Wednesday, July 15, 2015

သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်ဆိုသည့်သတင်း မဟုတ်မှန်၊ ဆုံးဖြတ်ပြီးပါက ပြည်သူလူထုကို အသိပေးမည်


ယခုနှစ်အတွင်း ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဝင်ရောက်အရွေးချယ် ခံမည်မဟုတ်ဟု လတ်တလော ဆုံးဖြတ်ထားခြင်း မရှိဘဲ ဆုံးဖြတ်ပြီးပါက ပြည်သူလူထုကို အသိပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာအချို့၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းထံ စာပေးပို့ ထားကြောင်း ဖော်ပြထားမှုနှင့် ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည်ပြောဆိုခြင်း ဖြစ်သည်။

ယင်းအပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတ ဒုတိယသက်တမ်း ထပ်မံ အရွေးချယ်ခံရန် အစီအစဉ် ရှိ မရှိ ကို တိုင်းပြည်အခြေအနေ၊ ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် ပြည်သူလူထု ဆန္ဒအပေါ် မူတည်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ စာပို့သည့်ကိစ္စ ကိုလည်း အတည် မပြုကြောင်း ၎င်းက ပြောကြားသည်။

“သမ္မတကြီး ရွေးကောက်ပွဲ ဝင် မဝင်ကို လတ်တလောမှာ အတည်မပြု နိုင်သေးဘူးလို့ပဲ ပြောလို့ရပါမယ်၊ အခြေအနေတွေက နည်းနည်း ရှုပ်ထွေးနေတယ်” ဟု ၎င်းကဆိုသည်။

အလားတူ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ယင်းကိုယ်စားလှယ်လောင်း စာရင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမည် မပါရှိကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုက ပြောကြားထားသည်။

သို့သော်လည်း ယင်းကိုယ်စားလှယ်လောင်း အမည်စာရင်း ပါရှိခြင်း ရှိမရှိကို စိစစ်နေဆဲ ဖြစ်သောကြောင့် အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။

“နောက်ဆုံးအခြေအနေမှ သိရမှာပါ။ အခုက စိစစ်နေတုန်းပဲ၊ မပြောတတ်သေးဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသော သူရဦးရွှေမန်းကမူ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် အရွေးချယ်ခံမည် ဖြစ်ကြောင်း ထုတ်ဖော်ကြားထားသည်။

အထွေထွေရွေးကောက်ပွဲ နီးကပ် လာသည်နှင့်အမျှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း သမ္မတလောင်း ရွေးချယ်ရေးနှင့် ပတ်သက်ပြီး ပြဿနာများ ရှုပ်ထွေးလျက်ရှိကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြပြောဆို ထားပြီး ပါတီ၏ ၂၀၁၅ ခုနှစ် သမ္မတလောင်းသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သည့် ဆောင်းပါးရှင် လယ်ရီဂျေဂင်က ပြောဆို ထားသည်။

ယခုနှစ် အထွေထွေရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

0 comments:

Post a Comment