Wednesday, July 22, 2015

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်မှူးဆန်းအောင်တို့ကို ဒီကေဘီအေ အဖွဲ့မှ ထုတ်ပယ်


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) လက်အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင်တို့ ၂ ဦးကို ဒီကေဘီအေ တပ်ဖွဲ့ကနေ ထုတ်ပယ်လိုက်ပါတယ်။ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲနဲ့ ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် လက်မှတ်ရေးထိုးပြီး ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

သူတို့ဟာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းကို မလိုက်နာလို့ ထုတ်ပယ်တာလို့ သိရကြောင်း ဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ဆီမှာက တပ်စည်းကမ်းပိုင်းဆိုင်ရာရှိတယ်။ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ အရာရှိ၊ ခေါင်းဆောင် လူကြီးတွေလည်း သူတို့ရဲ့ စည်းကမ်းကို ချိုးဖောက်လို့ ထုတ်ပယ်ရခြင်းဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ကျန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သူတို့ ဖြေရှင်းပေါ့။ ကျနော်တို့ကတော့ ဌာနချုပ်ရဲ့ သဘောထား မှတ်ချက်ကိုပဲ ယူပြီးတော့ ဆက်လက်ဆောင်ရွက်တာပဲ ရှိပါတယ်။”

ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင်တို့ဟာ ဇူလိုင် ၂ ရက်နေ့ကစလို့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်ပေါ်မှာ အစိုးရတပ်နဲ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ အာရှလမ်းမကို အစိုးရတပ်ဘက်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် အနီးအနားတ၀ိုက်မှာ ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ထုတ်ပယ်ခံရသူ ၂ ဦးဟာ ဒီကေဘီအေတပ်ဖွဲ့မှာ လူသိများတဲ့ စစ်ခေါင်းဆောင်နှစ်ဦး ဖြစ်ကြပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဗိုလ်မှူးဆန်းအောင်ဟာ ၂၀၁၄ စက်တင်ဘာလကုန်ပိုင်းက ကျိုက်မရောမြို့နယ်အတွင်း အစိုးရတပ်နဲ့ ဒီကေဘီအေတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့ ဌာနချုပ်က ဆင့်ခေါ်ခဲ့ရာမှာ မလာတဲ့အတွက် တကြိမ် ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။

နောက်ပိုင်း သူ့ကို တာဝန်ပြန်ပေးခဲ့ရာက နောက်ထပ်တကြိမ် အခုလို ထုပ်ပယ်ခံရတာ ဖြစ်ပါတယ်။


ီDVB

0 comments:

Post a Comment