Tuesday, July 28, 2015

ချစ်သူရှိရဲ့သားနဲ့ Single ပါလို့ လုပ်တာဟာ ကိုယ်နဲ့ပတ်သက်တဲ့ သူကို တန်ဖိုးမထားစော်ကားရာကျတယ်လို့ ဆိုလိုက်တဲ့ ဖြူဖြူကျော်သိန်းက ချစ်သူနာမည်ကို သူ့လုံခြုံရေးအတွက် ဖွင့်ဟဖို့ ငြင်းဆို


ဖြူဖြူကျော်သိန်းလို့ ဆိုလိုက်ရင်ဖြင့် အသံပါဝါကောင်းကောင်း၊တစ်ခြားသူတွေနဲ့ မတူတဲ့ အဆွဲအငင်၊ ထူးခြားတဲ့ဖက်ရှင်ဒီဇိုင်း၊ ကွဲပြားတဲ့ ပါဖောင်းမန့်စ်တွေနဲ့ အဆိုတော်မလေးကို တွဲမြင်မိကြပါလိမ့်မယ်။ သူမဟာ အောင်မြင်ပြီးရင်း အောင်မြင်ဆိုသလို ပရိတ်ရဲ့ရင်ထဲကို နက်နက်ရှိုင်းရှိုင်း နေရာယူထားခဲ့ပြီး ဖြစ်ပါတယ်။ ခု ၂၀၁၅ခုနှစ်မှာလည်း သူမရဲ့အနုပညာဖန်တီးမှုတွေ ပိုမိုထူးခြားစွာ ချပြလာခဲ့ပြီဖြစ်သလို သူမရဲ့ လူမှုရေး၊ အချစ်ရေးတွေဟာ ဆိုရင်လည်း ပရိသတ်တွေရဲ့ စိတ်အ၀င်စားဆုံးခေါင်းစဉ်တွေထဲ ပါဝင်လာခဲ့ပြီမို့ Trend Myanmar ကနေ သိချင်တာတွေကို ခုလို မေးမြန်းဖြစ်ခဲ့တဲ့အခါ-လက်ရှိ မဖြူ ရဲ့ ဂီတလှုပ်ရှားမှု အကြောင်းလေးကို သိချင်ပါတယ်။

ဖြူဖြူ ရဲ့ ခြောက်ခွေမြောက် တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ်ခွေကို Lazy Club နဲ့ အသံသွင်းနေပါတယ်။ ဒီခွေမှာတော့” မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ် “ ခွေလို မျိုး အချစ်သီချင်း ပုံစံမျိုးစုံပါပါမယ်။

- “နာမည်ကျန်ရစ်နေမယ် “ အခွေနဲ့ပတ်သက်ပြီး ပရိသတ်ဆီက ဘယ်လိုများ ပြန်ကြားရလဲ။

“ ကိုယ့်ဘ၀နဲ့အရမ်းတိုက်ဆိုင်တယ် “။ “ စိတ်ဓာတ်ခွန်အားရတယ် “။ “ ကျေးဇူးတင်တယ်” ။ ဆိုတဲ့ feedback တွေ အများဆုံး ပြန်ကြားရပါတယ်။

-အဲ့ဒီအခွေရဲ့ အမ်တီဗီ ရော ရိုက်ဖြစ်မလား။

ဒီအခွေရဲ့ အမ်တီဗီကတော့ မရိုက်ပါဘူး။ သီချင်းတွေမှာပါတဲ့ message တွေက နက်နဲသိမ်မွေ့ပြီး အမှားမခံတော့ ရိုက်လိုက်ပြီးမှ အဓိပ္ပါယ်ပေါ့သွားတာ ၊ လွဲသွားတာတွေဖြစ်မှာ စိုးလို့ပါ။

-ဒီကြားထဲ ပြည်တွင်းပြည်ပ ခရီးစဉ်များရှိရင်လဲ သိချင်ပါတယ်။

လာမဲ့ သြဂုတ် (၇) ရက်မှာ စင်္ကာပူက Elim ဘုရားကျောင်း နှစ်ပတ်လည် ဓမ္မသီချင်းပွဲ ဆိုဖို့ရှိပါတယ်။ ပြန်လာရင် သြဂုတ် ( ၉) ရက်နေ့ M.E.P မှာ တေးရေး မင်းချစ်သူပွဲဆိုဖို့ရှိပါတယ်။ တခြားခရီးစဉ်တွေကတော့ သေချာရင်ထပ်ပြောပြပါ့မယ်။

-နောက်ပြီးတော့လေ မဖြူရယ်၊ ကိုအာဇာနည်ရယ် ထိုင်းက Slot Machine Band နဲ့လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဟုတ်ကဲ့။ ဖြူဖြူ ကိုယ်တိုင်လဲ အဲ့ဒါသိချင်နေတာပါ။ မနှစ်ကဖြူဖြူရယ် ၊ ကိုအာဇာနည်ရယ် Slot Machine ရဲ့ သီချင်း ၂ ပုဒ်ကို မြန်မာလိုပြန်ဆိုပေးဖို့ထိုင်းကုမ္ပဏီ BECTERO က ကမ်းလှမ်းခဲ့ပါတယ်။ ထိုင်းရုပ်သံလိုင်းတွေမှာ လွှင့်ဖို့နဲ့ထိုင်းနိုင်ငံက မြန်မာပရိသတ်တွေအတွက် ထုတ်လုပ်ဖြန့်ချိဖို့ပါ။ ဖြူဖြူသီချင်းကို တေးရေးမင်းချစ်သူက မြန်မာဘာသာပြန်ပေးပြီး ၊ ဘန်ကောက်က BECTERO Studio မှာပဲ အသံသွင်းပေးခဲ့တယ်။ သီချင်းနာမည်က “ လရောင်တမ်းချင်း “ ပါ။ သဘောတူညီမှု စာချုပ်တွေတောင် မချုပ်ရသေးပါဘူး။ ဖြူဖြူတို့သုံးယောက် show ကိုရန်ကုန်မှာ လုပ်ဖို့ကြော်ငြာတွေတောင်ရိုက်ပြီးပေမဲ့ အကြောင်းကြောင်းကြောင့် ရက်တွေရွှေ့လာရင်း ခုထိ မလုပ်ဖြစ်သေးပါဘူး။ ဒီလိုနဲ့ ဟိုတလောကမှ Channel 7 ရဲ့ ၀ိညာဉ်ရှိုက်သံ TV စီးရီး ဇာတ်ဝင်တေးမှာ ဖြူဖြူ့ အသံကြားတယ်။ သီချင်းကိုတော့ တစ်ခါမှ မကြားဖူးသေးဘူးလို့ ပရိသတ်တွေက ပြောလာကြတယ်။ ဖြူဖြူ နားထောင်ကြည့်လိုက်တော့ “ လရောင်တမ်းချင်း” ဖြစ်နေတယ်။ ကိုယ်လဲ အံ့သြသွားရပါတယ်။ ထိုင်းမှာ ထုတ်လုပ်ဖြန့်ချိဖို့ ထိုင်းကုမ္ပဏီက စကားဦးသမ်းထားတဲ့ သီချင်းလေးက လပေါင်းများစွာ ပျောက်နေပြီး မရည်ရွယ်ထားတဲ့ ဇာတ်ဝင်တေးလေး ဖြစ်နေတယ်ဆိုတော့လေ။ ခုဖြူဖြူလည်း Channel 7 ကိုရော ၊ Forever ကိုရော၊ BECTERO ကိုရော ဆက်သွယ်ထားပါတယ်။ တိတိကျကျတော့ ဘာမှမသိရသေးပါဘူး။ ဒါပေမဲ့ ဒီသီချင်းလေးကို ဖြူဖြူပရိသတ်တွေက ကြိုက်တယ်။ နားထောင်ချင်တယ်။ လိုချင်တယ်လို့စိတ်ဝင်တစားအားပေးလာကြလို့ ကျေးဇူးတင်ပါတယ်။ တရားဝင်ထွက်တဲ့အခါလည်း ပြောပြပါ့မယ်။

-လက်ရှိမှာဆိုရင်ရော Music ပိုင်းနဲ့ပတ်သက်ပြီး မဖြူအနေနဲ့ ခွဲထွက်ပြောင်းလဲပြီး လုပ်ချင်တဲ့ စိတ်ကူးလေးတွေရှိရင်လဲ သိချင်ပါတယ်။

ခုလက်ရှိ နောက်ဆုံးခွဲထွက်ပြောင်းလဲကြိုးစား သီဆိုထားတဲ့ ဂီတပုံစံဆိုရင်တော့ နောက်ဆုံးထွက်ထားတဲ့ “ ငါ့ရဲ့ ရေဗက္ကာ” Musical Single release ကိုပြောရပါမယ်။ ဂီတပြဇာတ်ရဲ့ ဇာတ်ဝင်တေး ပုံစံပေါ့။ Musical တွေက နိုင်ငံတကာမှာတော့ ပရိသတ်အခိုင်အမာ ရှိသလို ၊ သီဆိုကပြသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင် Professional ကျောင်းဆင်းတွေလည်း အများကြီး ရှိပါတယ်။ ကိုရီးယား၊ ဂျပန်တို့ဆိုရင် အနောက်တိုင်းနဲ့နိုင်ငံတကာ ဂီတပြဇာတ်တွေကိုဇာတ်ထုပ်တစ်ခုလုံးလိုက် ဘာသာပြန်ပြီး ဇာတ်ရုံကြီးတွေမှာ ညတိုင်းသီဆိုကပြသရုပ်ဆောင်ကြတာပါ။နိုင်ငံတကာကလည်း အသိအမှတ်ပြုကြပါတယ်။ ဒီမှာတော့ Musical သီချင်းတွေကို သိတဲ့သူနည်းနေပါသေးတယ်။ မနှစ်ကမှ Musical သီချင်း သီးသန့်ပွဲတွေကို Yoshio Entertainment ကစမိတ်ဆက်လာတာပါ။ ဖြူဖြူရဲ့” Love of Musicals “တစ်ကိုယ်တော်ပွဲကစလို့ပေါ့။ Musical ရဲ့သဘောက ဆိုတာရော၊ သရုပ်ဆောင်တာရောကို တစ်ပြိုင်နက်လုပ်ရတာပါ။ သီချင်းတွေကိုကလဲ ခက်တာများပါတယ်။ ဖြူဖြူက Musical ကြိုက်တော့ ကိုယ်လုပ်နိုင်သလောက်လေး ကြိုးစားကြည့်တာပါ။ ကိုယ့်မှာ Formal training တော့မရှိပါဘူး။ Youtube ကနေကြည့်၊အခွေတွေနားထောင်၊ ခရီးသွားရင်းကြုံရင်ပြဇာတ်တွေ ၀င်ကြည့် ၊ အိမ်မှာပြန်လေ့ကျင့်၊ ပြီးတော့ပြန်ဆို။ အခု “ငါ့ရဲ့ ရေဗက္ကာ” ဆိုနိုင်သွားပြီးချိန်မှာကိုယ့်ရဲ့အသံစွမ်းရည်လည်း အရင်ကထက် သိသိသာသာ တိုးတက်ပြောင်းလဲလာတာကို ကိုယ်တွေ့သိရပါတယ်။ ကိုယ့်ပရိသတ်ကလည်း ကိုယ့်ရဲ့ကြိုးစားမှုအသစ် တွေကိုအသိအမှတ်ပြုအားပေးတော့ပျော်ရပါတယ်။

-မဖြူအနေနဲ့ ကိုယ်တိုင်က သံတမန်ဖြစ်သလို အနုပညာရှင်တစ်ယောက်လည်းဖြစ်နေတဲ့ အခါကျတော့ ပြည်သူတွေအတွက် တာဝန်ယူရတဲ့ အခန်းကဏ္ဍတွေများလာတဲ့အတွက် ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးပြန်လည်သုံးသပ်မိပါသလဲ။

တကယ်တော့ ဖြူဖြူတို့Pop Star တွေရဲ့ဘ၀က ရေဗွက်လို ခဏပါ။ အောင်မြင်နေတုန်းလေးခဏပဲ လူစိတ်ဝင်စားတာပါ။ ဒါပေမဲ့ အဲ့လိုလူစိတ်ဝင်စားခံရတုန်းလေးမှာ ကိုယ့်ရဲ့အောင်မြင်နေတဲ့နာမည်လေးကိုပေးသုံးပြီး ၊ ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ့်ပရိသတ်ပြည်သူအတွက်ရပ်တည်ပေးရင် ပြည်သူအတွက် အကျိုးရှိသလို ကိုယ်ဟာလည်း ကိုယ့်ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိတဲ့လူဖြစ်ပါတယ်။ သိပ္ပံပညာရှင် အိုင်းစတိုင်းကပြောဖူးတယ်။ “အောင်မြင်သူဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့သူဖြစ်ဖို့ပိုမိုကြိုးစားပါ “တဲ့။ ဖြူဖြူ အခုအောင်မြင်နေတုန်းလေး ခဏမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန်၊ မူးယစ်ဆန့်ကျင်ရေးသံတမန်၊ ကလေးတွေပညာရေးသံတမန်၊ ဂီတအစည်းအရုံး အတွင်းရေးမှူးအနေနဲ့ခိုးကူးတိုက်ဖျက်ရေး စတာတွေလုပ်ဖြစ်ပါတယ်။ ဒါတွေလုပ်လို့ လခမရပါဘူး။ အခွင့်အရေးလဲ မရပါဘူး။ အမုန်းခံရဖို့၊ တိုက်ခိုက်ခံရဖို့၊ အသတ်ခံရဖို့ပဲများပါတယ်။ ဒါဆိုရင် ဘာလို့လုပ်တာလဲ လို့မေးရင် လုပ်သင့်တယ်လို့ခံယူလို့လုပ်တာပါလို့ ဖြေပါမယ်။ ကိုယ်နာမည်လေးရင်းပြီး ရပ်တည်ပေးလိုက်ရင် ကိုယ့်ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကဒီအရေးကိစ္စတွေကိုစိတ်ဝင်စားလာမယ်။ အဲ့ဒီကမှတစ်ဆင့် တစ်ချိန်မှာ ကိုယ့်ထက်ပိုတော်တဲ့ ၊ ပိုအချိန်ပေးနိုင်တဲ့ ၊ ပိုစိတ်ဝင်စားတဲ့၊ ပိုဇောက်ချဦးဆောင်လုပ်ပေးနိုင်မဲ့လူတွေပေါ်လာမယ်။ ကိုယ့်ပြည်သူပရိသတ်အတွက်ပိုကောင်းတဲ့ အနာဂတ်ကိုရမယ်။ ကိုယ်ဟာကိုယ့် ပတ်ဝန်းကျင်အတွက် တစ်ထောင်တစ်နေရာကနေ အကျိုးပြုဖူးတဲ့ တန်ဖိုးရှိတဲ့သူဖြစ်ချင်ပါတယ်။

-နောက်တစ်ခုက Fan Page လုပ်ဖြစ်သွားတဲ့အကြောင်းလေးလဲ သိချင်ပါတယ်။

( ၂၀၁၄ ) ဖေဖော်ဝါရီကမှ စလုပ်ဖြစ်ပြီး ကိုယ်တိုင်လည်း သုံးပါတယ်။ Admin တွေလည်း ရှိပါတယ်။ မြန်မာပြည်မှာတော့ Internet ကို နပ်မှန်အောင် သုံးနိုင်သူက တစ်နိုင်ငံလုံး လူဦးရေသန်း ( ၅၀ ) မှာသိန်းဂဏန်းလောက်ပဲ ရှိသေးတဲ့အပြင် ဈေးကလည်း ကြီးနေသေးတော့ ဖြူဖြူရဲ့ ပရိသတ်အများစု ( ၉၉ % ) လောက် မသုံးနိုင်ကြသေးပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ကျန်ပရိသတ် ( ၁% ) က online ပေါ်မှာရှိတော့ သူတို့နဲ့နီးစပ်ခွင့်ရတာပေါ့။ နောက်ပြီး နိုင်ငံတကာ အဆက်အသွယ်နဲ့နိုင်ငံရပ်ခြားကပရိသတ်တွေကျတော့လည်း Page ကတ်စဆင့်ဆက်သွယ်လို့ရပါတယ်။ ဖြူဖြူရဲ့ Offical Fan Page က phyuphyukyawtheinonline ပါ။ စီးပွားဖြစ်လုပ်ထားတဲ့ Page လည်းမဟုတ်ပါဘူး။ ကိုယ့်ပရိသတ်တွေနဲ့ယဉ်ယဉ်ကျေးကျေး ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်သွယ်ဖို့ထားတာပါ။ Page ရဲ့စည်းကမ်းသတ်မှတ်ချက်တွေလဲရှိပါတယ်။ ဥပမာ ရုတ်ရင်းကြမ်းတမ်းတဲ့စကား၊ ဖရသ၀ါစာ၊ ဆဲရေးတိုင်းထွာတာ၊ စောင်းမြောင်းပုတ်ခတ်တိုက်ခိုက်စော်ကားတာ၊ လူအချင်းချင်းကို ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင်၊ နိုင်ငံရေးယုံကြည်ချက်တွေနဲ့ပတ်သက်ပြီး ခွဲခြား ဆက်ဆံပြောဆိုတာ အဲ့လိုလာလုပ်တဲ့ Comment ပိုင်ရှင်အားလုံးကို Ban&Block လုပ်ပါတယ်။ ဖြူဖြူ့ကို လာလုပ်မှ မဟုတ်ပါဘူး။ ဖြူဖြူနဲ့ဓာတ်ပုံတွဲရိုက်ပြီး Post မှာတင်ထားတဲ့ ကိုယ့်အနုပညာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမိတ်ဆွေ မိသားစုဝင် ပရိသတ်ဘယ်သူ့ကိုမဆို အဲ့ဒါမျိုးတွေ လာလုပ်ရင် လုပ်တဲ့သူကို Ban & Block ပါပဲ။ ပရိသတ်ချင်းစော်ကားတဲ့ Comment တွေလုပ်လာရင်လည်း Ban & Block ပါပဲ။ Comment တစ်ခုရဲ့အရေးအသားကိုကြည့်ရင် Comment ပိုင်ရှင်ရဲ့နောက်ခံအခြေအနေကို Profile လုပ်လို့ရပါတယ်။ ဖြူဖြူအနေနဲ့ ကိုယ့် Page မှာ Like တစ်ယောက်လျှော့သွားမှာကို မပူပါဘူး။ ကိုယ့်ပရိသတ်တွေအတွက် သန့်ရှင်းယဉ်ကျေးတဲ့ ပတ်ဝန်းကျင်လေးပဲရှိစေချင်ပါတယ်။

-မဖြူ Fan Page မှာ ဘာလေးပဲရေးတင်တင် စကားလုံးတိုင်းက အမြဲနာမည်ကြီးတာကိုတွေ့ရတယ်။ အဲ့ဒါလေးကိုလဲသိချင်ပါတယ်။

ဒါလား ? အစစ်တွေချည်းပဲကိုး ! လွယ်တော့မလွယ်ဘူး ရိုးသားရတာပေါ့ရှင် !

-နောက်ပြီး Fan Page မှာတင်ဖြစ်တဲ့ သရော်စာတွေကရော ဘာကြောင့်တင်ဖြစ်တယ်ဆိုတာကို သိချင်ပါတယ်။

ဖြူဖြူတို့ ဆယ်တန်းတုန်းက မြန်မာစာမှာ “ရေသည်ပြဇာတ်” သင်ရတော့ ဆရာတွေကပြောဖူးတယ်။ သရော်စာဆိုတာ ပတ်ဝန်းကျင်မှာ ထင်ဟပ်နေတဲ့ခေတ်စနစ်ရဲ့ တလွဲတချော်တွေကို ပညာရှိတွေက ယဉ်ယဉ်ကျေးကျေး အရယ်အသောလေးနဲ့ခပ်ဆတ်ဆတ်လေး ထောက်ပြဆုံးမတာတဲ့။ ဖြူဖြူကတော့ ပညာရှိကြီးလဲ မဟုတ်သလို ၊ ကိုယ့်ရဲ့ Fan Page မှာတင်တဲ့ သရော်စာတွေကလည်း နိုင်ငံရေး ၊ စီးပွားရေး လိုကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေလည်း မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါး Pop Star တစ်ယောက်ရဲ့ ပုဂ္ဂလိက ဘ၀မှာ ကြုံတွေ့ရတဲ့ အလွဲလေးတွေကို ကိုယ့်ပရိသတ်ပျော်ရအောင် ရယ်စရာလေးတွေနဲ့ရေးဖြစ်ရုံသက်သက်ပါ။

-ပြီးတော့ ထူးခြားတဲ့ ဖက်ရှင်မင်းသမီးလို့အများကတင်စားခံရတဲ့ ဖြူဖြူရဲ့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ပြောင်းလဲမှုရှိ မရှိ သိချင်ပါတယ်။

ပြောင်းလဲရတာပေါ့ရှင်။ ဖက်ရှင်ဆိုတာကိုက ရေးစီးကြောင်းအသွင်ရှိပါတယ်။ ပြောင်းလဲစီးဆင်းရှင်သန်ပါတယ်။ ဖြူဖြူရဲ့ ဂီတသက်တမ်း ( ၁၂ ) တာကာလတစ်လျှောက်လုံးအားပေးလာတဲ့ ပရိသတ်တွေသိကြပါတယ်။ “လုံးဝမသက်ဆိုင်တော့ပါ” “ချစ်သူ့အမုန်းကျိန်စာ”၊ “မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်” VCD တွေကိုကြည့်ရင် သီချင်းတင်မက ဖက်ရှင်၊ ဆံပင်၊ အသွင်အားလုံးပြောင်းပြောင်းလာတာကိုတွေ့ရပါမယ်။ ဒီထက်ပိုဂရုစိုက်ကြည့်ရင် “အတွင်းကြေ” ကစလို့ “Water Party ရေပါတီ” ထိ တစ်ပုဒ်စီပဲပါတဲ့ အတွဲခွေတွေကဖက်ရှင်တွေဟာလည်း ပြောင်းပြောင်းသွာတာတွေ့ရပါမယ်။ နာမည်ကျန်ရစ်နေမယ်။ CD မူရင်းခွေကို မြင်ဖူးတဲ့ ပရိသတ်တွေဆိုရင် နောက်ထပ်ဖက်ရှင်အသစ်တစ်ခုကိုထပ်တွေ့ရမှာပါ။ အဲ့လိုပဲ “ငါ့ရဲ့ရေဗက္ကာ” သီချင်းမှာဆိုရင်လည်း Musical ဂီတပြဇာတ်ဆန်တဲ့ ဖက်ရှင်လုပ်ထားပါတယ်။ ပြောရရင်တော့ အလုပ်နဲ့ပတ်သက်လို့ သီချင်းပြီးရင် ဒုတိယအစဉ်းစားဖြစ်ဆုံးက ဖက်ရှင်ပါပဲ။

-အရင်ကထက် body Structure ပိုင်းလဲ ပိုမိုက်လာတာကိုတွေ့ရတယ်။ ဘယ်လိုမျိုးထိန်းသိမ်းဖြစ်ပါသလဲ။

ဖြူဖြူ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးလိုက်တာလေးရှိပါတယ်။ “ စာမျက်နှာနဲ့ TV ဖန်သားပြင်ပေါ်မှာ ကိုယ့်ကိုကိုယ်မြင်ချင်တဲ့ Body Weight ကိုရဖို့ အပြင်မှာ အဲ့ဒီထက် ( ၅ ) ပေါင်က ( ၁၀ ) ပေါင်ကြားချထားရတယ် “ တဲ့။ အဲ့ဒါကိုဖတ်မိပြီးကတည်းက ကျန်းကျန်းမာမာလှလှပပစိုစိုပြည်ပြည်နဲ့ Body Weight ကျဖို့ အချိန်ပေး အာရုံစိုက်ပြီး စနစ်တကျကြိုးစား ပါတယ်။ အစားအသောက် ချိန်ဆဆင်ခြင်တယ်။ အဆီမတက်အောင်သစ်သီး သစ်ဥကထွက်တဲ့ဖျော်ရည်တွေဓာတ်စာတွေစားတယ်။ နောက်ပြီး ကိုယ့်သီချင်း တွေရဲ့ Stage Performance အတွက် အကသင်တာ၊ အကကျင့်တာကလည်း အဆီကျပြီး Body Weight ကိုထိန်းပြီးသားဖြစ်စေပါတယ်။ တကယ်တော့ အချိန်ပေးနိုင်ရင် Gym ပါဆော့သင့်ပါသေးတယ်။

-အမျိုးသမီးရေးရာပွဲမှာ မဖြူရဲ့ သီဆိုဟန်ကို ပြဇာတ်မှာ ပြက်လုံးတစ်ခုအနေနဲ့ အသုံးပြုတဲ့အပေါ် မဖြူရဲ့ စိတ်ခံစားချက်လေးကိုလဲ သိချင်ပါတယ်။

အမျိုးသမီးရေးရာပွဲမှရယ် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက ဇာတ်သဘင်အငြိမ့်စင်ပြဇာတ်တော်တော်များများမှာ ဖြူဖြူ့ရဲ့ သီဆိုဟန်နဲ့ဖက်ရှင်လေးတွေကိုလုပ်ပြရင် ပရိသတ်တွေပျော်ကြပြီး ၊ စင်ပေါ်က အနုပညာရှင်တွေလည်း အရမ်းအားပေးခံရတယ်လို့ပြောကြပါတယ်။ တခါတလေနယ်မြို့တွေကို သီချင်းဆိုဖို့သွားတဲ့အခါ တချို့ဆို လာပြောပြကြပါတယ်။ “ ဖြူဖြူရေ တို့တွေတော့ ဖြူဖြူ့ဖက်ရှင်လေးဝတ်ပြီး ဖြူဖြူ့သီချင်းလေးတွေဆိုတာ ၊ ဖြူဖြူ့အိုက်တင်လေးတွေလုပ်တာ ၊ ဖြူဖြူ့အကြောင်းပြက်လုံးလေးတွေလုပ်တာ ပရိသတ်က သိပ်အားပေးလို့ခဏခဏလုပ်ပြရတယ်။ ဖြူဖြူ့ကို ကျေးဇူးတင်တယ် “ တဲ့။ ကိုယ့်ကြောင့် ဘယ်သူပဲဖြစ်ဖြစ် အလုပ်တိုးတက် သွားတယ်။ အောင်မြင်သွားတယ်။ အသက်မွေးဝမ်းကျောင်း ဖြစ်သွားတယ်။ ပရိသတ် စိတ်ဝင်စားခံသွားရတယ်။ ပရိသတ်တွေပျော်သွားရတယ်ဆိုရင် ဖြူဖြူ ၀မ်းသာပါတယ်။ ကုသိုလ်လည်းရပါတယ်။

-နောက်ဆုံးအနေနဲ့ ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြတဲ့ ဖြူဖြူ့ရဲ့ အချစ်ရေး လက်ရှိမှာ ဘယ်လိုအနေအထားရှိနေပါသလဲ။

ဖြူဖြူက ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ပုံကြီးချဲ့ ပြောဆိုပြီးမှ လူစိတ်ဝင်စားခံရတဲ့ အနုပညာရှင်မျိုး မဖြစ်ချင်ပါဘူး။ ကိုယ့်အနုပညာအရည်အသွေး ကြောင့်လူစိတ်ဝင်စားခံရတဲ့ အနုပညာရှင်မျိုးပဲဖြစ်ချင်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စတွေကို အကျယ်ချဲ့လေ့မရှိပါဘူး။ ဒါပေမဲ့ ဇွတ်ကြီးဖုံးကွယ်လိမ်ညာတာမျိုးလည်းမလုပ်ပါဘူး။ ဖြူဖြူ့ဂီတသက်တမ်း ( ၁၂ ) နှစ်တစ်လျှောက် အင်တာဗျူး တွေကိုလိုက်ကြည့်ရင် ချစ်သူမရှိဘူးလို့ဖြေခဲ့တဲ့အချိန်တွေက တကယ်မရှိခဲ့တဲ့အချိန်တွေ၊ ဝေ့လည်ကြောင်ပတ်လုပ်နေခဲ့တဲ့အချိန်တွေက ရှိနေခဲ့တဲ့အချိန်တွေပါ။ ချစ်သူရှိရဲ့သားနဲ့ “ သားက Single ပါ။ သမီးက Single ပါ “ လို့လည်း မလုပ်တတ်ပါဘူး။ အဲ့လိုလုပ်တာဟာ ကိုယ်နဲ့ပတ်သက်တဲ့ သူကို တန်ဖိုးမထားစော်ကားရာ ကျသလို ပရိသတ်ကို အကုသိုလ်ပေးရာလည်းရောက်ပါတယ်။ တချို့ ပရိသတ်တွေကကျတော့ ဖြူဖြူတို့ကို အပျိုလူပျိုလူလွတ် အိမ်ထောင်မရှိတဲ့ အနုပညာရှင်တွေကိုဆို အနုပညာတင်မက စိတ်ကူးယဉ်မှုလေးတွေနဲ့ပါ။ ချစ်ခင်အားပေးကြတာလေ။ ဒါကြောင့် လိမ်ညာပြီး မေတ္တာကို ချူမယူပါဘူး။ လုပ်မစားပါဘူး။ ဘယ်သူ ဘယ်ဝါမပြောပြနိုင်ဘူး ဆိုတာကတော့ ကိုယ်နဲ့ပတ်သက်တဲ့ သူရဲ့ လုံခြုံရေးနဲ့လွတ်လပ်မှုအတွက်ပါ။ ဖြူဖြူတို့လိုအနုပညာရှင်တွေအတွက် လူအာရုံစိုက်ခံရတယ်ဆိုတာ ကျင့်သားရနေပေမယ့် ၊ ကိုယ်နဲ့ပတ်သက်လို့ခုမှ ရုတ်တရက်ကြီး လူအာရုံစိုက်ခံရမယ့် သူအတွက်ကျတော့ စိတ်ဖိစီးမှုများစေနိုင်ပါတယ်။ ပြီးတော့ကိုယ့်ကိုချစ်လို့သော်၎င်း ၊ မုန်းလို့သော်၎င်း သူ့ကို တိုက်ခိုက်နိုင်သေးတယ်လေ။ ဒါပေမဲ့ အိမ်ထောင်ပြုတော့မယ် ဆိုရင်တော့ ဖြူဖြူကိုယ်တိုင် ဖြူဖြူ့ချစ်သူကို ဖြူဖြူ့ပရိသတ်နဲ့အသိပေးမိတ်ဆက်ပြီးမှ လက်ထပ်မှာပါ။

ခင်ဆွေသက်
Trend Myanmar

0 comments:

Post a Comment