သြဂုတ်လ အစောပိုင်းမှ စတင်ခဲ့သော အိန္ဒိယ-မြန်မာ နယ်စပ် အငြင်းပွားမှု
များကို ဖြေရှင်းရန်အတွက် ယခင် ပြည်နယ်အဆင့် ညှိနှိုင်း ကွပ်ကဲနေရာမှ ယခုအခါ
ပြည်ထောင်စုအဆင့် ဖြစ်သည့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန များမှ
တစ်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေး
ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့
ပြောကြားသည်။
နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် နယ်မြေ
အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် တွဲဖက် လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့
တစ်ရပ် ဖွဲ့စည်းရန် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တစ်ဆင့် မြန်မာ အစိုးရထံ သြဂုတ်လ ၂၈
ရက်နေ့တွင် တိုက်ရိုက် ကမ်းလှမ်း ခဲ့သည်။
အဆိုပါ ကမ်းလှမ်းမှုအတွက်
နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ
ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
“နယ်မြေ တိုင်းတာဖို့ ကိစ္စတွေက ကျွန်တော်တို့ အရင်ကတည်း က ဆောင်ရွက်နေတာပါ၊
အခုလည်း လုပ်ထုံးလုပ်နည်းတွေအရ အဆင့်ဆင့် ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက
ရှင်းပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နယ်မြေ
အငြင်းပွားမှုများ ဖြစ်နေသည့် အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ်
ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာ အတွင်း မြန်မာ့ တပ်မတော်မှ
တပ်မတော်သား အချို့ ကျူးကျော် တပ်စွဲနေသည်ဟု မဏိပူရပြည်နယ် အစိုးရက
ထုတ်ပြန်ခဲ့သည်။
သို့သော် အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက သြဂုတ်လ
၂၇ ရက်နေ့တွင် မြို့တော် နယူးဒေလီ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်
မြန်မာဘက် မှ ကျူးကျော်ခြင်း မဟုတ်ကြောင်း၊ တပ်မတော်သားများ တပ်စွဲနေသည်
ဆိုသည်မှာလည်း ၎င်းတို့၏ နယ်မြေ အတွင်း၌ သာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း
ပြန်လည် ဖြေရှင်းခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံ
နယ်စပ်တစ်လျှောက်တွင် နယ်မြေ တိုင်းတာ သတ်မှတ်ခြင်း လုပ်ငန်းများ
မပြီးသေးသရွေ့ အဆောက်အအုံ၊ သင်္ကေတ၊ အမှတ်အသားများကို မပြုလုပ်ရန်
နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြကြောင်း အိန္ဒိယ သတင်း မီဒီယာများတွင်
ဖော်ပြထားသည်။
လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း အိန္ဒိယ-မြန်မာ
နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာ သတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူ
စာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောတူ စာချုပ်အရ နယ်နိမိတ်
တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲ တိုင်းတာ
ခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ တိုင်းတာရာတွင် မြန်မာ၊ တရုတ်၊
အိန္ဒိယ သုံးနိုင်ငံ ဆုံရာ နေရာနှင့် အိန္ဒိယ-မြန်မာ ကဘော် ချိုင့်ဝှမ်း
ဒေသများတွင် နယ်နိမိတ် သတ်မှတ် တိုင်းတာရန် ကျန်ရှိနေခဲ့ပြီး၊ ယခု
အငြင်းပွားမှု ဖြစ်ပေါ်နေသည့် နေရာမှာ ယင်း ကဘော်ချိုင့်ဝှမ်း ဒေသတွင်
ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ယင်းသို့ နယ်နိမိတ် သတ်မှတ်ရန်
ကျန်ရှိနေခြင်းမှာ ကဘော် ချိုင့်ဝှမ်းဒေသ အတွင်းတွင် လွတ်လပ်ရေး မရမီကပင်
အင်္ဂလိပ်အစိုးရ လက်ထက်က နယ်မြေ သတ်မှတ်သည့်အနေနှင့် မှတ်တိုင် ၃၉ တိုင်
စိုက်ထူခဲ့ပြီး၊ ယင်းမှတ်တိုင်များ နေရာ ရွေ့လျားမှုနှင့် အိန္ဒိယဘက်မှ
ရွာများ မြန်မာ့ နယ်မြေ ဘက်တွင် ကျူးကျော်နေမှုများကြောင့် မှတ်တိုင်သစ်များ
ပြန်လည် သတ်မှတ် စိုက်ထူရန် အခက်အခဲများ ရှိနေခြင်း ဖြစ်ကြောင်း မြန်မာ
အစိုးရက တရားဝင် ပြောကြားထားသည်။
အမှန်တကယ်တွင် ယင်းနေရာသည်
မြန်မာပိုင် နယ်မြေများ ဖြစ်ပြီး၊ နယ်နိမိတ် စာချုပ် သဘော တူညီချက်များအရ
အတိအကျ ဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာ အစိတ်အပိုင်း
အချို့သည် ပြောင်းပေးရမည် ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင် ဆန္ဒပြမှု
ကြောင့် ဆက်လက် တိုင်းတာခြင်း မပြုလုပ်နိုင်ဘဲ ဖြစ်နေကြောင်း မြန်မာ
အစိုးရက ပြောကြားထား သည်။
မြန်မာဘက်မှ ကျူးကျော် ကျေးရွာများကို ဖယ်ရှားပေးစရာ မလိုဘဲ၊
ယင်းနယ်မြေအတွက် အစားထိုး နယ်မြေအချို့ ပြန်ပေးရန် အိန္ဒိယ အစိုးရနှင့်
ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့ပေ။
The Voice Weekly
0 comments:
Post a Comment