Saturday, July 25, 2015

နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာပိုက်တင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှု ဖြစ်စဉ်၏ အရေးအကြီးဆုံး အပြောင်းအလဲတစ်ရပ် ဖြစ်လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၁၀၀ ကျော်ကျော်သာ လိုတော့သည်။ ယခုကာလတွင် မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာလည်း အပြောင်းအလဲ များစွာနှင့် ရှုပ်ထွေးလွန်းလာနေသည့် အနေအထား ဖြစ်လာသည်။ ယင်းကြောင့် ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် စာရေးဆရာ ပိုက်တင်၏ အမြင်များကို သိရှိနိုင်စေရန် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။


Voiceး ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ကလည်း ရက်ပေါင်း ၁၀၀ ကျော်ကျော်လောက်ပဲ လိုတော့တယ်။ ပါတီအသီသီးကလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး အပြိုင်အဆိုင် ပြင်ဆင်လာနေတာ တွေ့ရပါတယ်။ အဲ့ဒီလို အခြေအနေတွေမှာ ၂၀၁၅ က အခြားနှစ်တွေနဲ့ မတူဘဲ ရွေးကောက်ပွဲနီးမှ နိုင်ငံရေးအခြေအနေတွေ ပိုရှုပ်ထွေးလာ တယ်ပေါ့။ လက်ရှိ ဦးဆောင်ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဆိုလည်း ရှုပ်ထွေးလာတာတွေ ရှိတယ်ပေါ့။ ကြံ့ခိုင်ရေးပါတီထဲကနေ နုတ်ထွက်တာတွေ များလာတယ်။ ကယားပြည်နယ် ဘက်က ဝန်ကြီးအချို့ဆိုလည်း ပါတီကနေ နုတ်ထွက်တာတွေ ရှိလာတယ်။ နောက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း အစရှိတဲ့ ပြည်ထောင်စုဝန်ကြီးတွေက တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မယ်လို့ သတင်းထွက်လာ တာတွေရှိတယ်။ အဲ့ဒီလိုမျိုးတွေ ဖြစ်နေတာက ကြံ့ခိုင်ရေးပါတီ ထဲမှာ တကယ်ဖြစ်နေတာလား၊ ဇာတ်တိုက်ထားတာများ ဖြစ်နေမလားဆိုပြီး အမြင်အမျိုးမျိုး ဖြစ်နေကြတယ်။ ဆရာ့အနေနဲ့ ကြံ့ခိုင်ရေးပါတီတွင်း ပြဿနာတွေကို ဘယ်လိုမြင်လဲခင်ဗျ။PTး အဲ့ဒါကတော့ နှစ်မျိုးလုံး ပြောနေကြတယ်။ ကျွန်တော့်အမြင်ကတော့ တကယ့်ဖြစ်စဉ်လို့ပဲ မြင်တယ်။ ပြည်ခိုင်ဖြိုးက ခေါင်းဆောင်ပိုင်းက လူအများစုပေါ့ အားလုံးတော့ မဟုတ်ပါဘူး၊ Hardliner လို့လည်း ပြောလို့ရတယ်ပေါ့၊ ကိုယ်ကျိုးစီးပွား ကိုလည်း အခြေခံတယ်လို့ ပြောလို့ရတယ်ပေါ့၊ အဲဒီအုပ်စုက တစ်စုရှိတာပေါ့။ နောက်တစ်ခုက Moderate တွေပေါ့၊ ပြုပြင် ပြောင်းလဲလိုသူတွေပေါ့၊ ဒါလည်း ရှိသလောက် ရှိတယ်၊ ဒါပေမဲ့ သူတို့ဘက်ကျတော့ ကျွန်တော် ခန့်မှန်းရ ခက်တယ်၊ ဘယ်က Moderate လဲ၊ ဘယ်သူက Reformer လဲပေါ၊့ အဲ့ဒါက ခန့်မှန်းရ ခက်တယ်ပေါ့။ အခုဖြစ်နေတာတွေကို ကျွန်တော်တို့ ပကတိအရှိတရား အမှန်အတိုင်းလို့ပဲ မြင်တယ်။ မြန်မာ့နိုင်ငံရေး အခြေအနေက ဒီထက်ပို ရှုပ်ထွေးလာစရာ ရှိတယ်လို့ မြင်တယ်။ ကျွန်တော့်အမြင်အရ ပေါ့လေ။

Voiceး ကြံ့ခိုင်ရေးနဲ့ ပတ်သက်လို့ ဒီပါတီထဲမှာ Hardliner လို့ ပြောလို့ရတဲ့အုပ်စု ရှိသလို Moderate တွေလည်း ရှိတယ်လို့ ဆရာ ခုနက ပြောခဲ့တယ်ပေါ့။ အခု ပါတီတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေက အဲဒီအုပ်စုနှစ်စု အားပြိုင်မှုလို့ ပြောလို့ရမလား၊ ဘယ်လိုမြင်မိပါသလဲ။

PTး ဒီသဘောပါပဲဗျ၊ ဒီသဘောပါပဲ။ ကျွန်တော်တို့ ပြောမယ်ဆိုရင်တော့ တပ်မတော်ရဲ့ ရပ်တည်ချက်ကလည်း ဒီနေရာ နည်းနည်းအရေးပါတယ်။ တပ်မတော်က Reform လုပ်ဖို့ ဆုံးဖြတ်ထားတယ်ပေါ့နော်။ တပ်မတော် ဆိုတာက အခုလက်ရှိ တပ်မတော် ခေါင်းဆောင်ပိုင်းပေါ့။ တပ်မတော်မှာ ပြုပြင်ပြောင်းလဲရေးက တကယ်တော့ အများကြီး ကျန်ပါသေးတယ်။ ခေါင်းဆောင်ပိုင်း ကတော့ ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တယ်၊ အဓိကကတော့ စီးပွားရေးပေါ့လေ။ စီးပွားရေးကို ကောင်းအောင် လုပ်ချင်တယ်ပေါ့။ ဒီမိုကရေစီက ထုံးစံအတိုင်း ပြုပြင် ပြောင်းလဲချင်တယ်။ ဒါပေမဲ့ တပ်ရဲ့အမြင်အတိုင်း ဖြည်းဖြည်းသွားမယ် ပေါ့လေ။ အဲဒီလို အမြင်ရှိတဲ့အတွက် တပ်ရဲ့ ရပ်တည်ချက်ကို ကြံ့ခိုင်ရေးရဲ့ရပ်တည်ချက်နဲ့ ချိန်ထိုး စဉ်းစားရမယ်ပေါ့။ တပ်က ပြုပြင်ပြောင်းလဲရေးကို ခေါင်းဆောင်ပိုင်းက လိုလားသလို ပြည်ခိုင်ဖြိုးက ခေါင်းဆောင်ပိုင်း ကလည်း တပ်နဲ့မူဝါဒအရ မဟာမိတ် ဖြစ်တဲ့လူတွေ ရှိလောက်တယ်ပေါ့။ ခုနက အခြေအနေတွေ ပိုပြီးရှုပ် ထွေးလာနိုင်တယ် ဆိုတာက လက်ရှိ အခင်းအကျင်း တွေကိုကြည့်ရင် အဲ့ဒီဟာလေးတွေ တွေ့ရတယ်။ ဥပမာ ပြောရရင်ဗျာ အခု ကျွန်တော်တို့ ဒီလေးနှစ်ကျော်မှာ လွှတ်တော်နဲ့အစိုးရ ဘာပဲပြောပြော Check and Balance ရှိရမယ်ပေါ့။ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်တာရှိမယ်၊ ဝေဖန်တာရှိမယ်၊ ထောက်ပြတာ ရှိမယ်။ နှစ်ခုက တစ်ခုနဲ့တစ်ခု ပံ့ပိုးတာလည်း လိုတာပေါ့။ ဒါပေမဲ့ အခုက သိပ်ပံ့ပိုးမှု မလုပ်နိုင်ဘူး။ ကျွန်တော်မြင်တာ။ ပြဿနာ အရမ်းများတယ်ပေါ့၊ လိုအပ်တာ ထက်များတယ်။ ဒါကလည်း ကျွန်တော်တို့ ဟိုဘက်ခေတ်က ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းနဲ့လည်း ဆိုင်တာပေါ့လေ။ ပြောမယ်ဆိုရင် ရှင်းရတာတွေ များတော့ ပိုရှုပ်တယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီးတော့ ထိပ်တိုက်ဖြစ်တာ ပိုများတယ်။ များတော့ ပြည်ခိုင်ဖြိုးမှာကို Moderate တွေက ရှိတယ်ဆိုပေမယ့် Hardliner လို့ ယူဆရသူတွေက ပိုပြီးအားကောင်းမောင်းသန် ရှိတယ်။ အဲ့ဒီတော့ ဒီရွေးကောက်ပွဲမတိုင်ခင်မှာ သူတို့ မူဝါဒရေးရာ ပြဿနာတွေ ပိုရှုပ်လာနိုင်တယ်။ မူဝါဒ တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့၊ ရပ်တည်ရေး၊ အောင်နိုင်ရေး၊ အာဏာရယူရေး ကိစ္စတွေ ပါပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့ နက်နက်နဲနဲ ဖြစ်လာနိုင်တယ်လို့ ယူဆရတယ်။

Voiceး အဲ့ဒီတော့ သမ္မတဦးသိန်းစိန်ကလည်း ခုထိ ဝင်ပြိုင်မယ် မပြိုင်ဘူးဆိုတာ မသေချာဘူးပေါ့။ ဘယ်ဟာကိုမှ အပြတ်မပြောထားဘူး။ အဲဒီအနေအထား ဖြစ်နေတယ်။ ဒါပေမဲ့ သမ္မတရဲ့ စိတ်အချရဆုံးနဲ့ အဓိက လူယုံတွေလို့ ပြောလို့ရတဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း ကတော့ ဝင်ပြိုင်ဖို့ သေချာတဲ့သဘော ရှိတယ်။ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်မယ်လို့ ပြောနေတာတွေလည်း ရှိတယ်ပေါ့။ အဲဒီသတင်းတွေ ထွက်ပြီးနောက်ပိုင်း ကယားပြည်နယ်မှာ ဆက်တိုက် နုတ်ထွက်တာတွေ ရှိလာတယ်ပေါ့နော်။ ဒီတော့ ဦးအောင်မင်း၊ ဦးစိုးသိန်း တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ့်ကိစ္စနဲ့ ကယားပြည်နယ်က နုတ်ထွက်မှုတွေက အဆက်အစပ်ရှိတယ်လို့ သုံးသပ်ပါသလား။

PTး ပြည်နယ်အစိုးရတွေ ထဲမှာ ကယားပြည်နယ်မှ မဟုတ်ဘူး ပြည်နယ်အစိုးရ တော်တော်များများ ဝေခွဲမရ ဖြစ်နေတာရှိတယ်။ ဘာလုပ်ရမလဲ ဝေခွဲမရ ဖြစ်နေကြတယ်။ ဆက်စပ်မှုမရှိနိုင်ဘူး လို့တော့ ထင်တယ်။ အခုဆိုရင် သူရဦးရွှေမန်းက ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကို နေရာအတိကျ သတ်မှတ်ပေးတယ် လို့လည်း ကြားတယ်။ ဘယ်နေရာကနေ ပြိုင်ရမယ်လို့ သတ်မှတ်ပေးလိုက်တယ်လို့ ကြားတယ်။ တစ်သီးပုဂ္ဂလ ပြိုင်မယ်လို့ ကြားတယ်။ သတင်းက အမျိုးမျိုးထွက်နေတာ။ ဆက်စပ်မှုမရှိနိုင်ဘူး။ ကယားပြည်နယ်တစ်ခုတည်း မဟုတ်ဘူး အဲ့ဒီကိစ္စကလေ။ တော်တော်များများ ပြည်နယ်တွေ နည်းနည်းလှုပ်လှုပ် လှုပ်လှုပ်တော့ ရှိတယ်။

Voiceး အဲ့ဒီလိုဖြစ်လာတော့ ပြည်ထောင်စုအစိုးရက ဝန်ကြီးတွေရော၊ ပြည်နယ်အစိုးရ တွေက ဝန်ကြီးတွေ သီးခြားများ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်တာမျိုး ဖြစ်လာနိုင်လား။

PTး ဖြစ်နိုင်တယ်။ သူတို့အားလုံး မဟုတ်ရင်တောင် ရာခိုင်နှုန်းတစ်ခု အနေနဲ့ ဖြစ်လာနိုင်တယ်။ အဓိက ဘယ်အပေါ်မှာ အခြေခံလဲ ဆိုတော့ အဲ့ဒီကိစ္စက သူရဦးရွှေမန်းက သမ္မတလောင်းဖြစ်ဖို့ ရည်မှန်းချက် ရှိတဲ့ဟာနဲ့ တစ်ဖက်က အခု လက်ရှိသမ္မတကို ထောက်ခံတဲ့ အုပ်စုနဲ့ အဲ့ဒီကြားထဲမှာ ဖြစ်မှာပေါ့။ တကယ်တမ်း ပြောရရင် ကျွန်တော် ဦးရွှေမန်းကို သိပ်နားမလည်ဘူး၊ သူက အရမ်း Ambitious ဖြစ်တယ်ပေါ့ သူက။ သူ ဒီနေရာ (သမ္မတနေရာ) ကို အနှေးနဲ့အမြန် ရမှာပဲလေ။ သူတို့ Procedure အရပေါ့။ ဒါပေမဲ့ သူ နည်းနည်းလေး လောနေတယ်လို့ ထင်တယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပုံရိပ်က သူတို့ပါတီကို အများကြီး အထောက်အပံ့ ဖြစ်တယ်လေ။ ဒီနိုင်ငံတကာက သဘောထားတွေ ပြောင်းလာတာရယ်၊ အနောက်နိုင်ငံတွေက ကျွန်တော်တို့ တိုင်းပြည်ကို အာရုံစိုက်လာတယ်။ အပြုသဘော မြင်လာတယ်ပေါ့၊ ပြည်တွင်းမှာလည်း ဒီအပြောင်းအလဲကို လက်ခံလာတယ် ဆိုတာ သူ့ကြောင့်လေ။ ကြံ့ခိုင်ရေး ပါတီတစ်ခုလုံး ခြုံကြည့်လိုက်ရင် အဓိကက ဦးသိန်းစိန်ပေါ့။ အဲ့ဒီ Image ကို ကျကျနနအသုံးချရမှန်း မသိဘူး။ အမှန်ကတော့ ဒီပုံရိပ်ကို သုံးရမှာပေါ့။ အဲ့ဒီကိစ္စက သူတို့နှစ်ယောက် သမ္မတလောင်းကိစ္စနဲ့ ဟိုတစ်လောက ဆိုရင် သူတို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး လုပ်တော့တောင် ဆုံးဖြတ်ချက် မချနိုင်ဘူး။ သမ္မတလောင်း ရွေးဖို့ရယ် ဥက္ကဋ္ဌနေရာ အတိအကျ ပြန်ရွေးဖို့ရယ်။ မလုပ်နိုင်ဘူး။ ဒါတွေက အဲ့ဒီအပေါ်မှာ အခြေတည်တယ်။ ကျွန်တော့်အမြင် အရတော့ ပါတီ ကနေ ပြိုင်တဲ့လူလည်း ပေါ်လာနိုင်တယ်၊ တစ်သီးပုဂ္ဂလ ပြိုင်တဲ့လူလည်း ပေါ်လာနိုင်တယ်။ အခြားနည်းလမ်း တစ်ခုနဲ့ ပြိုင်ဖို့ ကြိုးစားတဲ့နည်းလည်း ပေါ်လာနိုင်တယ်။ ဘယ်လောက် အတိုင်းအတာထိလဲ ဆိုတာတော့ မှန်းရ ခက်တယ်ပေါ့။

ဘယ်အခြေအနေ ဆိုရင် တပ်ကဆုတ်မယ်ဆိုတာ ပြောထားပြီးသား ရှိတယ်ပေါ့။ အဲ့ဒီအခြေအနေကို ကျွန်တော်တို့က ဝိုင်းပြီး ဖန်တီးရတာ လက်တွေ့ကျတယ်။ အဲ့ဒါကို မဖြစ်နိုင်မယ်မှန်း သိရက်နဲ့ လွှတ်တော်ထဲမှာ ဦးဆောင်ပြီး ပြင်ဖို့ ကြိုးစားတာ...

Voiceး သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတစ်ခု ထပ်ထောင်ဖို့ရော ရှိလာနိုင်လား။

PTး ၂၀၁၅ အတွက် ရွေးကောက်ပွဲအတွက် ကတော့ မမီတော့ဘူးလေ။ ကော်မရှင်က ပါတီအသစ် လျှောက်ထားခွင့်က ပိတ်လိုက်ပြီကိုး။

Voiceး နောက်တစ်ခုက အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စမှာ တပ်က မလိုက်လျောတဲ့ ကိစ္စတွေ ရှိလာတော့ တပ်မတော်က Reform မလုပ်ချင်ဘူးလို့ USDP (ကြံ့ခိုင်ရေး) ခေါင်းဆောင်တွေ ပြောတာတွေရှိတယ်။ တပ်ကလည်း ပြင်ဖို့ မသင့်သေးဘူးလို့ ပြောတာတွေ ရှိတယ်ပေါ့၊ အဲ့ဒီတော့ တပ်နဲ့ ကြံ့ခိုင်ရေးခေါင်းဆောင် တွေကြား အဖွဲ့ကွဲမှု ဖြစ်လာတယ်လို့ ပြောနိုင်လား၊ တပ်နဲ့ ကြံ့ခိုင်ရေး မညီညွတ်တော့တာလား။ ဘယ်လို သုံးသပ်မိလဲခင်ဗျ။

PTး USDP (ကြံ့ခိုင်ရေးပါတီ)နဲ့ တပ်နဲ့ကြားလို့ ပြောတာထက် USDP ခေါင်းဆောင်အချို့နဲ့ တပ်နဲ့ အကြားပေါ့။ အဲ့ဒီလိုပြောရင် ပိုမှန်လိမ့်မယ်။ USDP ဆိုတာက တပ်ကိုအခြေခံပြီးတော့ ပေါ်လာတဲ့ ပါတီပဲလေ။ တပ်က သူ့ကို Support လုပ်မယ်လို ယူဆထားကြတယ်။ ခုထက်ထိလည်း လွှတ်တော်ထဲ ရောက်သွားရင် ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့ ပေါင်းမှာပဲလို့ ထင်နေကြသေးတယ်။ အဲ့ဒီတော့ တပ်နဲ့ USDP ဆိုတာထက်လေ ခုနကပြောတဲ့ ခေါင်းဆောင်အချို့နဲ့ ကြားထဲမှာတော့ သဘောထားက နည်းနည်းမတူတာတွေ များပြီ၊ မူဝါဒရေးရာ ကွဲလွဲတာတွေ များလာပြီလို့ ပြောရမှာပေါ့။

Voiceး အချို့ဝေဖန်ပြောနေတာ ရှိတယ်။ ကြံ့ခိုင်ရေး ပါတီက လူထုကြားမှာ နာမည်ဆိုး ရှိတယ်ပေါ့။ အဲ့ဒီ အခါကျတော့ ဦးသိန်းစိန်နဲ့ အချို့ဝန်ကြီးတွေက ကြံ့ခိုင်ရေးက ခွဲထွက်ပြီး ပြိုင်တယ်လို့ ပြောလို့ရမလား။

PTး တကယ်တော့ သမ္မတဦးသိန်းစိန်ရဲ့ ပုံရိပ်ပေါ့။ သူရဲ့ခေါင်းဆောင်မှုကို နားလည်သုံးသပ်နိုင်တဲ့ သူတွေကတော့ ကြံ့ခိုင်ရေးပါတီထဲမှာ နေပြီးတော့ လုပ်ရင် သူတို့ရဲ့အလားအလာက သိပ်မကောင်းဘူးပေါ့။ အဲဒီတော့ သူတို့ နည်းလမ်းရှာတယ် ထင်ပါတယ်။ အတိုင်းအတာသာ ပြောလို့မရတာ။ ရာခိုင်နှုန်း ဘယ်လောက်က ဒီလို စဉ်းစားနေတယ်ဆိုတာ ပြောရခက်တယ်။ စောစောက ပြောသလိုပေါ့ ဘယ်သူက Hardliner လဲ၊ ဘယ်သူက Moderate လဲ၊ တအားခက်တယ် ပြောရတာ။ နောက် ၄၃၆ ကို သွားထိတဲ့ကိစ္စ ပေါ့ဗျာ။ NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) အနေနဲ့ ၄၃၆ ကို ထိတာက မဆန်းဘူးလေ၊ ကြံ့ခိုင်ရေးက ဒီလို လုပ်တာကတော့ ဆန်းတယ်ပေါ့။ တစ်ခုရှိတာက လူထု ထောက်ခံမှုကိုပဲ သူတို့ ရချင်လို့လားပေါ့။ အမှန်တကယ်ပဲ ဒီမိုကရေစီကို မြန်မြန် ပြောင်းချင်လို့လားပေါ့၊ ပကတိအခြေအနေ ကိုပဲ နားမလည်လို့လားပေါ့။ တကယ်တမ်းကျတော့ ၄၃၆ က ခုချိန် ထိလို့မရဘူးလေ။ တကယ်တမ်း ၄၃၆ ကို အခြေခံဥပဒေထဲ ထည့်ရေး ခဲ့ကတည်းက ပါခဲ့တဲ့သူတွေက အခု အဲ့ ပြန်ဆန့်ကျင်နေတဲ့ သူတွေထဲမှာ ပါနေတယ်လေ။ ၄၃၆ ကို သွားထိတာ ထက်စာရင် ၄၃၆ ပြင်လို့ရတဲ့ အခြေအနေကို ဖန်တီးရမှာပေါ့။ တပ်က ပွင့်ပွင့်လင်းလင်း ပြောထားတာရှိတယ်လေ။ အကြိမ်ကြိမ်လည်း ပြောတယ်ပေါ့၊ ဘယ်အခြေအနေ ဆိုရင် တပ်ကဆုတ်မယ်ဆိုတာ ပြောထားပြီးသား ရှိတယ်ပေါ့။ အဲ့ဒီအခြေအနေကို ကျွန်တော်တို့က ဝိုင်းပြီး ဖန်တီးရတာ လက်တွေ့ကျတယ်။ အဲ့ဒါကို မဖြစ်နိုင်မယ်မှန်း သိရက်နဲ့ လွှတ်တော်ထဲမှာ ဦးဆောင်ပြီး ပြင်ဖို့ ကြိုးစားတာ တကယ်တမ်း NLD မဟုတ်ပဲနဲ့ ပြည်ခိုင်ဖြိုး ဖြစ်နေတော့ သူတို့က ဘာကြောင့် ဒီလိုလုပ်လဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပေါ့။

Voiceး အဲ့ဒီတော့ ကြံ့ခိုင်ရေးနဲ့ပတ်သက်ပြီး ပြောရရင် ၂၀၁၅ မှာ ကြံ့ခိုင်ရေးပါတီ အသွင်အနေနဲ့ ဝင်ပြိုင်မှာ မြင်ရမလို၊ အစိုးရအဖွဲ့က ပါတီတစ်ခုကနေပြီး ဝင်ပြိုင်တာရယ်၊ တစ်သီးပုဂ္ဂလ ဝင်ပြိုင်တာတွေ လုပ်လာနိုင်တယ် ပေါ့နော်။ အဲ့ဒါကိုရော ဘယ်လိုမြင်လဲ။

PTး ဟုတ်။ အဲဒီလို ဝင်ပြိုင်တာတွေ မြင်တွေ့ရလိမ့်မယ်။

Voiceး ကြံ့ခိုင်ရေးပါတီက ၂၀၁၀ ရွေးကောက်ပွဲ တုန်းကမှ တပ်မတော်ကနေ အသွင် ပြောင်းလာတာပေါ့၊ အဲ့ဒီရဲ့ အစဉ်အလာအတိုင်းပဲ အခုရွေးကောက်ပွဲ နီးတဲ့အချိန်မှာ တပ်ဘက်က အနားယူတဲ့ပုဂ္ဂိုလ်တွေက ကြံ့ခိုင်ရေးက ဝင်ပြိုင်ဖို့ နေရာတောင်းတာတွေ ဘာတွေ ကြားရတယ်ပေါ့၊ အဲ့ဒီကိစ္စမှာလည်း ကြံ့ခိုင်ရေးက မပေးနိုင်တာမျိုးတွေ ပြဿနာအချို့ တက်တယ်လို့ ကြားမိတယ်။ အဲ့ဒီလိုတွေ ရှိတော့ ကြံ့ခိုင်ရေးပါတီက တပ်နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်ပြောလို့ ရမလား။ ဘယ်လို သုံးသပ်မိလဲခင်ဗျ။

PTး ကျွန်တော့်အနေနဲ့ ပြောရမယ်ဆို အရင်တည်းက ကျွန်တော် ဆောင်းပါးတွေမှာ ရေးခဲ့ဖူးတယ်။ အကျိုးစီးပွား မတူဘူးပေါ့၊ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးနဲ့က အကျိုးစီးပွား မတူဘူးပေါ့။ တပ်မတော်ရဲ့အကျိုးစီးပွားကတော့ တကယ်တမ်း တပ်မတော်က ပုံစံတကျ ဖြစ်သွားမယ် ဆိုရင်ပေါ့။ သူ့ Institution က တကယ်ကို အတောင့်အတင်းဆုံး ပဲလေ။ အားနည်းချက်တွေတော့ ရှိခဲ့တာပေါ့။ အခြား Institution တွေ ယိုင်နေပေမယ့် တပ်ကတော့ တောင့်တယ်။ ဒါကြောင့်လည်း သူ ဦးဆောင်နိုင်တာပေါ့။ သူပုံစံတကျ ဖြစ်သွားရင် တကယ်တမ်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတာက တပ်မတော်၊ နိုင်ငံရေးပါတီတွေ နဲ့တော့ မတူဘူးလေ၊ နိုင်ငံရေးပါတီ တွေလည်း တိုင်းပြည်ကောင်းဖို့ လုပ်ကြတယ်ဆိုပေမယ့် အကျိုးစီးပွားက အမျိုးမျိုးလေ။ မူဝါဒတွေလည်း အမျိုးမျိုးရှိတာကိုး။ အခု သူတို့ ပြဿနာမရှိဘူး ဆိုရင်တောင် တဖြည်းဖြည်းနဲ့ လားရာ ကွဲသွားမှာပဲ။ တပ်နဲ့ပြည်ခိုင်ဖြိုးနဲ့က လုံးဝ အကျိုးစီးပွား တူမှာမဟုတ်ဘူး၊ ကျွန်တော်တို့ ဘာကိုကြည့်လို့ရလဲ ဆိုတော့ အခု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို ကြည့်လို့ရတယ်။ တစညက အခု သီးခြား ဖြစ်သွားတယ်။ ပြည်ခိုင်ဖြိုးပါတီ ဆိုရင် ဒီထက်တောင် မြန်သွားနိုင်တယ်လို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ ဒီလိုဖြစ်တာ တိုင်းပြည်အတွက် တကယ်တမ်းတော့ ကောင်းတယ်လို့ ပြောလို့ရတယ်။ တပ်က ခုတော့ ငြင်းစရာ ခုံစရာတွေ များတာပေါ့။ မေးခွန်း ထုတ်စရာတွေလည်း များတာပေါ့။ ဒါပေမဲ့ ကာလတစ်ခု ဖြတ်သန်းပြီး တပ်က ပါတီတွေကို ကျောထောက်နောက်ခံပေးမှာ မဟုတ်ဘူးလေ။ တိုင်းပြည်အတွက် ကောင်းတယ်။ တပ်က နိုင်ငံရေးခွာဖို့ ဆိုတဲ့ကိစ္စကိုလည်း အများကြီး အထောက်အပံ့ ဖြစ်လိမ့်မယ်။

Voiceး နောက်တစ်ခုက တပ်က အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နားမယ် မနားဘူး ဆိုတဲ့ကိစ္စ အပြင်မှာ သတင်း ထွက်နေတာတော့ ရှိတယ်။ တရားဝင် ကြေညာတာတော့ ဘာမှမရှိဘူးပေါ့။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နားခဲ့ရင် တပ်ပိုင်းဆိုင်ရာမှာ အခြေအနေ ဘယ်လိုပြောင်းနိုင်မလဲ။ ဒါမှမဟုတ် သူပဲ ဆက်ဦးဆောင်နိုင်လား၊ ဘယ်လိုမြင်လဲ။

PTး အဲ့ဒါကတော့ အတိအကျပြောဖို့ ခက်တာပေါ့။ တကယ်လို့ သူက တပ်ကိုဆက်ပြီး ဦးဆောင်မယ် ဆိုရင်လည်း သူခွာတဲ့အချိန်မှာ တပ်ကို သူ စိတ်မချသေးလို့ပေါ့၊ ကျကျနန အချိန်ယူပြီး သေချာ Structural ပိုင်းကို သေချာပြန် လုပ်ချင်လို့ပေါ့။ ခေါင်းဆောင်သစ် ရွေးတာကို စဉ်းစားပြီး အချိန်ယူ ချင်သေးလို့ပေါ့။ တကယ်လို့ တပ်ကခွာတယ် ဆိုရင်လည်း တပ်က အခုလိုပဲ သွားနေမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တပ်က အစဉ်အလာ ရှိတယ်လေ။ ခုနကပြောသလို အခိုင်မာဆုံး Institution ပဲ။ အားနည်းချက်ဆိုတာက အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးကာလ ကြာသွားတဲ့ ကိစ္စပေါ့။ အဲ့ဒီတော့ စနစ်ကိစ္စပဲ ကျွန်တော်က စဉ်းစားတာကောင်းတယ်၊ လူပုဂ္ဂိုလ် ဆိုတာထက် စနစ်ကို စဉ်းစားတာ အမှန်တရားနဲ့ ပိုနီးစပ်တယ်။ ဒီလို စစ်အာဏာရှင် စနစ်ကို ကျင့်သုံးရင် ဘယ်တိုင်းပြည်မဆို ဒီလိုဖြစ်တာပဲ။ ခြစားမှုတွေ ကြီးလာတယ်။ တိုင်းမှူးတွေက ဘုရင်လို ဖြစ်လာတယ်။ အဲ့ဒီထဲကနေပြီး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတာပေါ့။ တကယ်တမ်း တပ်က ဘာမှ အပြောင်းအလဲ ဖြစ်စရာအကြောင်း မရှိပါဘူး။ အရင်တုန်းက Constitution (အခြေခံဥပဒေ) မရှိဘူးလေ။ ဒီလိုပဲ လက်တန်း လုပ်ရတဲ့သဘော ရှိတယ်။ အခုက Constitution က ခိုင်ခိုင်မာမာ ရှိတယ်။ တပ်အနေနဲ့ လည်း ဒီ Constitution ရဲ့ဘောင်ထဲကို ရောက်သွားပြီ။ ဘယ်လိုပဲပြောပြော သူတို့ အဲ့ဒီအပြင်ကို ကျော်လို့မရဘူး။ အာဏာသိမ်းတယ် ဆိုရင်တောင် သိမ်းပြီး အရင်လိုနေလို့ မရတော့ဘူးပေါ့။ တပ်က သိပ်ဘာမှ အပြောင်းအလဲရှိမှာ မဟုတ်ပါဘူး။

ဆက်လက်ဖော်ပြပါမည်။

အောင်ဘိုဘိုရှိန်၊ မြတ်မင်း
The Voice Weekly

0 comments:

Post a Comment