Saturday, October 11, 2014

ကျေးရွာတစ်ရွာလျှင် လူသစ်(၁၅)ဦးနှုန်း RCSS/SSA အဖွဲ့စုဆောင်းမှုကြောင့် ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်


ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်အတွင်းရှိ ကျေးရွာများအား တစ်ရွာလျှင် လူသစ် ၁၅ ဦးနှုန်း အောက်တိုဘာ ၁၅ ရက်နေ့နောက်ဆုံးထား၍ပေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော်(RCSS/SSA)အဖွဲ့မှ စုဆောင်းနေမှုကြောင့် ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေ ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းထားသော ကျေးရွာများမှာ အဆိုပါမြို့နယ်အတွင်းရှိ နမ့်တင်းကျေးရွာ၊ နောင်တောင်ကျေးရွာ၊ နောင်ပေါက်ကျေးရွာ၊ တောင်ကီးကျေးရွာ၊ ၀မ်လွိုင်ဖွီးကျေးရွာများဖြစ်ကြောင်း သိရသည်။

``တစ်ရွာလျှင် ၁၅ ယောက်ပေးရမည်ဆိုပြီး တောင်းတယ်၊ ရွာထဲမှာ လူငယ်လူလတ်ပိုင်းတွေက အဲဒီအသံ ကြားတာနဲ့ လစ်ပြေးတော့တာ၊ ထိုင်းနဲ့လည်းနီးတော့ အဲဒီဘက်ကိုပဲ ပြေးကြတာများတယ်´´ဟုလင်းခေးမြို့ခံ တစ်ဦးကပြောသည်။

RCSS/SSA အဖွဲ့သည် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူသစ်မရပါက အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများကို ဖမ်းဆီးကာ လာရောက်လဲလှယ်ခိုင်းလေ့ရှိကြောင်း၊ ယခုအခါ အမျိုးသမီးများနှင့် သက်ကြီးရွယ် အိုးများ လည်း အခြားမြို့ရွာများသို့ ပြောင်းရွေ့နေထိုင်နေကြကြောင်း သိရသည်။

အဆိုပါကျေးရွာများမှ စုဆောင်းရရှိသော လူသစ်များအား လွယ်တိုင်းလျှံဌာနချုပ်တွင် စစ်သင်တန်းတက်ခိုင်း မည်ဖြစ်ကြီး သင်တန်းပြီးစီးပါက RCSS/SSA အဖွဲ့တွင် အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ပြောကြားထားကြောင်း အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားသွားသည်။

စိုင်းနေအောင်
Shan News

0 comments:

Post a Comment