Monday, May 4, 2015

"နိုင်ငံခြားသားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် အင်းတော်မြို့မှ စစ်ကျန် မြေအောက်ဆေးရုံကြီးအကြောင်း.(၁)"


(ဒီ ဆေးရုံလိုဏ်ဂူနဲ့ပတ်သက်ပြီး နိုင်ငံတော်က သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းသင့်သည့် ရှေးလူကြီးများ တွေ့ဆုံခဲ့ပြီး ကျွန်တော်တို့ မီဒီယာအဖွဲ့သားများကိုယ်တိုင် လေ့လာခဲ့ကြပါသည်၊ လိုဏ်ခေါင်းပေါက်ကို ရှာဖွေဝင်ရောက်ခဲ့ကြပါသည်။ ဂူအတွင်း အတောင် (၅၀) အထိသာ ၀င်ရောက်နိုင်ခဲ့ပြီး မည်သို့မှ ရှေ့ဆက်သွား၍ မရနိုင်တော့ပါ။ ထိုဆေးရုံလိုဏ်ဂူကို ပြန်လှည်တူးဖေါ်နိုင်ပါက ရှေးဟောင်းဂျပန်ပစ္စည်းများ တွေ့ရှိနိုင်ပါသည်။
အကယ်၍ မည်သည့်ပစ္စည်းမှ မတွေ့နိုင်လျှင်သော်မှ ထိုဂူဖြင့် နိုင်ငံခြားသား ခရီးသွားများကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပါလိမ့်မည်၊ နိုင်ငံခြားငွေရှာ၍လည်း ရနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။)-----------------------------------------------









တစ်ရက်က ဂျပန်ခေတ်က မြေအောက်လိုဏ်ဂူကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ကို ရောက်ဖြစ်ခဲ့ပါတယ်၊ ဒီနေရာမှာ ကျွန်တော် အင်တာဗျူးထားတဲ့ ဂျပန်ခေတ်က မြေအောက်လိုဏ်ဂူ ဆေးရုံအကြောင်း နည်းနည်းတော့ ပြောထားပါရစေ၊ ဒီလိုဏ်ဂူအကြောင်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့ပါတယ်၊ လိုဏ်ဂူရှိတဲ့ တောင်ကိုတောင်
လိုဏ်ဂူအောက်မှာ ဆေးရုံလုပ်ထားတဲ့အတွက် အခုထက်ထိ ဆေးရုံကုန်းလို့ပဲ ဒေသခံတွေက ခေါ်ဝေါ်ကြပါတယ်၊ အဲဒီ လိုဏ်ဂူအကြောင်း သိရှိဖို့ အသက် (၉၅) နှစ် ရှ်ိပြီဖြစ်တဲ့
အင်းတော်မြို့ခံ ဦးစံထွေးနဲ့ အသက် (၈၅) နှစ် ရှိပြီဖြစ်တဲ့ ဦးတင်မောင်တို့ကို သွားရောက်တွေ့ဆုံ မေးမြန်းအတည်ပြုခဲ့ဖြစ်ပါတယ်။ ဦးစံထွေးဆိုတာကလည်း အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့
အဖိုးဖြစ်ပါတယ်။ သူဟာဂျပန်ခေတ်က ဂျပန်ကို စွမ်းစွမ်းတမံကူညီခဲ့လို့ အင်္ဂလိပ်တွေ ပြန်ဝင်လာတဲ့အခါ ဆုငွေ (၅၀၀၀) ထုတ်ခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။ ဦးစံထွေးပြောတာက " ဂျပန်ခေတ်မှာ အဘအသက်က (၂၀) ၀န်းကျင်ပေါ့။ ဂျပန်တွေ မ၀င်ခင် (၃) လလောက်က အင်္ဂလိပ်ကတရုတ်ကို အစောင့်ထားပြီး အုပ်ချုပ်ခိုင်းထားတယ်။
နောက် ဂျပန်တွေဝင်လာပြီး (၅) နှစ်လောက် အုပ်ချုပ်သွားတယ်။ အင်းတော်မှာ ဂျပန်တွေရှိတဲ့အချိန် ခံတပ်စခန်းလုပ်ခဲ့တယ်။ အင်းတော်ဝန်းကျင်က တောင်ကုန်းတွေမှာ ဂျပန်အခြေစိုက်စခန်းတွေ လုပ်ထားခဲ့တယ်။
လက်နက်တွေထားတဲ့ တောင်ကုန်းကို အခုထက်ထိ လက်နက်ကုန်းလို့ခေါ်နေကြသလို ရိက္ခာထားတဲ့တောင်ကို ရိက္ခာကုန်းပေါ့။ အဲဒီထဲက အထူးခြားဆုံးကတော့ အင်းတော်မြို့အ၀င်က ဆေးရုံလိုဏ်ခေါင်းပါပဲ၊
အဲဒီဆင်ကြပ်တောင်ရဲ့ ကပ်ရက် တောင်အောက်မှာ မြေအောက်လိုဏ်ဂူ ဖေါက်ထားတယ်။ ဖေါက်ခဲ့တာကတော့ ဂျပန်တွေပေါ့။ စစ်ဖြစ်တဲ့အချိန် အင်္ဂလိပ်ဘက်က ဂေါ်ရခါးသုံ့ပန်း (၈၀) ကျော်ကို ဖမ်းခေါ်လာပြီး ဖေါက်ခိုင်းခဲ့တာပါ။ အဲဒီလိုဏ်ဂူမှာ ၀င်ပေါက် (၂) ပေါက် ရှိတယ်၊ ၀င်ပေါက်အကျယ်နဲ့ အမြင့်ကတော့ အတော်ကိုကျယ်ပါတယ်။ ဂျပန်ဗိုလ်တွေ မြင်းစီးပြီး ၀င်ထွက်လို့ ရတဲ့အထိ ကျယ်တယ်။ လိုဏ်ခေါင်းရဲ့အရှည်က
ဘယ်လောက်ရှည်လဲဆိုတော့ အခုခေတ် ဆေးရုံတွေထက် ပိုရှည်တယ်။ အဲဒီလိုဏ်ဂူကို ဆေးရုံအနေနဲ့ လုပ်ထားပြီး အဲဒီအထဲမှာ ဒါဏ်ရာခွဲစိပ်တဲ့လူနာတွေအတွက် ထားတဲ့နေရာ၊ သာမန်အဖျားအနာတွေ ရောဂါတွေအတွက် ထားတဲ့နေရာ၊ ဆေးဂိုထောင်နေရာဆိုပြီး အဆောင်သီးသန့်စီထားပါတယ်။ လိုဏ်ခေါင်းအတွင်းပိုင်းက အနက်ကြီးတူးထားပြီး အင်မတန်လုံခြုံတယ်။ ရေလည်း ရပါတယ်။ ထမင်းချက်တာကတော့ ဂူအပြင်မှာချက်ပြီး ဂူထဲကို ပို့ပေးရတယ်။

ဒီဘက် တောင်ခြေချောင်းဖက်ကနေ ဟိုဘက် တောင်ခြေက လျောင်းတော်မူမှာ သွားပေါက်တယ်။ ဂျပန်တွေ ထွက်ပြေးတော့ ဆေးရုံလိုဏ်ဂူ အပေါက်တွေကို မိုင်းခွဲပိတ်ထားခဲ့တယ်။ ဂူအထဲက ဂျပန်လူနာတွေ အကုန်သေကုန်တာပေါ့။
နောက်တစ်ခုပြောချင်တာက အင်းတော်မှာ ဂျပန်တွေက အခိုင်အမာ ခံစစ်လုပ်ထားပြီး အင်းတော်တစ်နယ်လုံး ဂျပန်စစ်တပ်တွေ အများကြီးရှိပေမယ့် ဂျပန်တွေဟာ အင်းတော်မှာ
ရွာခံတွေကို ရိုက်တာနှက်တာ သတ်တာဖြတ်တာ မရှိခဲ့ပါဘူး။ အခြားမြို့ရွာတွေမှာတော့ မသိဘူးပေါ့။ အင်းတော်မှာတော့ အစောက ပြောခဲ့သလို နယ်လူထုကို မတရားတာ နှိပ်စက်တာ ဘာမှ မလုပ်ခဲ့ပါဘူး။
အဘတို့ကလည်း ဂျပန်တွေ ၀င်လာကတည်းက စကားအခံပြောထားတာရှိတယ်။ ကျုပ်တို့ ရွာလူထုကို မနှိပ်စက်နဲ့ပေါ့၊ ဂျပန်က သူခိုးတွေကို ထိုင်ခုံမှာ ကြိုးတုတ်ထားပြီး ရိုက်တာနှက်တာတော့ရှိတယ်။
သတ်တဲ့အထိတော့ မလုပ်ပါဘူး။ သူခိုးဆိုကလည်း ရွာခံတွေဆီက ခိုးတာတော့ မဟုတ်ဘူးပေါ့။ ဂျပန်တပ်က ဓါတ်ဆီတို့ ဘာတို့ ခိုးတာပေါ့။ အများအားဖြင့်တော့ ဘိန်းစားတွေ ခိုးကြတာများပါတယ်။

အဲဒီလို ဒေသခံတွေအပေါ်ကောင်းသလို ဂျပန်စစ်တပ်ဆိုတာ ဗိုလ်ချုပ်တို့ ခေါ်လာတာဆိုတော့ အဘအပါအ၀င် ဒေသခံတွေက ဂျပန်ကို ကူညီကြပါတယ်။ ဘယ်လောက်အထိ ကူညီကြလည်းဆိုရင်
မြို့စောင့်တပ်အနေနဲ့ ၀င်းဂိတ်တပ်တွေကို တိုက်ပေးကြတဲ့အထိ ကူညီကြပါတယ်။ ဂျပန်တပ်မှာအကြီးဆုံးက ယာမာစီဒါဆိုတဲ့ စစ်ဗိုလ်ပေါ့။ ဂျပန်နဲ့အတူ စပါလာတာက ဗိုလ်ရန်နိုင်နဲ့ ဗိုလ်သီဟ၊
ဂျပန်စကားပြန်လုပ်တာက ကြံအောင်၊ ကြံဖေ၊ လှမောင်၊ ကံညွှန့်တို့ပေါ့၊ အခု ရွာဖြစ်နေတဲ့ ကျန်တောမှာက လောင်စာဆီဂိုထောင် လုပ်ထားတယ်။ လက်နက်တိုက်ကတော့ နားနောင်မှာ။ ရိက္ခာဂိုထောင်ကိုတော့
သက္ကယ်ကျင်းမှာ လုပ်ထားတယ်။ ဂျပန်စစ်တပ် ဘယ်လောက်ကြီးလဲဆိုရင် တစ်နေရာနဲ့ တစ်နေရာ အဝေးကြီးနော်၊ အဲဒီလို အဝေးကြီးတွေမှာအထိ တပ်ချထားတယ်။
ဒါကြောင့်လည်း ဂျပန်ထွက်ပြေးခါနီး အင်းတော်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေကတော့ အကြီးအကျယ်ဖြစ်ခဲ့တာပေါ့။ မံထုံဘက်မှာ ၀င်းဂိတ်တပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ဟင်းနုတောင်ကုန်းမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ကြတယ်။
အဘတို့ကလည်း ဂျပန်မြို့စောင့်တပ်အနေနဲ့ အင်္ဂလိပ်ကို ၀င်တိုက်ပေးရတာပေါ့။
နောက်တော့လည်း အင်္ဂလိပ်တွေ ၀င်လာပြန်တာပေါ့။ အင်္ဂလိပ်တွေ ၀င်လာတော့ အဘအပါအ၀င် အင်းတော်နယ်သား (၅) ယောက်ကို စပိုင်ဆိုပြီး အင်္ဂလိပ်က ဆုငွေ (၅၀၀၀) ထုတ်ဖမ်းလို့ အင်းတော်မှာ မနေရဲဘဲ ထွက်ပြေးနေခဲ့ရတယ်။ အဲဒီခေတ်က ဆုငွေ (၅၀၀၀) ထုတ်ခံရတဲ့ (၅) ယောက်ထဲမှာ အဘပဲ အသက်ရှင်ကျန်တော့တယ်" လို့ ပြောပြခဲ့ပါတယ်၊

အဘဦးစံထွေးလို မေးမြန်းဖြစ်ခဲ့တာက ဦးတင်မောင်ဖြစ်ပါတယ်။ ဦးတင်မောင်အနေနဲ့ ဂျပန်ခေတ်က အင်းတော်မှာ မရှိခဲ့ပေမယ့် ၁၉၅၃ ခုနှစ်မှာ အင်းတော်ကို ရောက်ခဲ့သူဖြစ်ပါတယ်။ အင်းတော်မှာ သူကြီးလုပ်ခဲ့သူဖြစ်လို့
အင်းတော်က ဆေးရုံကုန်းလိုဏ်ဂူအကြောင်း အခုလို ပြောပြခဲ့ပါတယ်။
"အဘ အင်းတော်ကိုရောက်တာက မြန်မာ့တပ်မတော် မောင်တော်ယာဉ်မောင်း အနေနဲ့ ရောက်ခဲ့တာပါ။ အဲဒီတုန်းက အင်းတော်ဆိုတာက ရွာအနေနဲ့ပဲ ရှိပါသေးတယ်၊ ၁၉၅၃ ခုနှစ်မှာ ကသာကို မြို့သတ်မှတ်တယ်၊
၁၉၅၈ ခုနှစ်မှာ အင်းတော်ကို မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် အဘရောက်တော့ ဆေးရုံကုန်းလိုဏ်ဂူထဲ ရောက်ခဲ့ဖူးတယ်။ ၀င်ပေါက်တွေ ကျဉ်းနေပေမယ့် ဂူထဲကိုတော့ ၀င်လို့ရသေးတယ်။
ဂူထဲမှာ ကုတင်တွေ တော်များများတွေ့ရတယ်။ ခြင်ထောင်တွေလည်း ထောင်လျှက်သားပဲတွေ့ရတယ်။ ဆွေးနေကုန်ပြီ၊ ခြင်ထောင်တွေကို ကိုင်ကြည့်တော့ ကြွေကျကုန်တယ်။ ဂူကတော့ အထဲမှာ အကျယ်ကြီးပါပဲ"

(ဆက်လက် ဖေါ်ပြပါမည်)
(ဟာဂျူလီ-ကသာ)

0 comments:

Post a Comment