Thursday, July 23, 2015

ကယ်လီဖိုးနီးယားမှ မိသားစု တစ်ခုကို အမှတ်မထင် ပျော်ရွှင်စေခဲ့သည့် ဘက်ဟမ်း


နေအိမ် တံခါးပေါက်ရှေ့တွင် လူတကာ လေးစားအားကျရသည့် ကမ္ဘာ့အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ယောက် မထင်မှတ်ဘဲ ရောက်ရှိနေခြင်းသည် အံ့ဩ ဝမ်းသာစရာ အခြေအနေတစ်ရပ် ဖြစ်ပေမည်။ အဆိုပါ ပုဂ္ဂိုလ်က ဒေါ်လာ တစ်သိန်းတန် ချက်လက်မှတ် တစ်စောင်ကို လက်ဆောင်အဖြစ် ယူလာသည့် အခါတွင်မူ ကယောင်ကတမ်း ဖြစ်ရသည်အထိ ပျော်ရွှင်တုန်လှုပ်သွားမည် ဖြစ်သည်။ အဆိုပါ အခြေအနေမျိုးကို ကယ်လီဖိုးနီးယားရှိ မိသားစုတစ်ခု လက်တွေ့ ကြုံခဲ့ရသည်။ရိုင်ယန်ဆီးခရက်စ်၏ ရုပ်မြင်သံကြား အစီအစဉ်သစ်ဖြစ်သည့် Knock Knock Liveတွင် ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ဟမ်းက ပါဝင်ကူညီခဲ့ပြီး ဂွန်ဇာလက်ဇ် မိသားစုထံ အလည်အပတ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်မြင်သံကြား အစီအစဉ်က လျှို့ဝှက်စွာ ရွေးချယ်ထားသည့် မိသားစုများထံသို့ နာမည်ကျော်များ ရုတ်တရက် အလည်အပတ် သွားရောက်သည့် အချိန်၌ ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုများကို အမိအရ ရိုက်ကူးပြသနေခြင်း ဖြစ်သည်။

ဇူလိုင် ၂၁ ရက် အစီအစဉ်အတွက်မူ ဂွန်ဇာလက်ဇ် မိသားစုက ကံထူးသွားခဲ့သည်။ အစီအစဉ်ကို အကောင်အထည် ဖော်သူများသည် ၎င်းတို့၏ မိသားစု နောက်ခံသမိုင်းကို ကြိုတင်လေ့လာထားပြီး ဘက်ဟမ်းကို အကူအညီတောင်း စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ လော့စ်အန်ဂျလိစ် ဂလက်ဆီနှင့် ပဲရစ်စိန့်ဂျာမိန်း အသင်းများတွင် ကစားခဲ့ဖူးသည့် အင်္ဂလန် လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းက အိမ်တံခါး သွားခေါက်ပြီး ဂွန်ဇာလက်ဇ် မိသားစုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အစီအစဉ်မှူး ဆီးခရက်စ်က ဂွန်ဇာလက်ဇ်တို့ မိသားစုသည် တက်ညီလက်ညီ အလုပ်ကြိုးစားသူများ ဖြစ်ကြပြီး ဘက်ဟမ်းက ၎င်း၏ မိသားစု နောက်ခံအခြေအနေများနှင့် တူညီနေခြင်းကြောင့် ကိုယ်တိုင် ဆန္ဒပြုကာ သွားရောက်ခဲ့ခြင်းဟု ရှင်းပြခဲ့သည်။


တံခါးဖွင့်ဖွင့်ချင်း ဘက်ဟမ်းကို မြင်လိုက်ချိန်တွင် ဂွန်ဇာလက်ဇ် မိသားစု၏ အိမ်ရှင်မဖြစ်သူ ကလော်ဒီယာက ချက်ချင်းမှတ်မိကာ အံ့ဩတကြီး အော်ဟစ်ခဲ့သည်။ သူမ၏ အော်သံကို ဘေးအိမ်များကပင် ကြားသဖြင့် ထွက်ကြည့်ခဲ့ကြောင်း သိရသည်။ ဘက်ဟမ်းက ဂွန်ဇာလက်ဇ် မိသားစုကို နှုတ်ဆက်ပြီးနောက် “ကျွန်တော် ဒီကို ရောက်လာတာ ကိစ္စတချို့ကြောင့်ပါ။ ပထမဆုံးနဲ့ အရေးအကြီးဆုံး အကြောင်းရင်းက ခင်ဗျားတို့ မိသားစုအကြောင်း ကျွန်တော် ကြားမိတဲ့နောက် တွေ့ချင်လို့ ဖြစ်ပါတယ်။ ဒီကို ရောက်လာပြီး ခင်ဗျားတို့ အိမ်ထဲကို လည်ပတ်ခွင့် ရတဲ့အတွက်ရော၊ မိသားစုဝင် တစ်ယောက်ချင်းစီနဲ့ပါ တွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့နောက်တွင်မူ ဘက်ဟမ်းက အသစ်စက်စက် အိုင်ဖုန်း တစ်လုံးစီကို မိသားစုဝင် တစ်ဦးချင်းစီထံ ဝေမျှပေးပြီး ၁၀ နှစ်စာ ဖုန်းပြောခကို အစီအစဉ်က တာဝန်ယူ ကျခံပေးသွားမည်ဟု အသိပေးခဲ့သည်။ ဘက်ဟမ်းက “ခင်ဗျားတို့ ဘယ်လောက် ကြိုးကြိုးစားစား အလုပ်လုပ်ကြတယ် ဆိုတာရယ်၊ တကယ့်ကို အံ့ဩစရာ မိသားစု တစ်ခု ဆိုတာရယ်ကို ကျွန်တော် သိထားပါတ်။ ခင်ဗျားတို့ဟာ တကယ့်ကို ရင်းနှီးစုစည်းတဲ့ မိသားစုလေး တစ်ခုပါပဲ။ ပြီးတော့ ကျွန်တော့် မိတ်ဆွေတွေရဲ့ ကျေးဇူးနဲ့ ခင်ဗျားတို့အတွက် ဒါလေး ပါလာပါတယ်”ဟုဆိုကာ စာအိတ် တစ်လုံးကိုလည်း ထုတ်ပေးခဲ့သည်။ အဆိုပါ စာအိတ်ထဲတွင် ဒေါ်လာတစ်သိန်းတန် ချက်လက်မှတ်တစ်စောင် ပါလာသည်။ ကလော်ဒီယာ အနေဖြင့် အံ့ဩစိတ်ဖြင့် မျက်ရည်လည် မဆုံးတော့ချေ။


ဂွန်ဇာလက်ဇ် မိသားစု၏ အိမ်ထောင်ဦးစီး ဗစ်တာသည် မက္ကဆီကိုတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးသည်။ ၎င်းသည် ဘက်ဟမ်းကဲ့သို့ ကမ္ဘာကျော်တစ်ဦး ဖြစ်လာရန် အိပ်မက်ကို စွန့်ခွာကာ မိသားစု အဆင်ပြေရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်။ ဗစ်တာသည် အလုပ်အခြေအနေအရ တစ်လလုံးတွင် မိသားစုနှင့် သုံးကြိမ်မျှသာ တွေ့ဆုံနိုင်သည်။ ဘက်ဟမ်း ရောက်ရှိလာချိန်တွင် ဗစ်တာသည် ကံအားလျော်စွာ အိမ်တွင် ရှိနေပြီး ၎င်း၏ စံပြ ကစားသမားနှင့် ပျော်ရွှင်စွာ ဆုံဆည်းခွင့် ရခဲ့သည်။


ဗစ်တာသည် ဘက်ဟမ်းနှင့် စကားပြောနေချိန်တွင် စိတ်ခံစားမှု လွန်ကဲပြီး ငိုကြွေးခဲ့သလို ဘက်ဟမ်းယူလာပေးသည့် လက်ဆောင်ကြောင့် မိမိတို့ မိသားစု အနေဖြင့် ငွေကြေးအတွက် ပူပန်စရာ မရှိနိုင်တော့ဟု ကျေးဇူးတင်စကား ပြောခဲ့သည်။ ဘက်ဟမ်းသည် မိသားစုများနှင့် အချိန်အတော်ကြာ ရင်းနှီးစွာ စကားပြောပြီးနောက် ဗစ်တာ၏ သားဖြစ်သူနှင့်အတူ နောက်ဖေး မြေကွက်လပ်လေးတွင် အတူတကွ ဘောလုံးကစားခဲ့သေးသည်။

လက်တင်နွယ်ဖွား မိသားစုထံ ဘက်ဟမ်း သွားရောက်တွေ့ဆုံသည့် ရုပ်မြင်သံကြား အစီအစဉ်ကို ဆီးခရက်စ်က ပြန်လည် ပြသရာတွင် အစီအစဉ်ကို ကြည့်ရှုနေသူ ပရိသတ်များထဲမှ မိသားစု တစ်စုသည်လည်း သမီးဖြစ်သူ၏ ပညာရေး စရိတ်အဖြစ် ဒေါ်လာ တစ်သောင်း ရရှိခဲ့သည်။ သူမသည် အဆိုပါ မိသားစု၏ မျိုးနွယ်ဆက်တစ်လျှောက် ပထမဆုံးအကြိမ် ကောလိပ်တက်ခွင့်ရမည့် ထူးချွန်သူလေး ဖြစ်သည်။ အစီအစဉ်မှူးများက မိန်းကလေး၏ မိဘနှစ်ပါးကိုလည်း ကားတစ်စီးစီ လက်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

_Ref: Dailymail
7Day Daily

0 comments:

Post a Comment