးဒီပြေးနဲ့ စစ်ရဲ့ အနိဋ္ဌာရုံတွေကိုသိနေတယ်။ ဒါကြောင့် စစ်ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်စေချင်ဘူး။အမှန်အမှားဆိုတာတွေကို စားပွဲပေါ်မှာပဲ ဆွေးနွေးစေချင် တယ်’’ဟု ကရင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် နန့်ခင်အေးဝင်းကအကြံပြုသည်။

တိုက်ပွဲကာလအတွင်း အနည်းဆုံးအရပ်သားသုံးဦးဒဏ်ရာ ရခဲ့သည်။ တိုက်ပွဲနှင့် အနီးဆုံးနေရာရှိကျေးရွာများမှ ဒေသခံလူဦး ရေ သုံးရာထက်မနည်းစစ်ဘေး လွတ်ရာသို့ ရှောင်ပေးခဲ့ရသည်။ ထောင်းလက်စဆန်ဆုံ၊ စိုက်လက် စတောင်ယာတို့ကို နေအိမ်တွင် ထားခဲ့ရကာ နီးစပ်ရာဘုန်းကြီး ကျောင်းများတွင် ခိုလှုံနေခဲ့ရသည်။ ကရင်ပြည်နယ်၏ ဒုတိယမြို့တော်ဟု နာမည်ပေးကင်ပွန်းတပ်ခဲ့ကြသည့် ကော့ကရိတ်မြို့ထဲနှင့် မြို့အနီးဝန်းကျင်တွင် လက်နက်ကြီးဆယ်ကြိမ်အထက် ကျခဲ့သည်။ ဇူလိုင် ၁၃ ရက် ညကပင် ကော့ကရိတ်မြို့နယ်ရဲစခန်း၊ ရဲရိပ်သာအနီး လက်နက်ကြီးအပစ်ခံရသည်အထိ တိုက်ပွဲ၏အရှိန်မှာမြို့ ပေါ်သို့ပင် ခြိမ်းခြောက်ခဲ့သည်။ အစိုးရကျောင်းများ တရားဝင်မပိတ်သော်လည်း စာသင်ခန်းများထဲတွင် ခြောက်ကပ်ကပ်သာဖြစ်ခဲ့သည်။ မိဘများက ၎င်းတို့၏သား၊ သမီးများကို ကျောင်းသို့ မလွှတ်ရဲခဲ့ပေ။

‘‘သူတို့တောင်ယာသူတို့ အေးအေးဆေးဆေး လုပ်ပါလို့ ပြောထားတယ်။ ပြည်သူက ရန် သူမဟုတ်သလို ဒိုင်းလည်းမဟုတ် ဘူး။ ပြည်သူကိုအတတ်နိုင်ဆုံး ကာဗာပေးရမှာအစ်ကိုတို့တာဝန် ပဲလေ။ အခုလို စစ်ဖြစ်နေလို့ ပြည်သူတွေအလုပ်ပျက်အကိုင် ပျက်ဖြစ်နေတာကို စိတ်မကောင်း တာ’’ဟု ကရင်ပြည်နယ် နယ်ခြား စောင့်တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင် ဇော်ကပြောသည်။

ဒေါနတောင်တန်းအနီးဝန်း ကျင်ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ကို ရပ်တန့်နိုင်ရေးအတွက် က ရင်တိုင်းရင်းသားခေါင်းဆောင် များက အစဉ်တစိုက်တောင်းဆို နေကြသည်။ အခြေအနေမှာ ထူး ခြားမလာသေး။ နောက်ဆုံးတွင် စကတည်းကယဉ်ခဲ့သည့် အာရှ လမ်းမကြီးစီမံကိန်းမှာဒေသတွင်း ငြိမ်းချမ်းကိုထိခိုက်စေပြီး တိုက်ပွဲ များအမြန်ဆုံးရပ်တန့်ကာ ဆွေး နွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် ကရင်ငြိမ်းချမ်းရေးအထောက် အ ကူပြုကွန်ရက် (KPSN) အသိုက် အ၀န်းဖြစ်သည့် ကရင်အရပ်ဘက် အဖွဲ့အစည်း ၂၅ ခုက ကြေညာချက်ထုတ်ပြန်လိုက်သည်။

၎င်းတို့ထုတ်ပြန်ချက်၏ အ နှစ်ချုပ်သုံးသပ်ချက်မှာအာရှလမ်းမကြီးပြဿနာမှစကာ ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားခြင်းက အဖြေပေးလိုက်သည်မှာ တည်မြဲသော အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးသဘောတူညီချက်များ မရရှိသေးမီ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်ခြင်းသည် ပဋိပက္ခကိုပိုမိုဆိုးရွားစေပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိခိုက်လျော့ပါးစေကာ ပြည်သူလူထု၏ လုံခြုံရေးကိုလည်း ထိခိုက်စေသည်ဟူ၍။

ငြိမ်းချမ်းရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ဝင် ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ အဘိုးစောဒေါနက ‘‘ကျွန်တော်တို့က အရပ်ဘက်ဖြစ်တဲ့အခါ ကျွန်တော်တို့ဘက်မလိုက်ဘူး။ အမှန်အတိုင်းပဲ ပြောတယ်လေ။ ငြိမ်ချမ်းရေးတကယ်လိုချင်တာက တပ်မတော်ရော လက်နက်ကိုင်အဖွဲ့အစည်းတွေမဟုတ်ဘူး။ တကယ့်ငြိမ်းချမ်းရေးလိုချင်တာက ပြည်သူလူထုပဲ။ ခံရလည်း ပြည်သူလူထုပဲခံရတယ်’’ဟု ၎င်း၏အမြင်ကိုပြောသည်။

ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်KPSN က အာရှလမ်းမကြီး ပြသနာ ဖြေရှင်းနိုင်ရန် ဒေသတွင်း သြဇာအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အပြင် အစိုးရနှင့်လည်း နီးစပ်သော ဆက်ဆံရေးရှိနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)က ကြားဝင်ဖြန်ပေးရေးရန် အကြံပြုထားသည်။ ထို့အပြင် ယခုပြဿနာအား အစိုးရတပ်မတ်ေအနေဖြင့် အင်အားသုံးဖြေရှင်းမည့်အစား ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန်တိုက်တွန်းထားသည်။

အာရှလမ်းမကြီး ပြဿနာကြောင့် ကရင်ပြည်နယ်တွင် စစ်မီးတောက်ခဲ့ရသည့်အပေါ် သင်ခန်းစာယူကာ ကရင်တိုင်းရင်သား ခေါင်းဆောင်ကြီးများက ရေရှည်အတွက်ပါ စိုးရိမ်ပူပန်မှု ရှိနေသည်။ ထို့ကြောင့် ပြည်နယ်အတွင်း အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများအား ငွေကြေးထောက်ပံ့မှုပေး နေသည့် ထိုင်းနိုင်ငံ၊အာရှဖွံ့ဖြိုး ရေးဘဏ်၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့်အခြားအဖွဲ့အစည်းများကိုလည်း ၎င်းတို့၏ လုပ်ငန်းလုပ်နည်းကိုင်နည်းတွင် ပဋိပက္ခပိုင်းဆိုင်ရာစိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားသွားရန်နှင့် ပြန်လည် လေ့လာသုံးသပ်သင့်သည်ဟု သတင်းစကားပါးထားသည်။ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းနည်းနည်းဗျူဟာများအား လက်ရှိမြေပေါ်တွင် ဖြစ်ပေါ်နေသည့် လတ်တလောနိုင်ငံရေး အခြေအနေများ နှင့်အညီ ရေးဆွဲသင့်သည်ဟု အကြံပြုထားသည်။

ထို့အပြင် ကရင်တိုင်းရင်း သားခေါင်းဆောင်အားလုံးတညီတညွတ်တည်းပြောကြသည်မှာ အစိုးရတပ်မတော်နှင့် ဒီကေဘီ အေဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာရန်ဖြစ်သည်။ တိုက်ပွဲစ တင်ဖြစ်ပွားသည့် ဇူလိုင် ၂ ရက်က ပင် ရန်ကုန်မြို့တွင်ကျင်းပနေ သည့် ကရင်အမျိုးသားအကြိုညီလာခံရောက် ကရင်တိုင်းရင်းသား ခေါင်းဆောင်များ တိုက်ပွဲဖြစ်ရာ နေရာသို့လိုက်ပြီး ညှိနှိုင်းပေးရန် ကြိုးစားခဲ့ကြသည်။ ကရင်အမျိုး သားအကြိုညီလာခံရောက်ကိုယ် စားလှယ်ဦးရေ ၆၀၀ ကျော်ကလည်း နှစ်ဖက်တိုက်ပွဲများအမြန် ဆုံးရပ်တန့်ရန် တောင်းဆိုခဲ့ကြ သည်။ တကယ့်မြေပြင်တွင်တော့ တိုက်ပွဲခေါ်သံ ပို၍ကျယ်လောင် လာခဲ့သည်။

‘‘KUPC ကနေ သူတို့နှစ်ဖက်စလုံးကို အကြောင်းကြားထားတယ်။ အပစ်အခတ်ရပ်စဲဖို့။ ငြိမ်း ချမ်းအောင်လုပ်ကြဖို့၊ လူကြီးချင်း ညှိတဲ့အခါ အဆင်ပြေသွားပြီလို့ သိရတယ်။ အခုပြန်ပြီးတော့ အနည်းအကျဉ်းပစ်ခတ်မှုရှိတာကတော့ အောက်ခြေရဲ့ သဘောထားတွေပဲလေ။ အောက်ခြေကတော့ သိတဲ့အတိုင်း မကျေနပ်ချက်တွေ။ တစ်ယောက်နဲ့တစ်ယောက် မခံချင်စိတ်တွေရှိတယ်။ ဒါတွေက တဖြည်းဖြည်းပျောက်သွားမှာပါ’’ ဟု ကရင်ပြည်သူ့ပါတီ(KPP) အထွေထွေအတွင်းရေးမှူး စောစေးဝါးက ပြောသည်။

သို့သော် တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲပင်။ အစိုး ရတပ်မတော်က လက်ရှိ၎င်းတို့ကို တိုက်ခိုက်နေသည့် ဒီကေဘီအေ အဖွဲ့ကို အမြစ်ပြတ်တိုက်ခိုက်သွား ဖွယ်ရှိနေသည်ဟု ဒေသတွင်း အရင်းအမြစ်များက ပြောနေကြ သည်။ အစိုးရတပ်မတော်နှင့် ဒီကေဘီအေ ဖြစ်ပွားသော တိုက်ပွဲ အသွင်ဖြစ်ခဲ့သော်လည်း ဒီကေဘီအေစစ်ဦးစီးချုပ်အပါအ၀င် ခေါင်း ဆောင်ပိုင်းက ယင်းစစ်ပွဲကို အားမပေးခဲ့ပေ။ လက်ရှိတိုက်ခိုက်နေသည့် ဒီကေဘီအေ ကလို့ထူးဘော တပ်ဖွဲ့မှ ဗိုလ်ချုပ်စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်ကိုပင် ဌာနချုပ်ဆုံဆည်းမြိုင်တွင် လက်ခံမထားရန် စင်ကာပူတွင် ဆေးကုနေသည့် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလားပွယ်က ဖုန်းမှတစ်ဆင့် ညွှန်ကြားထား သည်ဟု သတင်းများထွက်ပေါ်နေသည်။ စောဆန်းအောင်နှင့် စောကျော်သက်တို့ကတော့ ယင်း သတင်းမှာ မဟုတ်ဟု ငြင်းဆိုကြ သည်။

အစိုးရက ဇူလိုင်၁၁ရက်တွင် သတင်းထုတ်ပြန်ရာ အစိုးရတပ်မတော်နှင့် တိုက်ခိုက်သည့်အဖွဲ့မှာ ဒီကေဘီအေလက်အောက်ခံဖြစ်သည့် ကလို့ထူးဘောကရင် အ စည်းအရုံး(KKO) အဖွဲ့ဟု ခေါင်းစဉ်တပ်ခဲ့ခြင်းကြောင့် ဒီကေ ဘီအေခေါင်းဆောင်ပိုင်းနှင့် မသက် ဆိုင်ဟု ဆိုလိုရာ ရောက်နေသည်။ တပ်မတော်အနေဖြင့် လက်ရှိတိုက်ပွဲကို အပြီးသတ်ဖွယ်ရှိနေသည်ဟု ဒေသခံများက ယူဆထားသလို ဒေသတွင်းလုံခြုံရေးအတွက်လည်း စိုးရိမ်နေရသည်ဟု ဆိုကြ သည်။ စောကျော်သက်တို့က လည်း ၎င်းတို့တပ်ဖွဲ့အနေဖြင့် အာရှလမ်းမကြီးရော ဒေါနတောင် ပတ်လမ်းမှပါ ဆုတ်ခွာခဲ့ပြီဖြစ်ပြီး အစိုးရတပ်မတော်က လိုက်လံ တိုက်ခိုက်ပါက ပြန်လည်ခုခံမည်ဟု ဒေသတွင်း သတင်းမီဒီယာများ မှတစ်ဆင့် ပြောကြားထားသည်။

ကော့ကရိတ်မြို့ဒေသခံ ဦးအောင်တိုးက ‘‘ကျွန်တော်တို့ဒေသက တစ်ချိန်က အမည်းရောင်ဒေသ ဆိုပြီး ကျော်ကြားခဲ့တာ။ အဲဒီတုန်း ကဆိုဘာမှလွတ်လပ်မှုမရှိခဲ့ဘူး။ ပညာရေး၊ လမ်းပန်းဆက်သွယ် ရေး အဘက်ဘက်ကနိမ့်ကျခဲ့တာ။ အခုငြိမ်းချမ်းရေးယူခဲ့တဲ့နှစ်တွေမှာ ပညာရေးလမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်လာခဲ့တာမျက် မြင်ပဲလေ။ ငြိမ်းချမ်းချင်တာပေါ့’’ ဟု လေးပင်စွာဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာက ဒေါနတောင်အနီးဝန်းကျင်တွင် လူငါးဦးသေဆုံးစေခဲ့သည့် အစိုးရ တပ်မတော်နှင့် ဒီကေဘီအေ ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ယခုတစ်ကြိမ်လောက်သက်ဆိုးမရှည်ခဲ့ပေ။ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်ရက် ပိုင်းအတွင်း သေနတ်သံတို့ တိတ်ဆိတ်စေခဲ့သည်။ ယခုဖြစ်စဉ်တွင်မူ အစိုးရဘက်ကလည်း နိုင်ငံတကာတွင်ဂုဏ်သိက္ခာအရ အရေးပါနေသည့် အာရှလမ်းမကြီး အချိန်မီ ဖွင့်လှစ်နိုင်ရေး ဦးစားပေးမည်ဖြစ်ကာ ဒီကေဘီအေဘက်ကလည်း ၎င်းတို့၏ ဇာတိချက်ကြွေမွေးရပ်မြေကို တပ်မက်ခြင်းနောက်မှပါလာသည့် အတ္တများကြောင့် ဒေါနတောင်အနီး ဒေါသမီးတို့ ဆက်လက်မလောင်ကျွမ်းစေရန်ဒေသခံများက ဆန္ဒရှိနေကြပါသည်။

7Day Daily

0 comments:

Post a Comment