ဇူလိုင် ၁၉ ရက်ဆိုလျှင် (၆၈) နှစ်မြောက် အာဇာနည်နေ့ရောက်ပြီ ဖြစ်သည်။ ထိုနေ့များတွင် အာဇာနည်များအား ဂုဏ်ပြုသည့်အနေနှင့် အလေးပြုခြင်း၊ အခမ်းအနား ပြုလုပ်ခြင်းများ လုပ်ဆောင်လေ့ ရှိကြသည်။ Facebook ပေါ်တွင် ထိုအာဇာနည်များကို ရည်စူးသော၊ ဂုဏ်ပြုသောကဗျာများ၊ ကာတွန်းများ၊ ဆောင်းပါးများ တွေ့ရသလို ကျဆုံးသွားသော အာဇာနည်များ၏ တိုင်းပြည်အပေါ်ထားသော စေတနာများ၊ ကြိုးစားမှုများကို ပြန်လည်ကြားရမည် ဖြစ်သည်။ ထို့အတူ အာဇာနည်များကို လုပ်ကြံသတ်ဖြတ်သွားခဲ့သော ဂဠုန်ဦးစောနှင့် အပေါင်းအပါများ အကြောင်းကိုလည်း ပြန်လည်ပြောကြမည်မှာ မလွဲမသွေ ဖြစ်ပါသည်။
သို့ရာတွင် ကျွန်တော်တို့ နှစ်စဉ် အာဇာနည်နေ့များတွင် တွေ့နေမြင်နေရသည်မှာ တိုင်းပြည်အတွက် အသက်ပေးသွားသော အာဇာနည်များ၏ ကြိုးစားအားထုတ်မှုများ၊ ရိုးသားမှုများ၊ အနစ်နာခံမှုများထက် ဂဠုန်ဦးစောနှင့် အပေါင်းပါများ၏ မကောင်းကျင့်၊ မကောင်းကြံများသာ ပိုများသည်ဟု ထင်သည်။ အထူးသဖြင့် လူမှုကွန်ရက် Facebook ပေါ်တွင် တွေ့ရအများဆုံး ဖြစ်သည်။ အာဇာနည်နေ့တွင်သာ မဟုတ်၊ လွတ်လပ်ရေးနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ စသည့် နေ့များတွင်လည်း ထိုသူများကိုထပ်၍ အမုန်းပွားကြပြန်သည်။
ထို့အတူ ကျွန်တော်တို့ နေ့စဉ် မုန်းတီးနေကြသော၊ ပြောနေကြသော အခြားအခြား ဗီလိန်များစွာ ရှိနေပါသေးသည်။ ဟစ်တလာ၊ ဘင်လာဒင်၊ ပိုပေါ့၊ အာဒီအာမင်၊ ဆက်ဒမ်ဟူစိန်၊ ကဒါဖီ စသော နိုင်ငံတကာမှ ဗီလိန်များ အပါအဝင် မြန်မာနိုင်ငံမှ ဗီလိန်များအကြောင်း များစွာပြောနေကြသည်။ ထိုသူများ၏ ရက်စက်မှုများ၊ လူမဆန်မှုများ၊ ကိုယ်ကျိုးရှာမှုများကို မိမိတို့ အချင်းချင်း ပြောဆိုရုံမက အခြားတက်သစ်စ လူငယ်များကိုလည်း ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပြန်လည်ဖောက်သည်ချတတ်ကြသည်။ နိုင်ငံရေးအကြောင်း ပြောကြသော Facebook စာမျက်နှာများ၊ လက်ဖက်ရည်ဆိုင်တွင် ပြောသော စကားဝိုင်းများတွင်လည်း ထိုဗီလိန်များ၏ အကြောင်းမှာ မပါမဖြစ် ပါနေကြသည်။
ဂျူး (၆) သန်းကျော်ကို ဟစ်တလာက မည်သို့ သတ်ဖြတ်ခဲ့သည်၊ ဘင်လာဒင်က အမေရိကန်နိုင်ငံရှိ World Trade Center ကို မည်သို့ တိုက်ခိုက်ခဲ့သည်၊ ပိုပေါ့၏ လွဲမှားသော အုပ်ချုပ်မှုကြောင့် ကမ္ဘောဒီးယား ပြည်သူများ၏ အသက်ဆုံးရှုံးခဲ့ပုံ စသည်ဖြင့် ရက်စက်သော အနိဋ္ဌာရုံများကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် အားနှင့်မာန်နှင့် ပြောဆိုတတ်ကြသည်။ နိုင်ငံအတွင်းမှ အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်၏ မှားယွင်းလုပ်ဆောင်ချက်များ အကြောင်း၊ ကိုယ်ကျိုးရှာမှုများ အကြောင်း၊ မတရားမှုများ အကြောင်း၊ ဖိနှိပ်ခဲ့မှုများ အကြောင်း စသည်ဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့သည်။
လောကကြီးတွင် ကျွန်တ်ာတို့ပြောစရာ ဤဗီလိန်များသာ ရှိတာ မဟုတ်ပါ။ ဘာကြောင့် မဟာကရုဏာရှင်ကြီး မာသာထရီဇာအကြောင်း မပြောကြသနည်း။ အကြမ်းမဖက်ရေးသမား ဂန္ဒီကြီး၏ အကြောင်းကို ဘာဖြစ်လို့ မပြောကြသနည်း။ မာတင်လူသာကင်း အကြောင်း ဘာဖြစ်လို့ မေ့ထားသနည်း။ သမ္မတလင်ကွန်း အကြောင်း ဘယ်ချောင်ထိုးထားသနည်း။ မင်းဒဲလား၏ ခွင့်လွှတ်ပေးခဲ့မှုများနှင့် သဘောထားကြီးမှုများကို ဘာကြောင့် အမှတ်မရကြသနည်း။ ငြိမ်းချမ်းရေး မြတ်နိုးလွန်းသော သခင်ကိုယ်တော်မှိုင်း အကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ လုပ်ဆောင်မှုများ အကြောင်းများကို ဘာကြောင့် ပြန်လည်ဝေမျှခြင်း အားနည်းကြသနည်း။
မာသာထရီဇာ၏ မိမိတိုင်းပြည်နှင့် ဝေးလံလှသော၊ ဘာသာအယူဝါဒချင်း လုံးဝမတူသော အိန္ဒိယနိုင်ငံမှ မရှိဆင်းရဲသားများ အတွက် လုပ်ဆောင်သွားခဲ့ပုံများသည် ယနေ့ခေတ် လူငယ်များ အတုယူစရာ မကောင်းပေဘူးလား။ ဂန္ဒီ၏ အကြမ်းမဖက်ရေး လက်နက်ဖြင့် တိုက်ခဲ့သောကြောင့် အိန္ဒိယနိုင်ငံကြီး လွတ်လပ်ရေး ရခဲ့သည်ဆိုသည့် အကြောင်းအရာ၊ မာတင်လူသာကင်း၏ “I have a dream” ဆိုသည့် မိန့်ခွန်းအကြောင်းများ၊ အမေရိကန်၏ ၁၆ ယောက်မြောက် သမ္မတလင်ကွန်းမှ ကျွန်စနစ်ကို တိုက်ဖျက်ရန် ကြိုးပမ်းခဲ့ပုံများသည်လည်း ယနေ့လူငယ်များအတွက် ဗဟုသုတရစရာများ မဟုတ်ပါရောလား။ မင်းဒဲလား၏ မိမိအပေါ် မတရားညဉ်းပန်း နှိပ်စက်ခဲ့သည်များကို ခွင့်လွှတ်ပေးပြီး တိုင်းပြည်တိုးတက်ရေး အတွက် ရှေးရှုလုပ်ဆောင်ခဲ့ပုံများ၊ နိုင်ငံငြိမ်းချမ်းရေးနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းနှင့် ဦးသန့်တို့၏ ကြိုးပမ်းမှု အသီးသီးကို ပြောပြမှသာ လူငယ်များအတွက် ပို၍အကျိုးဖြစ်မည်ဟု ထင်မိပါသည်။
အမုန်းတရားကြောင့် မတည်ငြိမ်မှုများ၊ ပဋိပက္ခများ ရင်ဆိုင်နေရသော ကျွန်တော်တို့နိုင်ငံတွင် ဤကဲသို့သော အမုန်းတရားများ ပို၍တိုးပွားလာနိုင်သော အကြောင်းအရာများထက် မေတ္တာတရား ရှေ့တန်းတင်သော အကြောင်းအရာများ၊ အကြမ်းမဖက်သော အကြောင်းအရာများ၊ ခွင့်လွှတ်ခြင်း သဘောတရားများ၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်သွားခဲ့သော ပုဂ္ဂိုလ်များ၏ အကြောင်းများကို ပြောမည်ဆိုလျှင် ပို၍သင့်တော်မည်ဟု ထင်ပါသည်။ ဗဟုသုတရစေရန် ဆိုသည့် ရည်ရွယ်ချက်ကောင်းသော်လည်း နည်းလမ်းမမှန်လျှင် ဆိုးကျိုးသာ ပိုများလာနိုင်သည်ကို သတိပြုသင့်သည်။ အမုန်းတရားကို သင်ပေးသည်ဆိုသည့် ရည်ရွယ်ချက်မဟုတ် ဆိုသော်လည်း ထိုအကြောင်းအရာများကို ပြောဆိုရာ၌ စိတ်ခံစားမှုများ ပါဝင်လာကာ ရည်ရွယ်ချက်နှင့် လွဲသွားပြီး လူငယ်များ၏ စိတ်ထဲတွင် အမုန်းတရားများ နေရာယူသွားနိုင်ပါသည်။ အကြောင်းအရာတစ်ခုကို မြင်ပါများ၊ ကြားပါများလာပါက ထိုအရာများသည် မိမိတို့အတွက် အထူးအဆန်း မဟုတ်တော့သလို ထိုအရာများသည် စိတ်ထဲတွင် အလိုလိုစွဲနေပြီးသား ဖြစ်သွားတတ်သည်။
ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုလျှင် ထိုသူသည် မီဒီယာတစ်ခု၏ ကျင့်ဝတ်များအတိုင်း လိုက်နာသင့်သည် ထင်ပါသည်။ မည်သူမှားသည် မှန်သည်ဆိုသည်ကို အဓိကမထားဘဲ မည်သို့ဖြစ်ခဲ့သည် ဆိုသည့် အကြောင်းအရာကိုသာ အဓိကထား ပြောသင့်သည်။ မိမိတို့၏ စိတ်ခံစားမှုများကို ဘေးဖယ်ထားသင့်သည်။ မှန်သည်မှားသည် ဆိုသည်ကို လူငယ်များဘာသာ ဆုံးဖြတ်ပါစေလား။ လူငယ်များသည် စိတ်တံခါး (open minded) ဖွင့်ထားတတ်ပါသည်။ ထိုစိတ်များအတွင်းသို့ အမုန်းများ မဟုတ်ဘဲ မေတ္တာတရားများ ဖြည့်ပေးနိုင်မှသာ ပဋိပက္ခများကို အဆုံးသတ်နိုင်မည် ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံ တွေ့ကြုံဖြေရှင်းနေရသော ပြဿနာအများစုမှာ အမုန်းတရားကြောင့် ဖြစ်သည်ဟု လေ့လာတွေ့ရှိသည့် အတွက်ကြောင့် အမုန်းတရား မပြန့်ပွားရေး လုပ်ဆောင်မှုများ ကြိုးစားလုပ်ဆောင်လာကြသည်ကို တွေ့ရပါသည်။ အမုန်းတရား မပြန့်ပွားရုံနှင့်လည်း မပြီးသေး။ မေတ္တာတရားများ ပြန့်ပွားလာအောင် ကြိုးစားရန် ကျန်နေသေးသည်။ သို့သော် ကျွန်တော်တို့သည် အမုန်းတရား မပြန့်ပွားအောင်ပင် ဆောင်ရွက်နိုင်ခြင်းမရှိသေး ဆိုသည်မှာ သိသာထင်ရှားလှပါသည်။ အမုန်းတရားများ ကျွန်တော်တို့ကြားထဲတွင် များစွာရှိနေသေးသည်။ ထို့ကြောင့် မေတ္တာတရားများ ပြန့်ပွားအောင် မလုပ်ဆောင်နိုင်သေးသည့်တိုင် အမုန်းတရာကို မပြန့်ပွားအောင်တော့ ကျွန်တော်တို့ တစ်ယောက်ချင်းစီက လုပ်ဆောင်နိုင်သည်ဟု ယူဆမိသည်။
တိုင်းပြည်ကိုချစ်သော၊ တိုင်းပြည်ကချစ်သော အာဇာနည် ခေါင်းဆောင်ကြီးများကို ဆုံးရှုံးလိုက်ရသောနေ့တွင် အမုန်းတရားများ ပွားစေမည့်စာများ၊ စကားများသာ ရေးသားပြောနေမည်ဆိုလျှင် ထိုအာဇာနည်များကို ချစ်ရာမရောက်နိုင်။ အာဇာနည်များ၏ ကြိုးပမ်းမှုများ၊ စွန့်စားမှုများ၊ အနစ်နာခံမှုများကို ပြန်လည်မျှဝေ ပြောပြနိုင်မှသာ အာဇာနည်များကို ချစ်ရာရောက်မည် ဖြစ်သည်။ အာဇာနည်များကို ချစ်ကြောင်း သက်သေပြကြပါစို့လာ။
ဟိန်းဇော်လတ်
The Voice Weekly
0 comments:
Post a Comment