Monday, May 4, 2015

မိုင်းလားက ဟိုတယ်တွေကို ဘယ်ကငွေတွေနဲ့ တည်ဆောက်ခဲ့သလဲ


“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ စတုတ္တအကြိမ်တိုင်းရင်းသားညီလာခံကို မေ ၁ ရက်နေ့က စတင်ပြီး ကျင်းပနေပြီဖြစ်ပါတယ်။ သို့သော် ညီလာခံထက်ပိုပြီး လူစိတ်ဝင်စားသော မိုင်းလားမြို့ည မြင်ကွင်း ထဲက ခမ်းနားလှသောဟိုတယ်နှင့်စားသောက်ဆိုင်များအကြောင်း အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေပါတယ်။ မိုင်းလား မြို့မှာ အဲဒီလောက် ခေတ်မီခမ်းနားလှပတဲ့ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေရှိမှန်း အခုမှသိလာကြတာပါ။ တော်တော်လည်းအံ့အားသင့်ကြရပါတယ်။
အံ့အားသင့်မှုနဲ့အတူ အဲဒီဟိုတယ်ကြီးတွေ တည်ဆောက်တဲ့ကုန်ကျစရိတ်ဟာ နည်းမှာမဟုတ်ဘူးလို့ တွေးမိပါတယ်။ သိန်းပေါင်းမြောက်များစွာ သောင်းနဲ့ချီ၍ကုန်ကျတဲ့ ဒီဟိုတယ်တွေကို မိုင်းလားဥက္ကဌ စိုင်းလင်း အနေနဲ့ ဘယ်ကငွေတွေနဲ့ တည်ဆောက်ခဲ့သလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ မိုင်းလားမှာ အဓိက၀င်ငွေရ နေတာကတော့ ကာစီနိုလောင်းကစားရုံတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ် ဖောက်ကားတဲ့ မှောင်ခိုလုပ်ငန်းတွေကရနေတာလို့ သိရပါတယ်။
“မိုင်းလားအဖွဲ့က အစိုးရနဲ့ငြိမ်းချမ်းရေးယူပြီးကတည်းက ဒေသဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကာစီနို လောင်းကစားဝိုင်းတွေထောင်ပြီး စီးပွားရှာလာတာ၊ အဲဒီလောင်းကစားဝိုင်တွေနဲ့ ဆက်စပ်ပြီး မူးယစ် ဆေးလည်းလုပ်တယ်။ အဲဒီကရတဲ့ငွေတွေနဲ့ ဟိုတယ်တွေဆောက်တာနေမှာပေါ့ ” ဟု မိုင်းလားဒေသတွင် ဆယ်နှစ်ကြာအလုပ်လုပ်ခဲ့ဖူးသူတစ်ဦးကပြောပါတယ်။
“၀” နယ်မြေတွင် ပြုလုပ်သည့် တိုင်းရင်းသားညီလာခံအကြိုမြင်ကွင်းများအဖြစ် သတင်းဌာနတစ်ခုမှ မိုင်းလားမြို့၏ ညမြင်ကွင်းအားမှတ်တမ်းဓါတ်ပုံများဖြင့် ဖော်ပြခဲ့ရာ ဟုဏ်စတေးဟိုတယ်၊ Sheraton Mengla Hotel နှင့် ဟွမ်စီစားသောက်ဆိုင်တို့၏ ခမ်းနားလှပပုံများလည်းပါဝင်တာကို တွေ့ရပါတယ်။
အဆိုပါဟိုတယ်များနှင့် စားသောက်ဆိုင်များကို တည်ဆောက်ရန်မှာ ငွေကြေးပမာဏအလွန်များလွန်း သဖြင့် မိုင်းလားဥက္ကဌ စိုင်းလင်းအနေဖြင့် ကာစီနိုလောင်းကစားရုံများရရှိသော ၀င်ငွေဖြင့်မရနိုင်ဘဲ တရားမ၀င် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကနေရရှိသောငွေများဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆို မှုများလည်းရှိနေပါတယ်။
ယင်းကိစ္စနှင့် ပတ်သက်၍ မိုင်းလားဒေသခံတစ်ဦးက “ အဲဒီဟိုတယ်ကြီးတွေဆောက်တာ စိုင်းလင်းက သူပိုင်တဲ့ဟိုတယ်တွေအဖြစ် စီးပွားရှာတာ၊ ငါတို့ဒေသခံတွေကတော့ ဆင်းရဲတွင်းထဲကရုန်းမထွက်နိုင်ဘူး၊ သူကတရုတ်နဲ့ပေါင်းပြီး ချမ်းသာတယ်လေ၊ ကာစီနိုရုံကြီးတွေက အကြီးကြီးတွေ၊ တစ်နှစ်ကိုဒေါ်လာသန်းချီပြီးရ နေတာ၊ အဲဒီလောင်းကစားတွေရဲ့နောက်ကွယ်မှာ မူးယစ်ဆေးဝါးဈေးကွက်လည်းရှိတယ်။ အဲဒီကရတဲ့ငွေတွေ နဲ့ ဆောက်တာပါ။ ဒီမိုင်းလားမှာ တခြားစီးပွားရေးလုပ်ငန်းမရှိဘူး” ဟုပြောကြားသွားပါတယ်။
မိုင်းလားမြို့နှင့် ၇မိုင်ခန့်ကွာဝေးသော ၀မ်သျှိုးကျွေးရွာတွင် စိုင်းလင်းပိုင်ကာစီနိုလောင်းကစားရုံများ ရှိပြီး KTV ၊ မာဆတ်များဖွင့်လှစ်ကာ မူးယစ်ဆေးဝါးဈေးကွက်အဖြစ်လည်းရှိနေကြောင်း၊ ယင်းလုပ်ငန်းများအား မိုင်းလားအဖွဲ့အတွက်ရံပုံငွေရှာရန်ဟု ခေါင်းစဉ်တပ်ထားသောလည်း တကယ့်လက်တွေ့တွင် စိုင်းလင်းတို့ လင်မယားသာချမ်းသာနေကြောင်း မိုင်းလားတပ်ဖွဲ့တစ်ဦးရဲ့ ဖခင်ဖြစ်သူကလည်းဆိုပါတယ်။
“ မိုင်းလားမှာ အဲဒီလိုဟိုတယ်ကြီးတွေဆောက်နိုင်တာ ကာစီနိုလောင်းကစားထက် မူးယစ်ဆေးဝါးက ရတဲ့ငွေတွေကြောင့်လို့ပြောနိုင်တယ်။ ဟိုတလောကပဲကြားလိုက်သေးတယ်၊ နယ်စပ်ကနေ မိုင်းလားနယ်မြေထဲ ကို တန်ချီတဲ့မူးယစ်ဆေးတွေ ပြန်ဝင်လာတယ်ဆိုတာလေ၊ အဲဒါမှန်တယ်၊ နယ်စပ်ကနေတစ်ဖက်နိုင်ငံကို သွင်းမရလို့ ပြန်သွင်းလာတာ၊ မိုင်းလားအဖွဲ့က ဖုန်ကြားရှင်နဲ့ပေါင်းပြီး ဆေးပြားတွေထုတ်နေတာ၊ “၀” အဖွဲ့နဲ့ လည်း ပူးပေါင်းပြီး မူးယစ်ဆေးလုပ်နေတာသိရတယ်၊ မိုင်းလားမြို့က ၀မ်တာပင်းဂိတ်မှာ ဆေးပြားတွေ ဟိုတစ်နေ့ကပဲ ဖမ်းမိတာ အဲဒါစိုင်းလင်းဘာလုပ်စားတယ်ဆိုတာ အဖြေပဲလေဗျာ” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောပါတယ်။
အချုပ်ဆိုရသော် မိုင်းလားမြို့လယ်ကောင်မှာ ခမ်းနားထည်ပါစွာတည်ရှိနေတဲ့ ဟုဏ်စတေးဟိုတယ်နဲ့ Sheraton Mengla Hotel ကြီးတွေဟာ စိုင်းလင်းရဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကနေရတဲ့ အဆိပ် သင့်နေသောငွေတွေ၊ လူများစွာကိုဒုက္ခဆင်းရဲတွင်းထဲဆွဲသွင်းနေတဲ့ ကာစီနိုလောင်းကစားရုံတွေကရတဲ့ ငွေတွေနဲ့ တည်ဆောက်ထားမှန်းသိလိုက်ရတော့ တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ စိုင်းလင်းဦးဆောင်တဲ့ မိုင်းလားအဖွဲ့ကို ဒီအတိုင်းလွှတ်ထားမယ်ဆိုရင် မူးယစ်ဆေးဝါးဈေးကွက်ကြီးတွေ၊ ကာစီနိုင်လောင်းကစား ရုံသစ်ကြီးတွေ ထပ်မံတိုးပွားလာပြီး လူအများအထင်ကြီးအောင် ဟိုတယ်ကြီးတွေပေါ်ထွက်လာဦးမလားတွေး ပူမိပါရဲ့။ လူသားအားလုံးအကျိုးကို လိုလားစွာ ပြောရရင် တစ်ကမ္ဘာလုံးက လက်မခံတဲ့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာနေသော စိုင်းလင်းကို နိုင်ငံတော်အနေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူသင့်ပါကြောင်း ရေးသား လိုက်ရပါတယ်။

နေဇော်
Today Myanmar

0 comments:

Post a Comment