Friday, July 10, 2015

နိုင်ငံတကာကို ဂယက်ရိုက်ခတ်လာနိုင်တဲ့ တရုတ်စတော့ရှယ်ယာဈေးကွက် ကျဆင်းမှု

တရုတ်နိုင်ငံ စတော့အိတ်ချိန်း စင်တာတစ်ခုတွင်တွေ့ရသည့် ရှယ်ယာရှင်များ (ဓာတ်ပုံ −financialexpress.com)


အနောက်အုပ်စု နိုင်ငံတော်တော်များများ ဂရိရဲ့ ကြွေးမြီပြဿ နာကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေချိန်မှာ ကမ္ဘာ့တစ်ဖက်ခြမ်းက စီးပွားရေးပြဿနာတစ်ခု တရိပ်ရိပ် ကြီးထွားလာတာကို မျက်ကွယ်ပြုမိနေကြပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ စတော့ရှယ်ယာ ဈေးကွက် ကျဆင်းမှုဟာ ဂရိရဲ့အကျပ်အတည်းထက် ကမ္ဘာ့စီးပွားရေးကို အများကြီးပိုပြီး ဂယက် ရိုက်ခတ်နိုင်တယ်လို့ ဈေးကွက်နဲ့ စီးပွားရေးဆိုင်ရာ ပညာရှင်တွေ က သတိပေးထားပါတယ်။ရုတ်တရက် ပေါ်လာတဲ့ ပြဿနာ

တရုတ်ရဲ့ စတော့ရှယ် ယာတန်ဖိုးကျဆင်းမှု ပြဿနာကဇွန် ၁၂ ရက်မှာ အစပြုပါတယ်။ သီတင်း ၅၂ ပတ်လုံးလုံး တည်တည်ငြိမ်ငြိမ် တက်ရိပ်ပြနေရာက နေ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေအပေါ် ရှယ်ယာရှင် တွေရဲ့ ချောက်ချောက်ချားချား တုံ့ပြန်မှုဟာ လက်ရှိ ကြုံနေတဲ့ အကျပ်အတည်း တစ်ခုလုံးရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန် ဟိုင်းရဲ့ ရှယ်ယာတန်ဖိုးတွေ စတင်ကျဆင်းရာကနေ ပြဿနာက မီးခိုးကြွက်လျှောက် ကျယ်ပြန့်လာ တာပါပဲ။

ဇူလိုင် ၉ ရက်မှာ တရုတ်ရှယ်ယာဈေးကွက် နည်းနည်းပြန်ပြီး တည်ငြိမ်စပြုလာတယ် ဆိုပေမယ့် အဲဒီမတိုင်ခင် သီတင်း သုံး ပတ်မှာ ကြုံခဲ့ရတဲ့ ကျဆင်းမှုတွေအတွက် လူတွေက ကျီးလန့်စာစားဖြစ်နေဆဲပါ။ ကျွမ်းကျင်သူတွေက ၁၉၂၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စတော့ဈေးကွက် ပြိုလဲမှုဖြစ်ရပ်ကြီးနဲ့ အလားတူ အခြေအနေမျိုး ပေါ်ပေါက်မလာအောင် တရုတ်အစိုးရက ပါးပါးနပ်နပ်ကိုင်တွယ်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေပါ တယ်။

ဈေးကွက်ကို ကယ်တင်ဖို့ကြိုးစားနေ

တရုတ်အစိုးရဟာ လောလောဆယ်မှာ ဈေးကွက်ကို ကယ်တင်ဖို့ အစွမ်းရှိသလောက် လုပ်နေပါတယ်။ တရုတ်ဗဟိုဘဏ်ဟာ စံချိန်တင်ပမာဏထိ အတိုးနှုန်းတွေ လျှော့ချပေးလိုက်တယ်။ အစိုးရအဝယ်တော်တွေကလည်း ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ရှယ်ယာတွေကို လက်လွှဲဝယ်ယူပေးမယ်လို့ ကတိပေးထားတယ်။ပြီးတော့ရှယ်ယာဈေးကွက်ကိုထိန်းညှိပေးနိုင်ဖို့ ပိုကောင်းမွန်တဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေပြင်ဆင်ပေး သွားဖို့လည်း စီစဉ်နေတယ်။ ပြဿနာက လောလောဆယ်မှာ တရုတ်အစိုးရအပေါ် ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်မှုလျော့ကျနေတာပဲ ဖြစ်ပါတယ်။

တရုတ် စတော့ရှယ်ယာ ဈေးကွက်မှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီပေါင်း ၂,၇၇၆ ခုထဲကအနည်းဆုံး ၁,၄၃၀ လောက်ဟာဈေးကွက်ထဲက သူတို့ရှယ်ယာ တွေကို အရောင်းအဝယ် ရပ်ဆိုင်း ထားဖို့ဆုံးဖြတ်လိုက်တယ်။ ဒီ ကုမ္ပဏီတွေ အနေနဲ့ ရူးလောက် အောင် ဂယက်ထနေတဲ့ ဈေးကွက်အနိမ့်အမြင့်အတက်အကျ ဖြတ် သန်းမှုတွေမှာ အံဝင်ခွင်ကျလိုက် ပါနိုင်ဖို့ရုန်းကန်ရမှာပါ။ ဇူလိုင် ၉ ရက်ထိ နောက်ထပ်ကုမ္ပဏီ ရာဂဏန်းလောက်ကလည်း ဈေးကွက်ထဲမှာ ရှယ်ယာတွေ အရောင်းအဝယ် မလုပ်သေးဘဲ ဆိုင်းငံ့ထားမယ်လို့ ကြေညာကြပါတယ်။ တရုတ်အစိုးရကလည်း လက်ထဲ က စတော့ရှယ်ယာတွေ နောက် ထပ်ဈေးကျမှာ စိုးရိမ်ပြီးသွေးရူး သွေးတမ်း ရောင်းမထုတ်ကြဖို့ ညွှန်ကြားထားပါတယ်။ ပြီးတော့ လက်ထဲမှာ ရှိနေတဲ့စတော့ရှယ်ယာ တွေရဲ့ ၅ ရာခိုင်နှုန်းလောက် ကို နောက်ထပ် ခြောက်လစာ လောက် ဆက်ကိုင်ထားဖို့လည်း တိုက်တွန်းနေပါတယ်။

စတော့ရှယ်ယာဈေးကွက်

ဘာကြောင့်ယိမ်းယိုင်

စတော့ဈေးကွက် ရုတ်တရက်ဘာကြောင့် စိုက်ဆင်း သွားသလဲဆိုတာကို တိတိကျကျ အဖြေထုတ်ဖို့ ခက်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဖြစ်နိုင်ဆုံး သီအိုရီတစ်ခုကို ရွေးထုတ်ခဲ့ပြီး အဲဒါကတော့ ရှယ်ယာတန်ဖိုးတွေ မြင့်တက်လာခြင်းက ကုမ္ပဏီတွေရဲ့ ရပ်တည်မှုကို ဝန်ပိသွားစေတာ ကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နှစ်အလိုက် စီးပွားရေး တိုးတက်မှု ညွှန်ကိန်းဟာ ဒီနှစ်မှာ တော့ ၂၀၀၉ ခုနှစ် နောက်ပိုင်း အနှေးကွေးဆုံး ဖြစ်နေတယ်။ ကုမ္ပဏီတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု နဲ့ အမြတ်အစွန်း ရရှိမှုတွေနဲ့ နှိုင်းယှဉ်ရင် ရှယ်ယာတန်ဖိုးတွေက လွန်လွန်ကျွံကျွံ မြင့်မားနေတယ်။ မနှစ်ကထက်စာရင် ကုမ္ပဏီတွေရဲ့ အမြတ်အစွန်း ကျဆင်းသွားပေမယ့် ရှယ်ယာတန်ဖိုးကတော့ ပိုမြင့်သွားတယ်။ အဲဒီမှာ သိသာ ခြားနားတဲ့ ဟာကွက်တွေ ဖြစ်လာ တော့တာပါပဲ။

‘‘တရုတ်စတော့ဈေးကွက် ဟာ တရုတ်နိုင်ငံရဲ့ တကယ့် ကိုယ်ပိုင်စီးပွားရေး ကဏ္ဍကြီးရဲ့ ယုတ္တိကျကျ ရပ်တည်မှုနဲ့ အရမ်းကင်းကွာသွားတယ်။ ရှယ်ယာတန်ဖိုးတွေက လိုတာထက် အများကြီး ပိုပြီး ဈေးမြင့်နေတယ်။ အဲဒီဒဏ် ကို စုပေါင်းပြီး ပြန်ခံရတဲ့ သဘောပဲ’’လို့ Silvercrest Asset Mana-gementရဲ့ အကြီးအကဲ ပက်ထ ရစ်ခိုဗာနေးက ပြောပါတယ်။ တရုတ်စတော့ဈေးကွက်ရှယ်ယာရှင်တွေ ကယောင်ကတမ်း ဖြစ်မယ်ဆိုလည်း ဖြစ်လောက်စရာ ပါ။ သီတင်းသုံးပတ်လောက် အ တွင်း တရုတ်ရဲ့ စတော့ရှယ်ယာဈေးကွက် ကျဆင်းမှုတွေက မျက်လုံးပြူးလောက်စရာ ဖြစ်နေ တယ်။

Bespoke ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီရဲ့ သုတေသန စစ်တမ်း အရ တရုတ် စတော့ဈေးကွက်ဟာ အခုလောလောဆယ် အချိန်အထိ ဒေါ်လာ ၃ ဒသမ ၂၅ ထရီလီယံလောက် အရှုံးပြထားတယ်လို့ ဆို ပါတယ်။ အဲဒီ ငွေပမာဏဟာ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ စတော့ဈေး ကွက် တန်ဖိုးထက် ပိုများပြီး ဂျပန်စတော့ဈေးကွက် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ရှိနေတာပါ။ လောလောဆယ် တရုတ်စီးပွားရေး နယ်ပယ်မှာ အဓိက ကြုံနေရတဲ့ အခက်အခဲက လူတော်များများက စိုး ရိမ်တကြီးနဲ့ လက်ထဲက ရှယ်ယာ တွေ ရောင်းထုတ်နေတာပဲ ဖြစ် ပါတယ်။

‘‘စတော့ရှယ်ယာတန်ဖိုး တွေ အခုလောက် ထိုးကျသွား တာမျိုး ကျွန်တော်ဘယ်တုန်းကမှ မမြင်ဖူးဘူး။ ဘယ်သူမှလည်း ကြုံဖူးကြမှာ မဟုတ်ပါဘူး။ စတော့ရှယ်ယာ ဈေးကွက်မှာ ငွေပြန်ဖော် နိုင်စွမ်းက လုံးဝဥဿုံနီးပါး ပျောက်ဆုံးနေတာပါ’’လို့ North-east Securitiesရဲ့ ဈေးကွက်သုတေသီ ဒူချောင်ချန်းက ဆိုပါ တယ်။ ငွေပြန်ဖော်နိုင်စွမ်း ဆိုတာက လက်ဝယ်ရှိတဲ့ စတော့ရှယ်ယာကို ငွေသားအဖြစ် ပြောင်းလဲဖို့ ပြန်ရောင်းချတာကို ရည်ညွှန်းပါတယ်။ အဲဒီငွေကို ပိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးအတွက် ပြန်အသုံးပြုပြီး စတော့ဈေးကွက် ထဲမှာ လည်ပတ်လေ့ရှိပါတယ်။

‘‘စတော့ဈေးကွက်ရဲ့ သဘောအရ လူတိုင်းက လက်ထဲ မှာ Blue Chipတွေ ကိုင်ထားလေ့ ရှိတယ်။ ဒါပေမဲ့ လုပ်ငန်း အသေး လေးတွေရဲ့ ရှယ်ယာတွေ လုံးဝ အဝယ်မလိုက်တော့တဲ့အခါ Blue Chipတွေ ကိုင်ထားဖို့ဆိုတာ စွန့်စားလွန်းရာ ကျလာတယ်။ ဒီတော့ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို လုံခြုံဖို့ အတွက် Blue Chipတွေကိုပါ ထုတ်ရောင်းပြီး ငွေဖော်ဖို့ ကြိုး စားလာကြတယ်။ အဲဒီအခါမှာ ဈေးကွက်က ကမောက်ကမ ဖြစ်ကုန်တော့တာပဲ’’လို့လည်း သူကရှင်းပြတယ်။ Blue Chip ဆိုတာ က ဈေးကွက်ထဲမှာ လုံးဝအရှုံးမပေါ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာ ခိုင်မာတဲ့ ကုမ္ပဏီကြီးတွေရဲ့ ရှယ် ယာတွေကို ဆိုလိုတာပါ။

တရုတ်စတော့ရှယ်ယာ ဈေးကွက်ရဲ့သဘော

တခြားနိုင်ငံကြီးတွေရဲ့ စတော့ရှယ်ယာဈေးကွက်နဲ့ ယှဉ်ကြည့်ရင် တရုတ်ရဲ့ ဈေးကွက် အနေအထားက အကြီးအကျယ် ကွာဟမှုတစ်ခု ရှိပါတယ်။ အဲဒါကတော့ စတော့ရှယ်ယာ ဈေးကွက်ရဲ့ ၈၅ ရာခိုင်နှုန်းကို လက်လီသမား ရင်းနှီးမြှုပ်နှံသူတွေ၊ ရောင်းဝယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီစီးပွားရေးအခြေခံတွေမှာ အပြောင်းအလဲ တစ်ခုခုသက်ရောက်တာနဲ့ စတော့ရှယ်ယာဈေးကွက်ကို တိုက်ရိုက် ထိခိုက်ဖို့ လွယ်ကူနေ ပါတယ်။

‘‘ဈေးကွက်ထဲမှာ နေ့တိုင်း ရှယ်ယာတွေ အပြိုင်ရောင်းချဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ရှယ်ယာဈေးတွေ တရိပ်ရိပ် ကျဆင်းနေတာက သာမန် အခြေအ နေတော့ မဟုတ်ဘူးလေ။ ဈေးကွက် အလှည့်အပြောင်းက အရမ်းအရှိန်ပြင်းလွန်းတယ်’’လို့ Wall Street မှာ ကျင်လည်ဖူးတဲ့ ကုန် သည်တစ်ဦးလည်းဖြစ်၊ Alpha Squared Capital ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်လည်းဖြစ်တဲ့ ဝမ်ဖန်း က သုံးသပ်ပါတယ်။

‘‘ဒီဖြစ်ရပ်က တကယ့်ကို အဓိကရုဏ်း ဆန်လွန်းတယ်။ ခက်တာက ဈေးကွက်ထဲမှာ ရှိသမျှ ရှယ်ယာလက်ကိုင်သမားအားလုံးက ရည်ရွယ်ချက် တစ်ခုတည်းကို ဦးတည်နေတယ်။ သူတို့အားလုံး က လက်ထဲက ရှယ်ယာတွေကို ဒီထက် ပိုမရှုံးခင် ထုတ်ရောင်းဖို့ပဲ စဉ်းစားနေတယ်။ လောလော ဆယ်ရှယ်ယာလက်ကိုင်ထားပြီး ကစားသူအားလုံး အလွန်အကျွံ စိတ်တုန်လှုပ်နေကြတယ်’’လို့ လည်း သူက ဆိုပါတယ်။

ဇူလိုင် ၈ ရက်မှာ ရှန်ဟိုင်းနဲ့ ရှန်ဇန်းတို့ရဲ့ ဈေးကွက်ရှယ်ယာ တန်ဖိုးက ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ပိတ်သိမ်းသွားတယ်။ ရှန်ဟိုင်းရဲ့ ရှယ်ယာဈေးကွက် အညွှန်းကိန်းက ၅ ဒသမ ၉ ထိ စိုက်ဆင်းလာပါတယ်။ ဟောင်ကောင် ရဲ့ ဟန်ဆန်း ဈေးကွက်ညွှန်ကိန်းအရလည်း အဲဒီနေ့မှာ ရှယ်ယာတန်ဖိုး ၅ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ တရုတ်ရဲ့စတော့ရှယ်ယာ ကျဆင်းမှုဟာဂျပန်၊ တောင်ကိုရီးယားတို့ အပါအဝင် တခြားအာရှနိုင်ငံတွေရဲ့ စတော့ရှယ်ယာတန်ဖိုးတွေပါ အတိုင်းအတာတစ်ရပ်ထိ ကျ ဆင်းအောင် သွယ်ဝိုက်ဂယက်ရိုက်ခဲ့ တယ်။

ထွက်ပေါက်ရှာတွေ့လေမလား

ဇူလိုင် ၉ ရက် မနက်ခင်းမှာတော့ ဆောက်တည်ရာမရ ဖြစ်နေတဲ့ တရုတ်စတော့ရှယ်ယာရှင်တွေ အသက်ရှူချောင်စရာ သတင်းလေးတွေ ထွက်လာ တယ်။ တောက်လျှောက် ကျဆင်းနေတဲ့ ရှန်ဟိုင်းစတော့ရှယ်ယာဈေးကွက်ဟာ ၅ ရာခိုင်နှုန်းလောက် တန်ဖိုးပြန်တက်လာ တယ်။ ရှန်ဇန်းဈေးကွက် အခြေ

အနေကလည်း ၃ ဒသမ ၆ ရာခိုင် နှုန်းတန်ဖိုးတက်လာတယ်။ အဲဒီ စတော့ဈေးကွက် နှစ်ခုစလုံးဟာ ပြီးခဲ့တဲ့ လကတည်းက အဆုံးအ ရှုံးတွေနဲ့ချည်း တောက်လျှောက် ကြုံနေခဲ့တာပါ။
ကမ္ဘာ့စီးပွားပျက်ကပ် နောက်ပိုင်း အကြီးကျယ်ဆုံးကုန်သွယ်ရေး အရှုံးပြမှုကို ဇူလိုင် ၈ရက်မှာ ကြုံထားခဲ့တဲ့ ဟောင်ကောင်စတော့ရှယ်ယာ ဈေးကွက်ကလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းပြန်တက်လာတယ်။ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ပျမ်းမျှဈေး ကွက် အနေအထားကလည်း ၃ ဒသမ ၆ ရာခိုင်နှုန်း အတက်ဘက် ဦးတည်လာတယ်။ ပြီးတော့ လေးလဆက်တိုက် နိမ့်ပါးခဲ့တဲ့ ယွမ်ငွေ ကလည်း ဇူလိုင် ၉ ရက်မှာ တန်ဖိုး တက်ရိပ်ပြန်ပြလာတယ်။

တရုတ်အာဏာပိုင်တွေက ရေတိုပဲကြည့်ပြီး ဈေးကွက်ကို ပိုပြီး ကမောက်ကမ ဖြစ်သွားစေ လောက်တဲ့ ရှယ်ယာ ထုတ်ရောင်းမှုတွေအပေါ် ကြပ်မတ်ဖို့ စုံစမ်းမှုတွေ စတင်နေပြီဆိုတဲ့ သတင်းနဲ့အတူ အခြေအနေက နည်းနည်း ပြန်ပြီး တည်ငြိမ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ချရတဲ့ အနေ အထားတော့ မဟုတ်သေးပါဘူး။ တကယ်လို့ ရှယ်ယာရှင်တွေက ကိုယ့်လက်ထဲက စတော့ရှယ်ယာတွေကို ယုံယုံကြည်ကြည်နဲ့ ထိန်းသိမ်းထားနိုင်အောင် တရုတ်အစိုးရက စည်းရုံးဆွဲဆောင်နိုင်ဖို့တော့ လိုနေဆဲပါ။

နိုင်ငံတကာ ဂယက်ရိုက်ခတ်မှု တွေတရုတ်စတော့ရှယ်ယာဈေး ကွက် မတည်ငြိမ်မှုဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အဓိက သက်ရောက်ခဲ့ တာကတော့ အာရှနိုင်ငံတွေကိုပါ။

ဂျပန်နိုင်ငံရဲ့ စတော့ဈေး ကွက်ကို ပြဆိုတဲ့ Nikkei 225 ညွှန်းကိန်းအရ ဇူလိုင် ၈ ရက်မှာ ဂျပန်စတော့ရှယ်ယာ တန်ဖိုးတွေ ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး ပိတ်သိမ်းသွားတယ်လို့ ဆိုပါ တယ်။ တစ်ဖက်မှာတော့ ယန်းငွေတန်ဖိုး နည်းနည်းကျဆင်းသွားခြင်းက ယွမ်ငွေကို တန်ဖိုးကို နည်းနည်းပြန်မာလာစေတယ်။

ဩစတြေးလျမှာတော့ သံ ရိုင်းတူးဖော်ရေး စတော့ရှယ်ယာ တန်ဖိုးတွေ သိသိသာသာ ထိခိုက်ကျဆင်းသွားပါတယ်။ သုံးလအတွင်း အသိသာဆုံးအနေအ ထားအဖြစ် ၆ ရာခိုင်နှုန်းလောက် အကျဘက် ဦးတည်သွားတယ်။ သံရိုင်းဟာ ဩစတြေးလျရဲ့ အဓိကပို့ကုန်တစ်ခုပါ။ ဇူလိုင် ၈ ရက်မှာတော့ ဩစတြေးလျရဲ့ စတော့ရှယ်ယာ တန်ဖိုး ၂ ရာခိုင်နှုန်း ကျဆင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။

တောင်ကိုရီးယားကတော့ ဇူလိုင် ၈ ရက်မှာ စတော့ရှယ်ယာ တန်ဖိုး ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး ပိတ်သိမ်းခဲ့တယ်။ လောလောဆယ် ဗဟိုဘဏ်က ဒီအခြေ အနေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အတိုးနှုန်းတွေ ပြောင်းလဲ သတ်မှတ်ဖို့ စဉ်းစားနေပါတယ်။

အမေရိကန်ဈေးကွက်မှာ တရုတ်ရှယ်ယာတန်ဖိုးတွေ ကျ ဆင်းပေမယ့် ဥရောပမှာတော့ ဂရိကြွေးမြီပြဿနာကြောင့် သိသာတဲ့ အပြောင်းအလဲ ကြီးကြီးမားမားမရှိပါဘူး။ ယူရိုဇုန်က ဂရိနုတ် ထွက်ဖို့ အလားအလာရှိနေခြင်းက ယူရိုငွေ တန်ဖိုးကို ကျဆင်းစေပြီး ယွမ်ငွေရဲ့ တန်ဖိုးကျဆင်းမှုကို ဖုံးကွယ်သလို ဖြစ်နေတာကြောင့်ပါ။

ဂရိပြဿနာထက် ပိုကြီးတဲ့ တရုတ်ပြဿနာ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာ့ မီဒီယာတွေ အဓိက မီးမောင်းထိုး ဖော်ပြကြတာက ဂရိရဲ့ ကြွေးမြီ ပြဿနာ ဖြစ်ခဲ့ပါတယ်။ ယူရိုငွေတန်ဖိုး ကျဆင်းမှုဟာ ဥရောပဒေသတစ်ခုလုံးရဲ့ စီးပွားရေးကိုအကြီးအကျယ် ရိုက်ခတ်သွားနိုင် တာကြောင့်ပါ။ ဒါပေမဲ့ တရုတ်ရဲ့ရှယ်ယာဈေးကွက်ကို မထိန်းညှိနိုင်ရင်တော့ ဒါဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်သွားပါလိမ့်မယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စီးပွားရေး အင် အားစုကြီး ဖြစ်နေတာကြောင့် တရုတ်ရဲ့ ယိုင်လဲမှုဟာ ကမ္ဘာ့စီးပွားရေးရဲ့ ယိုင်လဲမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ သဘောပါပဲ။

ဒါပေမဲ့ တရုတ်ဟာ ကြွေးမဆပ်နိုင်လို့ ဒုက္ခပင်လယ်ဝေနေတဲ့ ဂရိရဲ့ အကျပ်အတည်းနဲ့ လုံးဝကွဲပြားနေတာ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့လို အဖွဲ့အ စည်းတွေက တရုတ်ကို ဝင်ကူညီဖို့ အသင့်ရှိနေမှာပါ။ နောက်ပြီး အမေရိကန်ပြည်ထောင်စုအ ကြောင်းကိုလည်း ထည့်စဉ်းစားရ ပါမယ်။

အမေရိကန်ဟာ တရုတ်ရဲ့ နိုင်ငံရေး မဟာပြိုင်ဘက်ကြီးဆိုပေမယ့် တရုတ်စီးပွားရေး ပြိုလဲသွားတာမျိုးကိုတော့ လုံးဝမလိုလားပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်ရှယ်ယာ ဈေးကွက်ထဲမှာ အမေရိကန်က အများကြီး ပါဝင် မြှုပ်နှံထားတာကြောင့် ဒီ အကျပ်အတည်းဟာ အမေရိကန်ကို ပါ ထိခိုက်လာနိုင်တာကို သဘော ပေါက်တဲ့အတွက်ကြောင့်ပါ။

ပညာရှင်တွေကတော့ အခြေအနေတွေ ပြန်တည်ငြိမ် လာဖို့ သီတင်းပတ် အနည်းငယ် လောက် အချိန်ယူရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုးဘက် ရှုထောင့်က ချဉ်းကပ်ကြည့် သူ တချို့ကလည်း ဒါဟာနာလန် ထဖို့ခက်တဲ့ နာတာရှည် စီးပွားရေး ဆုတ်ယုတ်မှုမျိုး ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်ဆိုပြီး ပြောထားပါ သေးတယ်။ သုံးပတ်လောက် အနုတ်လက္ခဏာ ပြခဲ့တဲ့ စတော့ ဈေးကွက်အခြေအနေက ဇူလိုင် ၉ ရက်မှာတော့ တက်ရိပ်လေးပြစ ပြုလာပါပြီ။ ဒီကုစားမှုလေးက ပိုပြီး အရှိန်မြင့်လာမလားဆိုတာ

ကတော့ လာမယ့်ရက်တွေမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

—Ref: CNN, MarketWatch
7Day Daily

0 comments:

Post a Comment