Friday, August 30, 2013

ဟူးလ်စီးတီးကို ဂိုးပြတ် အနိုင်ရအောင် ကျားနာခဲ ခဲတော့မယ့် ပယ်လီဂရီနီရဲ့ မန်စီးတီး

ဟန်စိုးသွေး

ဘောလုံးဝါသနာရှင်များ စိတ်ဝင်စားစွာ ကြည့်ရှုအားပေးနေသည့် ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါစသည်ဖြင့် အမှတ်ပေးပြိုင်ပွဲများစွာရှိသည့်အနက် ယခုအပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် ၃ မှ အကြိုက်ဆုံးပွဲတစ်ပွဲကို ရွေးချယ်ဖို့ဆုံးဖြတ်ထားသည်။ ပရီးမီးယားလိဂ် ကိုးပွဲရှိသည့်အနက်မှ မန်စီးတီး နှင့်ဟူးလ်စီးတီးပွဲကို စိတ်ဝင်စားနေမိပြီး မည်သည့်အသင်း အောင်ပွဲခံသွားမည်လဲဆိုတာကို ကြိုတင်ခံစား ကြည့်ထားပါသည်။


မန်စီးတီး

မန်စီးတီး အာဏာပိုင်များသည် ပြီးခဲ့သောဘောလုံးရာသီက ပစ်မှတ်တစ်ခုမှ ထိမှန်အောင် မပစ်ခတ်နိုင်ခဲ့ သူ နည်းပြ မန်စီနီကိုထုတ်ပယ်ကာ ပယ်လီဂရီနီကို ခေါ်ယူခန့်အပ်ခဲ့သည်။ ပယ်လီဂရီနီသည် ဗီလာရီး ယဲလ်နှင့်အတူ ထင်ပေါ်ကျော်ကြားလာခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်တွင် ပျက်ကိန်းကြုံခဲ့သူ ဖြစ်သည်။ ပယ်လီဂရီနီသည် ဗီလာရီးယဲလ်ကို ကလပ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှု ရယူပေးခဲ့သူဖြစ် ပြီး ဗီလာရီးယဲလ်ကို ကမ္ဘာသိကလပ်တစ်ခု ဖြစ်လာအောင် တည်ဆောက်ပြခဲ့သူ ဖြစ်သည်။ သို့သော် တစ်သက်တွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အလမ်းဖြစ်သော ရီးယဲလ်နည်းပြရာထူးကို လက်ခံရယူစဉ် မှာတော့ နာမည်ပျက်ခဲ့ရသည်။ ရီးယဲလ်ကို ကိုင်တွယ်ရာတွင်ယူရို (၂၆၈) သန်း အသုံးပြုကာ ကစား သမားများစွာ ခေါ်ယူခဲ့သော်လည်း လာလီဂါတွင် ဒုတိယသာရခဲ့ပြီး ချန်ပီယံလိဂ်တွင်မူ ၁၆ သင်းအဆင့် မှပင် ထွက်ခဲ့ရသည်။ ထို့ကြောင့်လည်း ရီးယဲလ်နည်းပြထိုင်ခုံမှ အောင်ဖျာလိပ်ခဲ့ရပြီး မာလာဂါသို့ ပြောင်း ရွှေ့သွားခဲ့ရသည်။

ပယ်လီဂရီနီသည် မြို့ပြအင်ဂျင်နီယာ ဘွဲ့ရရှိထားသူဖြစ်ပြီး သူ့ကို အင်ဂျင်နီယာကြီးဟုလည်း အမည် ပြောင်သမုတ်ထားသည်။

ပယ်လီဂရီနီသည် အင်ဂျင်နီယာဆိုသည့်အတိုင်း ဘောလုံးအသင်း တစ်သင်း ကို ကိုင်တွယ်ရာတွင် မှန်ကန်သော ကစားကွက်ဗျူဟာ ချမှတ်နိုင်သူ ဖြစ်သည်။ ထူးခြားသည်မှာ သူကိုင် တွယ်သည့် အသင်းတိုင်းတွင် ကစားကွက် ဖန်တီးရှင်တစ်ယောက် ပုံမှန်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဗီလာ ရီးယဲလ်ကို ကိုင်တုန်းက ရီကွယ်လ်မီး၊ ရီးယဲလ်ကို ကိုင်တော့ ကာကာ၊ မာလာဂါတွင် ပထမနှစ်၌ ကာဇိုလာ၊ ဒုတိယနှစ်၌ အစ္စကိုစသည့် ကစားကွက်ဖန်တီးရှင်တွေကို အထိုင်ချအသုံးပြုခဲ့သည်။

ယမန်နှစ်ကဆိုလျှင် ကစားသမားစုဖွဲ့မှု သိပ်ြပီးမကောင်းတော့သည့် မာလာဂါကို ကောင်းမွန်စွာ ဦး ဆောင်မှုပေးနိုင်ခဲ့ပြီး လာလီဂါမှာရော ချန်ပီယံလိဂ်တွင်ပါ ခြေစွမ်းကောင်းမွန်မှုကို ပြသနိုင်ခဲ့သည်။ ယခု လိုမျိုး သာမန်အသင်းလေးကိုတောင် အဆင့်အတန်းမြင့်မြင့် ကိုင်တွယ်ပြနိုင်ခဲ့လို့လည်း မန်စီးတီးကလပ် အာဏာပိုင်များက သူ့ကိုခေါ်ယူတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပယ်လီဂရီနီအနေဖြင့် တစ်ခုကံကောင်းသည်က မန်စီးတီးသည် ငွေကြေးချမ်းသာသောအသင်းဖြစ်သဖြင့် ကစားသမား အလုံအလောက်ရှိနေသောကြောင့် လိုအပ်လျှင် လိုအပ်သလို ကစားကွက်နည်းဗျူဟာပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိ မန်စီးတီးတွင် ကွင်းလယ်၌ ဘောလုံးကို စနစ်တကျကိုင်ပြီး ဖြန့်ဝေလုပ်ဆောင်နိုင်သူများဖြစ်သည့် ယာယာတိုရေး၊ ဒေးဗစ် ဆေးလ်ဗားတို့ ရှိနေကြ၍ ပယ်လီဂရီနီလက်ထက်တွင် ဘောလုံးပိုင်ဆိုင်မှုကို အသားပေး ထိုးဖောက် ကစားဟန်ကို ကျင့်သုံးလာတာ တွေ့ရသည်။ ထို့ အပြင် မန်စီးတီးကွင်းလယ်သို့ စပိန်လက်ရွေးစင် ဂျီး ဆပ်နားဗက်စ်၊ ဘရာဇီးကွင်းလယ်လူ ဖာနန်ဒင်ဟိုတို့ပါ ရောက်လာ၍ တောင်ပံတိုက်စစ်အားလည်း လွန် စွာတောင့်တင်းသွားခဲ့သည်။ ဘောလုံးကို ကွင်းလယ်၌ စနစ်တကျကိုင်တွယ်ကာ တောင်ပံနှစ်ဖက်မှ ဖြတ်တင်ဘောများနှင့် မန်စီးတီးတိုက်စစ်အား ဖန်တီးမှုပိုင်းမှာ ပွဲဆက်များလာသည် နှင့်အမျှ လွန်စွာ ကောင်းမွန်လာမှာ သေချာနေသည်။

နောက်ထပ် စဉ်းစားရမည့်အချက်က လက်ရှိမန်စီးတီးအသင်းတွင် စပိန်လာလီဂါ၌ ကစားခဲ့ဖူးသူခြောက် ဦး ပါဝင်နေပြီး နည်းပြအပါအ၀င် နည်းစနစ်ဒါရိုက်တာ၊ အမှုဆောင်ချုပ်များကပါ စပိန်ဘောလုံးရပ်ဝန်း တွင် ကျင်လည်ခဲ့ဖူးသူများဖြစ်သဖြင့် စပိန်လာလီဂါ ထိပ်သီးအသင်းတစ်သင်း ကဲ့သို့ ကစားကွက်ကျင့် သုံးနိုင်အောင်လည်း ထုဆစ်ပုံဖော်နေတာ တွေ့ရသည်။ ပယ်လီဂရီနီသည် ကစားကွက် ငြိမ့်ညောင်းလှပ လာအောင် တည်ဆောက်နေရုံမျှမက ရှေ့၌အဆုံးသတ် ကောင်းမွန်သော တိုက်စစ်မှူးကောင်းတွေကို လည်း ခေါ်ယူအားဖြည့်ခဲ့သည်။ ချန်ပီယံဘွဲ့ကိုမျှော်မှန်းသော အသင်းတစ်သင်းအနေဖြင့် အနည်းဆုံး တိုက်စစ်မှူးလေးဦး လိုအပ်မည်ဖြစ်ရာ အဂွီရိုနှင့်ဒီဇီကိုအပြင် ဂျိုဗီတစ်နှင့် နီဂရီဒိုတို့ကို ထပ်ပေါင်းထည့် လိုက်နိုင်၍ မန်စီးတီးတိုက်စစ်စုဖွဲ့မှုကလည်း အတောင့်တင်းဆုံးပုံစံသို့ ရောက်သွားခဲ့သည်။ လက်ရှိ အချိန်တွင် မန်စီးတီးတို့ခံစစ်တွင် အကောင်းဆုံးပုံစံ မရသေးသော်လည်း ကွင်းလယ်နှင့် တိုက်စစ်ကတော့ မည်သည့်ထိပ်သီးအသင်းမျိုးကိုမဆို ရင်ဘောင်တန်းယှဉ်နိုင်စွမ်း ရှိနှင့်နေခဲ့ပြီ ဖြစ်သည်။ လတ်တလော ကာဒစ်ဖ်ကို ၃-၂ ဂိုးနှင့် ရှုံးပွဲကြုံတွေ့ခဲ့ရသော်ငြားလည်း မန်စီးတီးကိုအထင်သေးလျော့တွက်စရာ အကြောင်းမမြင်မိပေ။

ဟူးလ်စီးတီး

၂၀၀၉-၁၀ ဘောလုံးရာသီက ပရီးမီးယားလိဂ်တွင် အဆင့် ၁၉ သာရပြီး တန်းဆင်းသွားခဲ့ရသော ဟူးလ် စီးတီးမှာ ချန်ပီယံရှစ်တွင် နှစ်ရာသီကြာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်ရောက်လာ ခဲ့ သည်။ ၂၀၀၈ ခုနှစ်၊ ဟူးလ်စီးတီးတို့ ပရီးမီးယားလိဂ်ကို စရောက်လာခဲ့စဉ်က စိတ်လှုပ်ရှားစရာ ကစား ဟန်နှင့်အတူ အမြဲတမ်းလန်းဆန်းတက်ကြွနေသည့် နည်းပြ ဖီးလ်ဘရောင်းဦးဆောင်မှုနှင့် ဘရာဇီးသား ဂျီအိုဗန်နီ၊ မာလွန်ကင်းတို့ကို ပရိသတ်များ မှတ်မိနေကြဦးမည် ဖြစ်သည်။

ဟူးလ်စီးတီးမှာ ယမန်နှစ် ဘောလုံးရာသီ မစခင်တွင် နည်းပြမတည်မငြိမ်ဖြစ်မှုများစွာ နှင့် ကြုံတွေ့ခဲ့ရသည်။ တစ်လအတွင်း နည်းပြနှစ်ဦးနှင့် လမ်းခွဲခဲ့ပြီး စတိဗ်ဘရုစ်ကို ခန့်အပ်နိုင်ခဲ့သည့် အချိန်မှသာ အသင်းအတွင်းရေး တည်ငြိမ်သွားခဲ့သည်။ စတိဗ်ဘရုစ်နှင့် ဟူးလ်စီးတီး လွန်စွာလိုက်ဖက်ညီခဲ့ပြီး ၂၀၁၁ -၁၂တွင် အဆင့် ၈ သာရခဲ့သောအသင်းမှာ ဘရုစ်၏ ဦးဆောင်မှုနှင့်အတူ ၂၀၁၂-၁၃ တွင် အဆင့် ၂ ဖြင့် တန်းပြန်တက်လာနိုင်သည်အထိ ပြောင်းလဲတိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ဟူးလ်စီးတီးမှာ ပရီးမီးယားလိဂ်သို့ ရောက်လာခဲ့သော်လည်း အသင်းတွင် အားနည်းချက်များစွာ ရှိနေခဲ့ သည်။ အထူးသဖြင့် တိုက်စစ်အင်အား
လွန်စွာညံ့ဖျင်းခဲ့ပြီး ယမန်နှစ်က တစ်ရာသီလုံး ၆၁ ဂိုးသွင်းယူနိုင်ခဲ့ ရာတွင် ဂိုးအများဆုံးသွင်းပေးခဲ့သည့် တိုက်စစ်မှူး ရောဘတ်ကိုရန်၏ ဂိုးအရေအတွက်က ၁၀ ဂိုးတောင် မရှိခဲ့ပေ။ ရာသီသိမ်းကာနီး နောက်ဆုံးလေးပွဲတွင်ဆိုလျှင် ဟူးလ်စီးတီးတို့ သုံးဂိုးသာ သွင်းယူနိုင်ခဲ့သည် အထိ တိုက်စစ် ညံ့ဖျင်းခဲ့သည်။ ခံစစ်ကတော့ ပေးဂိုး ၅၁ ဂိုး သာရှိခဲ့၍ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ၁၁ သင်း ထက်ကောင်းမွန်ခဲ့တာ တွေ့ရသည်။ ယမန်နှစ်က ခံစစ်တွင် ခြေစွမ်းပြခဲ့ကြသော အိုင်ယာလန်ခံစစ်မှူး မက်ရှိန်း၊ ဆီနီဂေါမှဖာယီ၊ အသင်းခေါင်းဆောင် ဟော့ဘ်တို့ရှိသည့် အနက် ယခုနှစ်တွင် ၀ီဂန်နောက်ခံလူ ဖီဂွယ်ရိုအာကို ထပ်မံအားဖြည့်နိုင်ခဲ့၍ ခံစစ်စုဖွဲ့မှုကတော့ ပိုကောင်းလာခဲ့သည်။ ရှင်းရှင်းဘွင်းဘွင်းပြောရ လျှင် စတိဗ်ဘရုစ်မှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိနည်းပြဖြစ်သော် ငြားလည်း ကစားသမားစုဖွဲ့မှုက တော်တော်လေး အားနည်းသည့်အတွက် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများကို မဆိုထားနှင့် အလယ် အလတ်အသင်းများကိုတောင် ခက်ခက်ခဲခဲ ရင်ဆိုင်ရမည်မှာ သေချာနေပေသည်။

ကောက်ချက်

မန်စီးတီးသည် ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်တွင် နယူးကာဆယ်ကို လေးဂိုးပြတ် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲ၊ အဝေးကွင်းတွင်မူ ကာဒစ်ဖ်လိုအသင်းမျိုးကို အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့သည်။ ဟူးလ်စီးတီး ကမူ အဖွင့်ပွဲစဉ်တွင် ချယ်လ်ဆီးကို နှစ်ဂိုးပြတ်ရှုံးပြီးပွဲစဉ် ၂၊ အိမ်ကွင်းတွင် နောဝှစ်ခ်ျကို ၁-၀ ဂိုးဖြင့် နိုင်ခဲ့သည်။ ဟူးလ်စီးတီးမှာ စတန်းဖို့ ဘရစ်ခ်ျပွဲစဉ်တွင် ချယ်လ်ဆီးကို မည်သို့မျှ မယှဉ်နိုင်ခဲ့ပဲ ခြေစွမ်းချင်း ကွာဟလွန်းခဲ့ကာ ပထမပိုင်းတွင်ပင် လေးဂိုးခန့်အထိ ပြတ်သွားနိုင်သော အနေအထားမျိုး ရှိခဲ့သည်။ ထိုအခြေအနေတွင် ချယ်လ်ဆီး ထိန်းကစားခဲ့၍သာ နောက်ထပ်ဂိုးမပေးရတော့ဘဲ နှစ်ဂိုးပြတ်နှင့်သာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် မန်စီးတီးနှင့် ဟူးလ်စီးတီးကြား ကစားသမားစုဖွဲ့မှု အားချင်းက မိုးနှင့်မြေပြင်ပမာ ကွာဟလွန်းနေခဲ့သည်။ ထို့အပြင် မန်စီးတီးမှာ ကာဒစ်ဖ်ကိုရှုံးခဲ့၍ ယခုပွဲ တွင် အနိုင် ၃ မှတ်ရအောင် ကျားနာခဲ ခဲတော့မည်မို့ ဟူးလ်စီးတီးတို့ အသက်ရှူချောင်ဖွယ် မမြင်မိပေ။ ဟူးလ်စီးတီးတို့ ခံစစ်ပိတ်ကစားလိမ့်မည် ဖြစ်သော်လည်း နာဗက်စ်၊ ယာယာတိုရေး၊ အဂွီရို၊ နီဂရီဒိုတို့၏ မန်စီးတီးတိုက်စစ်ကို အချိန်ကြာကြာတောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။ ဟူးလ်စီးတီးတို့ အရှက်တကွဲ အကျိုးနည်းမဖြစ်ရအောင်သာ ရုန်းကန်ရလိမ့်မည်ဟု ကောက်ချက်ဆွဲမိသည့်အတွက် သုံးဂိုးနှင့်အထက် နိုင်ပွဲရမှ ပျော်ခွင့်ရမည် ဖြစ်သော်လည်း အိမ်ရှင်မန်စီးတီးကိုသာ ရဲဝံ့ယုံကြည်စွာ ရွေးချယ်လိုက်သင့်ပါ သည်။

Mizzima - News in Burmese

0 comments:

Post a Comment