Thursday, July 23, 2015

ပွေလီတဲ့ ရွှေပြည်ရဲ့ ဟိုလိုဒီလိုများ


ပြောပါရစေဗျာ။ အင်း ..ကျုပ်ကလည်း ပြောပါရစေ ဆိုပြီးသာ စကားအစချီတာ။ အခုရက်များ ထဲမယ် လေဆက်က ခပ်ပြတ်ပြတ်ခင်ဗျ။ ခုနစ်ရက် နေ့စဉ်သတင်းစာမျက်နှာပေါ်မှာ ကျုပ်အသံက ပေါ်လိုက် ပျောက်လိုက်နဲ့ ဖြစ်နေတာကလား။ အချို့များလည်း ဘစီပျောက်နေရာက ရုတ်တရက်ပေါ်လာလို့ သရဲခြောက်တယ်မှတ်သတဲ့။ ဖြစ်နေပုံများ။ကိုင်းဗျာ။ ဆိုတော့ကာ ဘစီ လည်း မပြောတာ အတော်ကြာ လို့မို့ ဘယ်ကဘယ်လို စတင်ကာ ပြောရမယ်မသိအောင် ဖြစ်နေ သဗျ။ သိတော်မူကြတဲ့အတိုင်း ကျုပ်တို့ ရွှေပြည်ကြီးမှာ အခုရက် ပိုင်း နိုင်ငံရေးဖြစ်ရပ်တွေက တ လှုပ်လှုပ်နဲ့ ရှုပ်ယှက်ခတ်နေမင့် ဟာ။ နို့ပြီးတစ်ခါ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း အစိုးရ က သတ်မှတ်ကြေညာလိုက်ပြီမို့ ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေး မယ့် လူတွေကလည်း ခါးတောင်း ကျိုက်တပြင်ပြင်နဲ့ပါရယ်။

အဲ့သဟာနဲ့ပတ်သက်ပြီး ဗေထိဟေ့ဆို ရှေ့ဆုံးကဘယ်သူ မျာလည်း ကြည့်လိုက်တော့ ကျုပ် တို့သမ္မတဖြစ်နေတာကိုးခင်ဗျ။ ခမျာ ရွေးကောက်ပွဲဟေ့ဆိုတာ နဲ့ ငြိမ်နေရာက နောက်တစ်ချီ သက်တမ်းတစ်ခုကို ပြည်သူတွေ ဆန္ဒပြုရင်ဝင်ပြီး အရွေးခံမယ်ဆို လား။ အနှီလိုပြောရော ဘယ်က မှန်းမသိပါဘူးဗျာ။ သူတို့ကိုယ် သူတို့တော့ ပြည်သူလို့ဆိုတာပဲ။ သမ္မတနဲ့ အမျိုးတွေလား ဘာတွေ လားလည်း မမှန်းတတ်ပါဘူး။ အဲ ..သူတို့က သမ္မတဦးသိန်းစိန်ကို နောက်တစ်ကြိမ် သမ္မတလုပ်စေ ချင်တယ်ဆိုပြီး ဆန္ဒတွေပြတယ် ဆိုတာလည်း ကြားလိုက်ပါရဲ့။

ဟောဗျာရေ။ ပြည်သူတွေ က သမ္မတလုပ်ပါဆိုတာကို ခမျာ က ဂိုက်ပေးကြမ်းနေသေးသဗျ။ လွှတ်တော်ဥက္ကဋ္ဌနဲ့ အပြန်အလှန် စာပေးစာယူတွေလည်း လုပ်သ တဲ့။ အဲဒါ နောက်တစ်ကြိမ် လုပ်မယ်၊ မလုပ်ဘူး မသေချာဘူး ဖြစ်နေတယ်ဗျာ။ ခက်တာပဲ သမ္မတနှယ်။ နောက်တစ်ကြိမ်လုပ်ချင်လည်း လုပ်ချင်တယ်ပေါ့လဗျာ။ ဒါနဲ့ ကြုံတုန်းလေးကြားဖြတ်အကြံပေးပါရစေ။ ဘာဖြစ်လဲ။ သမ္မတလုပ်ချင်တယ်။ သမ္မတလုပ်လို့ မ၀သေးဘူးဟေ့။ တည့်တည့်သာပြောပါခင်ဗျာ။ ပြည်သူက ရွေးချယ်ရင်တို့၊ ဆန္ဒပြုရင်တို့လုပ်မနေပါလေနဲ့။

အားလုံးလည်း အသိသား။ ဟောဒီ ပွေလီတဲ့ ရွှေပြည်မှာ သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးကောက် တင်မြှောက်ခွင့်ရှိတာမှ မဟုတ်ဘဲ။ အဖိုးနဂဃထိုက်တန်တဲ့ ရွှေဉာဏ်တော်များနဲ့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးထဲမယ် ပြည်သူက သမ္မတကို ဆန္ဒပြု ရွေးချယ်ရမယ်လို့မှ မပါတာပဲခင်ဗျာ။ သဟာလိုသာ ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာ ကျိန်းသေ ဧကန်ပေါ့ဗျာ။ နို့ပေတဲ့ မဟုတ်တာ။ အဲဒါနဲ့များ ပြည်သူကဆန္ဒရှိရင် ဘာညာနဲ့ တောင်တောင်အီအီ လျှောက်ပြောနေတော့ကာ မခက်လား။

ကျုပ်အထင် ရွေးကောက်ပွဲ နားနီးတော့ လူကြီးမင်းအတော် များများလည်း သွေးလေချောက် ချားကြတယ် ထင်ပါရဲ့ဗျာ။ လာ မယ့် နိုဝင်ဘာ ၈ ရက်မှာ ရွေး ကောက်ပွဲလုပ်မယ်လည်းဆိုရော အနှာနဲ့ မရှေးမနှောင်းမှာပဲ တောင်သာက လူကြီးမင်းတစ်ယောက် ဦးနှောက်သွေးကြောပေါက် ဆိုလား။ ဖြစ်ရဲ့။ အခုထိတော့ အသည်းအသန်ပဲလို့ ကြားတယ်။ ဟုတ်၊ မဟုတ်တော့ စင်ကာပူက သတင်းမလာလို့ သေချာမသိရသေးဘူးဗျ။ ထားပါ။ တောင်သာလူကြီးမင်းတင်မက ပြည်ခိုင်ဖြိုးက သူရဘွဲ့ရ လူကြီးမင်းတစ်ဦးလည်း မနေ့တစ်နေ့က နှလုံးခုန်တာ နည်းနည်းမြန်နေတယ်ဆိုလား။ သူ့ဖေ့စ်ဘွတ်ခ်မှာတော့ သံဝေဂရစရာ စာသားလေး ရေးထားတာတွေ့ရဲ့။ ဘာတဲ့ဗျာ။ ကိုယ့်ကိုယ်ကိုယ်တောင် အစိုးမရတဲ့ လောကမှာ ဘာလို့များ နောက်မျိုးဆက်တွေတွက် လုပ်မပေးနိုင်ရအောင် ဘာလို့များ တွယ်ကပ်နေကြရတာလဲဆိုလား။ ခမျာလည်း နှလုံးခုန်မြန်နေတဲ့ ကြားက ရေးရတာဆိုတော့ ဆိုလိုရင်းကို အမိအရ ရေးပြဖို့ နည်းနည်းခက်တယ်နဲ့ တူပါတယ်။ ကျုပ်တို့ ဘာသာ ကျုပ်တို့ ဖြည့်တွေးကြည့် ရတာပေါ့ဗျာ။ အနတ္တအမြဲမရှိတဲ့ သင်္ခါရလောကကြီးမှာ ဘာလို့များ အာ ဏာတွေ၊ ရာထူးတွေကို ဖက်တွယ်နေကြတာလဲ။ နောက်မျိုး ဆက်တွေအတွက် လုပ်သင့်တာ လုပ်၊ စွန့်သင့်တာ စွန့်ပေါ့။ ဘာ လို့များရပြီး အာဏာ၊ ရှိပြီးရာထူး မှာ တွယ်နေကြတာလဲဆိုပြီး ပြောချင်တယ်ထင်ပါ့။

သြော်...လူကြီးမင်းနှယ်၊ လူ ကြီးမင်းလူများက ဘာလို့တွယ် ကပ်နေကြသလဲဆိုတော့ကာ ‘‘ပက်ကျိ’’တို့၊ ‘မျှော့’တို့နဲ့ အမျိုး တော်လို့ နေမှာပေါ့ဗျလို့ပဲ ဘစီ တို့ စိတ်ထဲမယ် တိုးတိုးတိတ် တိတ် ကျိတ်ပြီးဖြေမိပါတယ်။ အနှာလိုနှလုံးခုန်သံ မြန်နေတဲ့အခိုက် သံဝေဂသံလည်း ထွက်လာတဲ့ လူကြီးမင်းကိုတော့ အမှတ်ပေးပါတယ်။ တစ်မှတ်။

အလိုလေးဗျို့။ အထက်ပါ နှလုံးခုန်မြန်နေတဲ့ လူကြီးမင်းက သံဝေဂစာသား ဖေ့စ်ဘွတ်ခ်မှာ ရေးလို့ မဆုံးသေးခင်မှာ ကာကွယ် ရေးဦးစီးချုပ်နဲ့ ဘီဘီစီ သတင်း ဌာနတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းဆို လား ဖတ်လိုက်ရတယ်။ လား ..လား။ ကျုပ်တို့က သူ့ကိုဒီနှစ်ထဲ သွားမယ်မှတ်တာ။ အဲ ..သွားမယ် ဆိုတာ ပင်စင်ယူတယ်ပေါ့လဗျာ။ အငြိမ်းစား နားမယ်ပေါ့လဗျာ။ မသိဘူးလေ။ တစ်တိုင်းပြည်လုံး က ကာချုပ်ကြီးဒီနှစ် အနားယူ တော့မယ်ပြောတော့ ကျုပ်တို့ လည်း အဟုတ်မှတ်တာ။ အနား ယူပြီး နိုင်ငံရေးနယ်ထဲ ၀င်ချင် လည်း ၀င်မယ်ပေါ့ဗျာ။ အဲသလို ထင်တာ။ သူ့ရှေ့က ဗိုလ်ချုပ်ကြီး တစ်ယောက်လည်း အထက်က တာဝန်ပေးရင် ရွေးကောက်ပွဲဝင် မယ်ဆိုပြီး ပြောဖူးထားတာကိုး။

ကာချုပ်ကြီးက ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အနှာလို သို့လော သို့လော အပြောများကို တရားဝင်ငြင်းလိုက်သဗျ။ ဒီနှစ် ထဲမှာ သူအငြိမ်းစားယူရမှာ မ ဟုတ်သေးပါဘူးတဲ့။ နောက်နှစ် ၂၀၁၆ ကျခါမှ သူ့အသက်ဟာ ၆၀ ပြည့်မှာ ပါတဲ့ခင်ဗျာ။ အေးဗျာ။ စကားလက်စ ရှိထားပြီးဖြစ်တော့ ဆက်ပြောရဦးမယ်။ အနှီ ကာချုပ်ကြီးနဲ့ ဘီဘီစီရဲ့ တွေ့ဆုံခန်းက ထွက်လာတဲ့ စကားလေးတွေထဲမယ် ဟိုလိုဒီလို တွေးစရာ အကွက်ကလေးများကလည်း ရှိသဗျ။

သိတဲ့အတိုင်း လာမယ့် ရွေး ကောက်ပွဲအလွန် ကာလမယ် ဟောဒီရွှေပြည်ကြီးတော့ ကောင်း တန်ရဲ့ဆိုပြီး လူထုအကြားမှာ မျှော်လင့်ချက် ထားရှိကြတာနဲ့ အ တူ လက်ရှိအစိုးရ အဲ ..တပ်မ တော် အဲ..သူတို့ထဲက တစ်ခုခုပေါ့လေ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလိုများ ဖြစ်လေဦးမလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြတယ်ခင်ဗျ။ နို့ပြီး လာမယ့်ရွေးကောက်ပွဲဟာ တကယ်သာ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်ခဲ့ရိုးမှန်ရင် ဒီမိုကရေစီအင်အားစု အစစ်အမှန်နိုင်ငံရေး ပါတီတွေက အနိုင်ရမှာတော့ ကျိန်းသေကိုးခင်ဗျ။

တိုင်းရင်းသားပါတီတွေဆို လည်း ဆိုင်ရာ တိုင်းရင်းသား နယ် မြေတွေမှာ အနိုင်ရဖို့ သေချာတယ်။အလားတူ ဒီဘက်မယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေးပါတီပဲ ဆိုပါစို့ရဲ့။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား အင်အားစုထဲက ထင်ရှားသူတွေ၊ တခြားနယ်ပယ်က လူသိများသူတွေပါ ၀င်ရောက်အရွေးခံကြမှာ ဆိုတော့ လူထုထောက်ခံမှုက သူတို့ဘက်မှာ အလေးသာနေတာ သိပ်ကိုမြင်သာ ထင်ရှားရှိလှသကိုး။

ဆိုတော့ကာ အနှာလို အနေ အထားမယ် ရွေးကောက်ပွဲဟာ ညစ်လုံး ပတ်လုံးတွေ မရှိဘဲ ပကတိ ဖြူစင်သန့်ရှင်းမှာလား။ သန့်ရှင်းပြီပဲ ထားတော့ ။ ရလဒ်က ဘယ်ဘက်က သာမယ်ဆိုတာ အမြင်သာကြီးမို့ ထွက်လာမယ့် ရွေးကောက်ပွဲ ရလဒ်ကို ဆိုင်ရာ ပိုင်ရာ လူကြီးမင်းတွေက အသာ တကြည် သဘောတူအူမျှ လက် သင့်ခံ လွှဲပြောင်းပေးကြမှာတဲ့လား။ ၁၉၉၀ တုန်းကလိုများ ‘ဘွာတေး’ လုပ်လေဦးမလား။ လူထုက ဆိုခဲ့သလို ဟိုလိုတွေ ဒီလို တွေ တွေးနေကြတယ်ပေါ့လဗျာ။

အနှာလို ဟိုလိုဒီလို အတွေး အမြင်တွေအတွက် လူထုဘက် ကလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရဲ့ မျက်နှာကို လှမ်း ကြည့်တာပေါ့ဗျာ။ အသိသားနဲ့ လက်ရှိနိုင်ငံရေးမှာ တပ်မတော် က အဓိက၀င်ရိုးကိုးခင်ဗျ။ လွှတ် တော်မယ် ၂၀၀၈ ဖွဲ့စည်းပုံပြင်တဲ့ ကိစ္စမယ် တပ်မတော်ရဲ့ သဘောထားမှန်ကိုလည်း တွေ့ရပြီးပြီကိုး။ ဆိုတော့ အခုရွေး ကောက်ပွဲရလဒ်မှာလည်း တပ်မတော်က ဘယ်လိုသဘောထားမလဲ သိချင်ကြတာပေါ့။ ဒီအခိုက်မှာ ဘီဘီစီသတင်းဌာနကလည်း အနှီအချက်ကိုထောက်ပြီး မေးသဗျ။ ကာချုပ်ကြီးကတော့ ပြောတာပဲ။ လာမယ့်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီ အနိုင်ရရင်လည်း ရလဒ်ကို လက်ခံပါမယ်တဲ့ခင်ဗျာ။

ဘယ်သူရရ တရားနည်း လမ်းကျတဲ့ ရလဒ်မှန်ရင် အကုန် လက်ခံတယ်ဆိုပဲ။ အင်း .. တရား နည်းလမ်းမကျတဲ့ ရလဒ်ကိုတော့ လက်မခံဘူးဆိုတဲ့ သဘောပေါ့။ တရားနည်းလမ်းကျခြင်း၊ မကျခြင်းဆိုတဲ့ အပိုင်းမှာလည်း ကြည့်သူ၊ မြင်သူတွေရဲ့ ရှုထောင့်အပေါ်မှာလည်း တည်သကိုး။ ဆိုတော့ ဒီကိစ္စ ဒီတင်ဖြတ်စို့ရဲ့။ မတော် တပ်မတော်ကို အကြည်အညို ပျက်စေအောင် လုပ်မှုနဲ့ အစိခံရမှ ဟုတ် ပေ့ဖြစ်နေဦးမယ်။ဟုတ်သဗျ။ တပ်မတော်ကို တော့ စိတ်နဲ့တောင် မပြစ်မှားနဲ့ ဗျာတို့။ အခုတင်က ဘီဘီစီနဲ့ တွေ့မေးခန်းမှာတင် ပြောပြီးမင့် ဟာ။ ငြိမ်းချမ်းရေး မရသေးဘူး ဆိုရင်တော့ နိုင်ငံရေးနယ်ထဲက နေ တပ်မတော်ထွက်ခွာဖို့ ခက် ခဲနေဦးမယ်ဆိုပြီး ကာချုပ်ကြီးက ပြောသဗျ။ ငြိမ်းချမ်းရေးကလည်း ဒီလိုပုံနဲ့ မိုးကြီးချုပ်မှာပဲ မြင်နေ ပါသေးရဲ့။ တော်တော်နဲ့တော့ ရနိုင်စရာ လမ်းမမြင်ရေးချ မမြင် ပဲဗျ။ ဒီတော့ လွှတ်တော်က အစိတ်သား ထွက်သွားတို့၊ ဘာတို့ သိပ်လုပ်နဲ့ကွယ်ရို့။ အကြည်ညိုပျက်စေမှုနဲ့ ငြိတာပဲ အဖတ်တင်မယ်။ တယ်မလွယ်ဘူး။

အဟုတ်၊ တကယ်မလွယ် သေးဘူး။ ရွေးကောက်ပွဲ အလွန် မှာ ဟောဒီရွှေပြည်ကြီး အပ်ချ လောင်း ကောင်းမယ်ဆိုပြီးလည်း တယ် ထင်မနေနဲ့။ တကယ် မလွယ်ဘူး။ ပြီးတော့ အနှီရွေးကောက်ပွဲလုပ်မယ့် နိုဝင်ဘာ ၈ ရက်ဆိုသဟာကိုက ‘ပြဿဒါး’ နေ့ကြီးတဲ့ခင်ဗျ။ အယူသီးသူတွေကလည်း ဟိုလိုဒီလို တွေးနေကြတယ်။ တယ်ပြီး မကောင်းနိုင်ဘူး ပေါ့လေ။ တချို့ပြောကြာတာပဲ။ ဟောဒီရွှေပြည်ကြီး ပွေလီနေရတာက လွတ်လပ်ရေးယူတဲ့နေ့၊ ရက်၊ အချိန်၊ နာရီကအစ မကောင်းလို့ဆိုတား ဘာလား။ ဘစီတို့တော့ မသိပေါင်ဗျာ။ သိတာကတော့ ဟောဒီပွေလီတဲ့ ရွှေပြည်မှာ ခုနေခါ ဟိုလို ဒီလိုတွေ သိပ်များနေတယ်ဆိုတာပဲ။

ဘစီကတော့ ဟိုလို ဒီလို တွေးမနေတော့ဘူးဗျို့။ သန်း ခေါင်ထက်လည်း ညဥ့်ပိုနက် တော့မယ် မထင်။ ဆိုတော့ကာ အခုရက်ပိုင်းမယ် အလွန်ဉာဏ် ကြီး အမြင်ကျယ်လှပေထသော ၀န်ကြီးမင်းတစ်ဦးပြောတယ်ဆို ပြီး နာမည်ကြီးနေတဲ့ ဆိုက် ကားနင်းစားရင်တောင် ချမ်းသာ အောင် လုပ်နိုင်တယ်ဆိုတဲ့ စကားပဲအမှတ်ထားပြီး သကာလ ပြတ် ပြတ်သားသား ဆိုက်ကားနင်းစား မယ် စိတ်ကူးတယ်ဗျို့။ ဆိုက်ကား ခကို ဒေါ်လာနဲ့တောင်းမယ်ဗျာ။ ဆိုက်ကားနင်းစားခြင်းအားဖြင့် ပွေလီတဲ့ ရွှေပြည်ကြီးကို စင်ကာ ပူလိုဖြစ်အောင် စွမ်းဆောင်ရာ လည်း ရောက်လတ္တံ့။ ကိုင်း.... မနိပ်လားကွယ်ရို့။ ။

7Day Daily

0 comments:

Post a Comment