Saturday, July 25, 2015

ဦးသိန်းဇော်ကို လွှတ်တော်အမတ်အဖြစ်မှ ရုပ်သိမ်းပေးရန် မဲဆန္ဒရှင် ၃၅၀၀ ကျော် တိုင်ကြား


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း တင်သွင်းသူ ဦးသိန်းဇော်ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် မဲဆန္ဒရှင်ပေါင်း ၃၅၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားလာကြောင်း အဆိုပါကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်သည် ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို တင်သွင်းရာတွင် ၎င်း၏ မဲဆန္ဒနယ်မှ တပ်မတော်သားများ အပါအဝင် မဲဆန္ဒရှင်များကို အသိပေးခြင်း မရှိသောကြောင့် မဲဆန္ဒရှင်ပေါင်း ၃၅၈၁ ဦးက ဆန္ဒပြု လက်မှတ်ရေးထိုးပြီး တိုင်းကြားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ဦးသိန်းဇော်ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် မဲဆန္ဒရှင်များက လက်မှတ်ရေးထိုး တောင်းဆိုသော်လည်း လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် တိုင်ကြားချက်ကို မှတ်တမ်းတင်ထားရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

“အခု လွှတ်တော်ကိုယ်စားလှယ် တာဝန် ရုပ်သိမ်းခြင်းဥပဒေကို လွှတ်တော်ထဲမှာ ဆွေးနွေးပြီးလို့ အတည်ဖြစ်လာရင် ဥပဒေအရ ကျွန်တော်တို့ ဆက်လက်ပြီး လုပ်ဆောင်ပေးမှာပါ” ဟု ဦးသောင်းလှိုင်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ထံသို့ The Voice က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များသည် ပြည်သူလူထု၏ အကျိုးကို လိုလားသောကြောင့်သာ အခြေအနေ ပေးလာသော အချိန်ကာလအတွင်း ပြုလုပ်ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒကို အချိန်ပြည့် ခံယူနိုင်မည် မဟုတ်ကြောင်း ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောကြားသည်။

“ဒါတွေကတော့ ရှိမှာပဲလေ၊ တိုင်တာက တကယ့်မဲဆန္ဒရှင်တွေ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်ကတော့ အဆိုတွေ၊ ဥပဒေမူကြမ်းတွေကို လွှတ်တော်ထဲမှာ ဆောင်ရွက်နေရမှာပဲ၊ အားလုံးကို ပြည်သူကို အသိပေးနေရမှာလား၊ လက်တွေ့မကျပါဘူး” ဟု ဆိုသည်။

အလားတူ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ဇူလိုင်လ တတိယပတ်အတွင်း ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမှုများ ရှိသော်လည်း ဆိုင်းငံ့ထားသောကြောင့် ဥပဒေအတည် မဖြစ်သေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ရေးဆွဲခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော် လက်မှတ်ရေးထိုးပြီး ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပြင်ဆင်ချက် ဥပဒေမူကြမ်းပါ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ နှင့် သမ္မတ အရည်အချင်း သတ်မှတ်ချက် ၅၉ (စ) အပါအဝင် ပုဒ်မအများစု မဲခွဲရာတွင် ရှုံးနိမ့်ခဲ့ပြီး သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉ (ဃ) တစ်ခုသာ ထောက်ခံမဲ များသောကြောင့် မဲခွဲမှု အနိုင်ရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment