Sunday, July 26, 2015

သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် မဲဆန္ဒရှင် ၁၇၀၀ ကျော် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား


ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် တပ်မတော်သားများနှင့် မိသားစုဝင် မဲဆန္ဒရှင် ၁၇၀၀ ကျော်က ဆန္ဒပြုလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း အဆိုပါ ပေးပို့ထားသော စာအရ သိရသည်။သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်အပေါ် ပြည်သူပြည်သားများက အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန်အတွက် ၎င်း၏ ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ တပ်မတော်သားနှင့် မိသားစုဝင် မဲဆန္ဒရှင်ပေါင်း ၁၇၄၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခြင်းဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မဲခွဲဆုံးဖြတ်ရာတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း ကိုယ်တိုင်ကိုယ်ကျ ဆန္ဒမဲပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျပြီး လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များကို အရပ်သုံးစကားများဖြင့် ရည်ညွှန်းပုတ်ခတ်ပြောဆိုမှုများ ပြုလုပ်ခြင်းသည် ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦး အနေနှင့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်ကြောင်း အဆိုပါစာ၌ ဖော်ပြထားသည်။

အလားတူ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခြင်း မရှိသေးသည့်အပြင် တိုင်ကြားခံရသော လွှတ်တော်ကိုယ်စားလှယ်ကို မိမိစည်းရုံးရေး ထိရောက်စေရန် ဥပဒေနှင့်မညီစွာ ကာကွယ်စောင့်ရှောက်နေခြင်း ကိစ္စရပ်များသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မှု မပြုသည့် လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းထိုက်ကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ရုံးပိတ်ရက် ဖြစ်သောကြောင့် ပေးပို့လာသော စာရောက်ရှိခြင်း ရှိမရှိ မသိရှိသေးကြောင်း အဆိုပါ ကော်မရှင်ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။

“အဲဒါက ရုံးပိတ်ထားတော့ ရောက်မရောက် မသိသေးဘူး၊ ဒါပေမဲ့ ရောက်ခဲ့ရင်လည်း ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးတဲ့အတွက် ဆောင်ရွက်ပေးလို့ မရပါဘူး” ဟု ဆိုသည်။

ယင်းသို့ သူရဦးရွှေမန်းကို ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် တင်ပြခြင်းကို သိရှိထားခြင်း မရှိသေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းက ဆိုသည်။

“ဒါက လူကြီးတွေကိစ္စပါ။ လူကြီးတွေကိစ္စ ဆိုတော့ ပြောလို့လည်း မကောင်းပါဘူး” ဟု ဆိုသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦးကို ယင်းသို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် တပ်မတော်သားများ ကြိုးပမ်းခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မေးခွန်းထုတ်ဖွယ် ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဆိုသည်။

“တပ်မတော်အနေနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်တစ်ဦးပေါ်မှာတောင် အဲဒီလို သဘောထားမျိုး ရှိနေရင်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် အလားအလာ မကောင်းနိုင်ဘူး” ဟု ဆိုသည်။

အလားတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း တင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသိန်းဇော်ကိုလည်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အသိပေးခြင်း မရှိသောကြောင့်ဟုဆိုကာ ၎င်း၏ မဲဆန္ဒနယ်မှ တပ်မတော်သားများ အပါအဝင် မဲဆန္ဒရှင် ၃၅၈၁ ဦးက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က The Voice Daily သို့ အတည်ပြု ဖြေကြားထားသည်။

သူရဦးရွှေမန်းသည် တပ်မတော်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ရွေးကောက်ခံရခြင်း ဖြစ်ကာ ခိုင်လုံမဲပေါင်း ၆၀၅၀၃ မဲတွင် တပ်မတော်သားနှင့် မိသားစုဝင် မဲဆန္ဒရှင်များ၏ ၁၄၁၀၄ မဲ ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ၄၇ ရာခိုင်နှုန်း ပါရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့သော တပ်မတော်သားများ၏ တိုင်ကြားစာအတွင်း ဖော်ပြထားသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး သမ္မတ လုပ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားထားကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၎င်း၏ မူလ ဇေယျာသီရိ မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည် မဟုတ်ဘဲ မွေးရပ်ဇာတိ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာတွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် တရားဝင် ထုတ်ပြန်ထားသည်။

The Voice Weekly

0 comments:

Post a Comment