Tuesday, July 14, 2015

အိုင်အက်စ် စစ်သွေးကြွတွေကို ချေမှုန်းဖို့ ရမ်ဘိုလာပြီ

photo - independent.com

နဖူးစည်း စည်းကာ ဗီယက်နမ်၊ ထိုင်း၊ အာဖဂန်နှင့် မြန်မာနိုင်ငံ စစ်မြေပြင်များမှာ စွန့်စား တိုက်ပွဲဝင် ဇာတ်လမ်းမျိုးတွေလည်း ရိုက်ကူးခဲ့ပြီး ကမ္ဘာကျော် တိုက်ခိုက်ရေးသမား ရမ်ဘိုဟာ အခုလည်း ဆီးရီးယားကို သွားရောက်ပြီး ISIS တွေကို ချေမှုန်း သွားမယ့် ဇာတ်လမ်းကို ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သရုပ်ဆောင် စတားလုံးက အတည်ပြု ပြောဆိုလိုက် ပါတယ်။ နောက်ဆုံးသွေးစက် (Last Blood) လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းမှာ ဆီးရီးယား အခြေစိုက် ISIS ရန်သူတွေကို အကြမ်းတမ်းဆုံး ရင်ဆိုင် ချေမှုန်းသွားမယ်လို့လည်း ဆိုထားပါတယ်။ “အီရတ်နဲ့ ဆီးရီးယား နယ်စပ်တချို့မှာ ကျနော်တို့ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေ ရှိပါတယ်။ အဲဒီနေရာတွေက အိုင်အက်စ် စစ်သွေးကြွတွေ အကြီးမားဆုံး အခြေကုတ်ယူထားတဲ့ အမာခံနယ်မြေတွေပါပဲ။ ရမ်ဘို ရုပ်ရှင်ကို အရင်ကထက် တကယ့်အစစ်အမှန်လို ဖြစ်ဖို့ ကျနော်တို့ ဒေသခံတွေနဲ့ လက်တွဲ လုပ်ဆောင်နေပါ တယ်” လို့ စတားလုံးက Comic-Con မှာ ရှင်းလင်း ပြောဆိုခဲ့တာပါ။

တကယ်လို့ ရမ်ဘို ဇာတ်ကောင်ဟာ တကယ့်အစစ်အမှန်လို ဖြစ်လာမယ် ဆိုရင် ရှည်ကြာနေတဲ့ တိုက်ခိုက်မှုတွေ လျော့ပါးကောင်း လျော့ပါးသွားမယ်၊ ဒါမှမဟုတ် စတားလုံးဟာ ဟန်လုပ်ချဲ့ကားသူ၊ ကင်မရာရှေ့မှာ စစ်သွေးကြွတွေကို သဲကြီးမဲကြီး ချဲ့ကားဟန်လုပ် တိုက်ခိုက်ပြသူလို့လည်း ယူဆကြပါလိမ့်မယ်။

ဇာတ်လမ်း အနေဲ့ ဘယ်လိုပဲ အဆုံးသတ်ပေမယ့် Last Blood သရုပ်ဖော်ချက်တွေက တကယ့်အမှန်နဲ့ တကမ္ဘာလောက်ကို ဝေးကွာနေပြီး စီးပွားရေး အမြတ်အစွန်းရဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ပြီးတော့ No Country for Old Men ဇာတ်ကားလို ပုံစံမျိုးပဲဖြစ်လာမှာပါ ဆိုတဲ့ ဝေဖန်တာမျိုးတွေလည်း ရှိနေပါတယ်။

ဒီ Last Blood ဇာတ်ကားဟာ အခုချိန်အထိ မဖြန့်ချိရသေး၊ သတင်းထုတ်ပြန်မှု မလုပ်ရသေး ပေမယ့် တချိန်က Rocky Balboa ဇာတ်ရုပ်နဲ့ ထင်ရှားခဲ့တဲ့ စတားလုံးကတော့ ပြန်ပေါ်လာပါဦးမယ် ဆိုတာ ပရိတ်သတ်များ အကြား စိတ်ဝင်တစား ရှိနေပါတယ်။

မတရားမှုမှန်သမျှကို သုတ်သင်နှိမ်နှင်းတတ်တဲ့ ဇာတ်ရုပ်တွေနဲ့ အောင်မြင်ကျော်ကြားလာခဲ့တဲ့ ရမ်ဘို ဇာတ်ကောင်ပိုင်ရှင် စတားလုံးမင်းသားဟာ မြန်မာပြည်နဲ့ပတ်သက်ပြီး နယ်စပ်ဒေသတွေ တိုင်းရင်းသား ဒေသတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အခြေခံရိုက်ကူးထားတဲ့ Rambo IV ဆိုတဲ့ ဇာတ်ကားကိုလည်း ၂၀၀၈ ခုနှစ်မှာ ရုံတင်ပြသခဲ့ဖူးပြီး ပရိတ်သတ်များအကြား ရေးပန်းစားခဲ့တာပါ။

အခုလည်း တကမ္ဘာလုံးက ရွံ့ရှာမုန်းတီးနေတဲ့ ISIS အဖွဲ့ရဲ့ မတရားရက်စက်မှုတွေကို သူ ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားဦးမလဲဆိုတာ Last Blood ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ထွက်လာမှပဲ ကြည့်ရှုရတော့မှာပါ။


ကိုးကားသတင်း။ ။ http://www.independent.co.uk/arts-entertainment/films/news/rambo-to-fight-isis-in-last-blood-sylvester-stallone-confirms-10385923.html
ဧရာဝတီ

0 comments:

Post a Comment