Monday, May 4, 2015

ကိုးကန့် သတင်းမရေးရန် စစ်တပ်အမိန့်ထုတ်မှု မီဒီယာများ ကန့်ကွက်

အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်နေသော MMDA ကိုးကန့် စစ်သည်နှစ်ဦး (ဓာတ်ပုံ – Reuters)


“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပလျက်ရှိသည့် တိုင်းရင်းသားညီလာခံသို့ တက် ရောက်နေသော ကိုးကန့် တပ်မတော် (MNDAA)၏ သတင်းများကို ရေးသားဖော်ပြခြင်းမပြုရန် မြန်မာ့တပ်မတော်က သတိပေးချက်တရပ် ထုတ်ပြန် လိုက်ရာ ယင်းအမိန့်ထုတ်မှုသည် သတင်းလွတ်လပ်ခွင့်ကို ထိခိုက် ရုံသာမက သတင်း သမားများအတွက်လည်း အလွန်စိုးရိမ်ဖွယ်ရာဖြစ်၍ ကန့်ကွက်ကြောင်း သတင်းမီဒီယာများက ထုတ်ပြန် ပြောဆို လိုက်ကြသည်။မေလ ၃ ရက်စွဲဖြင့် ထုတ်ပြန်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် MNDAA ကို မတရား အသင်းအဖြစ် သတ်မှတ် ကြေညာထားပြီးဖြစ်၍ ယင်းကိုးကန့်အဖွဲ့၏ သတင်းများကို ရေးသားဖော်ပြခြင်း၊ ရုပ်သံထုတ်လွှင့် ခြင်း လုံးဝ ရေးသား ထုတ်လွှင့်ခြင်းမပြုရန် သတိပေးလိုက်ပြီး ယင်းသတိပေးချက်ကို မလိုက်နာဘဲ သတင်းများဖော်ပြ ရေးသား ထုတ်လွှင့်ပါက တည်ဆဲဥပဒေများနှင့်အညီအရေးယူမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့ လိပ်မူ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက တပ်မတော်၏ ထုတ်ပြန်ချက်သည် သတင်း သမားများအားလုံးအတွက် အထူးသတိထားရမည့် အချိန်ရောက်ပြီဟု သတိပေးလိုက်ခြင်းဖြစ်ပြီး သတင်းလွတ်လပ်ခွင့် ခြိမ်း ခြောက် ခံနေရပြီဖြစ်ကြောင်း ပြောဆိုသည်။

“သတင်းသမားတွေအတွက် အန္တရာယ်ရှိတဲ့ ပုဒ်မတွေအများကြီးပဲ။ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုလို ၅၀၀ လိုမျိုး ၊ နိုင်ငံတော်လျှို့ဝှက်ချက် လို မျိုး တွေရှိနေတော့ အခုအချိန်မှာ သတင်းမီဒီယာသမားတွေအတွက် အထူး သတိပြု ရမယ့် အချိန်ရောက်နေတယ်လို့ပဲ ပြောချင် ပါတယ်။ ဥပဒေအရ အရေးယူခံရမယ်ဆိုတာ သူတို့နဂိုကပြောထားတဲ့ မတရား အသင်းဆက်သွယ်မှု နဲ့ အ ရေး ယူမယ့်သဘောမျိုးလို့ ယူဆတယ်။ ဒါကတော့ မီဒီယာသမားတွေ မင်းတို့ ရေးရင် တော့ ဒီဥပဒေနဲ့အရေးယူခံရမယ်လို့ သွယ်ဝိုက်ပြီးတော့ ခြိမ်းခြောက်ခံရ တယ်လို့ ခံစားရတယ်” ဟု ဦးဇော်သက်ထွေးက ပြောသည်။

7 Day သတင်းဂျာနယ်၏ သတင်းအယ်ဒီတာ ကိုသီဟက မြန်မာစစ်တပ်၏ ထုတ်ပြန်ချက်သည် သတင်းမီဒီယာ သမား များကို အနိုင်ကျင့်ခြင်းဖြစ်၍ လုံးဝ လက်မခံနိုင်ဟု သုံးသပ်ပြောဆိုသည်။

“စစ်တပ်က အရပ်သားပေါ်မှာ အနိုင့်ကျင့်တာ၊ လွှမ်းမိုးတာလို့ ယူဆတယ်။ အမှန်ဆိုရင် သူတို့စစ်တပ်ပိုင်မီဒီယာက မထုတ် ရဘူး ဆိုရင် မထည့်နဲ့ပေါ့။ သူတို့ဘာသာထုတ်နေတာပဲ။ အစ်ကိုတို့ လွတ်လွတ်လပ်လပ်ရပ်တည်နေတဲ့ မီဒီယာမှာ နောက်ဆုံး ကိုယ်တို့ရေးလို့ ထည့်လို့ မှားတယ်ဆိုရင်လည်း တည်ဆဲဥပဒေတွေနဲ့ တရားစွဲ။ စာနယ်ဇင်း ဥပဒေတွေ လည်း ရှိမယ်။ အသရေဖျက်မှုတွေရှိမယ်။ အဲဒါမျိုးတွေနဲ့ တရားစွဲမယ်ဆိုရင်လည်း စွဲလို့ရတာပဲ။ ခုက မထည့်နဲ့ ထည့်ရင် မင်းတို့ကို ဖမ်းမယ်ဆိုတာက သက်သက်မဲ့ ခြိမ်းခြောက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အများကြီး ထိခိုက် တယ်။ ကန့်ကွက်တယ်။ ဘယ်လိုမှကို သဘောမတူနိုင်ဘူး။ မရေးရလို့လည်း မဟုတ်ဘူး။ သတင်းသမားကို မရေးနဲ့လို့မှ တားလို့မရတာ။ ရေးမှာပဲလေ” ဟု ကိုသီဟက ပြောသည်။

အစိုးရက မတရားအသင်း ကြေညာထားသည်ဆိုသော MNDAA ကိုးကန့်အဖွဲ့သည် အစိုးရနှင့် တိုက်ပွဲများ ၃ လကျော် ကြာ ဖြစ်ပွားလျက်ရှိပြီး ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးထွန်းမြတ်လင်းကို တပ်မတော်နှင့်ပတ်သက်၍ သတင်းအမှားများ ထုတ်ပြန်ပြောဆိုမှုဖြင့် ဖမ်းဆီးခွင့်ဝရမ်းထုတ်ပြန်ကြေညာထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က တပ်မတော်၏ ထုတ်ပြန်ချက်သည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်း ခြောက် သည့်အပြင် သတင်းမီဒီယာသမားများကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ပုဒ်မ ၅၀၀၊ ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (င) အရေးယူမည့် အလားအလာများရှိနေကြောင်း သုံးသပ်ပြော ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်းကလည်း ပေါက်မြို့၊ အမှတ်(၂၄)ကာကွယ်ရေး ပစ္စည်းစက်ရုံကို ဓာတုလက်နက်စက်ရုံ ဟု ဖော်ပြမှုဖြင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃(က)ကို ကျူးလွန်သည်ဟုဆိုကာ ယူနတီသတင်းဂျာနယ်မှ သတင်းထောက် ၄ ဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည့်အပြင် မွန်းတည့်နေဂျာနယ်မှ သတင်းသမားများ ကိုလည်း အစိုးရ အကြည်ညိုပျက်စေသည်ဆိုသော သတင်းရေးသားဖော်ပြမှုအတွက်ဟုဆိုကာ ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

“၀” ဒေသ ပန်ဆန်းမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသားထိပ်သီးညီလာခံသို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်(မိုင်းလားတပ်ဖွဲ့-NDAA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(ကိုးကန့်တပ်ဖွဲ့-MNDAA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)တို့မှ ခေါင်းဆောင်များ တက်ရောက် လျက်ရှိပြီး “၀” တပ်ဖွဲ့ (UWSA)က ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီ

0 comments:

Post a Comment