Friday, August 30, 2013

ပုဒ်မ ၁၈ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်သူငါးဦး ယင်းပုဒ်မဖြင့်ပင်အမှုဖွင့်

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပြည်မြို့တွင် သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ခဲ့သူငါးဦးကို ယင်းပုဒ်မဖြင့်ပင် အရေးယူ အမှုဖွင့်ခဲ့ကြောင်း ပြည်မြို့ မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရသည်။


ရဲတပ်ဖွဲ့ဝင်များက လေးကြိမ်တိုင် တားမြစ်ခဲ့သော်လည်း ဆန္ဒပြသူများက ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည့်အတွက် ယခုကဲ့သို့ အမှုဖွင့်ရခြင်း ဖြစ်ကြောင်း မြို့မရဲတပ်ဖွဲ့စခန်မှူး ဦးဝင်းခိုင်က ပြောကြားသည်။

ပြည်သူတစ်ဦးချင်း၏ ရပိုင်ခွင့်ကို ပိတ်ပင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလွဲသုံးစား လုပ်ထားသည့် ပုဒ်မ-၁၈ ကို လက်မခံနိုင်သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ပြီး အစိုးရဘက်မှ တာဝန်ရှိ သူများက ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ပါက တာဝန်အရ ဆောင်ရွက်နိုင်ကြောင်း ဦးဆောင်ဆန္ဒ ထုတ်ဖော်သူ ကိုမျိုးသူထွဋ်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် ‘ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်နှင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများကို လွှတ်’ စသည့် ဗီနိုင်းများ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒပြပွဲကို နံနက် ၁၀ နာရီခန့်တွင် ရပ်နားခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

ခွင့်ပြုချက်မရှိဘဲ ဦးဆောင်ဆန္ဒပြခဲ့သူ ကိုမျိုးသူထွဋ်၊ ကိုသန့်စင်၊ ကိုကျော်မျိုးထွဋ်၊ ကိုအောင်သန်းမြင့်နှင့် ဦးခင်ဦးတို့ကို (ပ) ၆၅၇/၂၀၁၃၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားပြီး အာမခံပေးရန် စီစဉ်လျက် ရှိသည်ဟု ပြည်မြို့ မြို့မရဲတပ်ဖွဲ့စခန်းက စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment