Friday, August 30, 2013

တိုက်ကွမ်ဒိုပြိုင်ပွဲ ကိုရီးယား လျှပ်စစ်ကာဗာ သုံးမည်


(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်မည့် တိုက်ကွမ်ဒို အားကစားနည်း အမှတ်ပေးစနစ် အတွက် ကိုရီးယားနိုင်ငံက ထုတ်လုပ်သည့် KP&P အမည်ရှိ လျှပ်စစ် ကာဗာကို အသုံးပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် နည်းပြချုပ် ဦးကျော်သန်းဦးက ပြောကြားသည်။


အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လက ကျင်းပခဲ့သည် SEA Games အကြို တိုက်ကွမ်ဒို ပြိုင်ပွဲတွင် စပိန်နိုင်ငံထုတ် DAEDO System လျှပ်စစ်ကာဗာကို ငှားရမ်း အသုံးပြုခဲ့ရာ ယင်းလျှပ်စစ်ကာဗာမှာ မြန်မာ တိုက်ကွမ်ဒို ကစားသမားအတွက် အခက်အခဲ ဖြစ်ခဲ့ရသောကြောင့် ကိုရီးယားနိုင်ငံထုတ် လျှပ်စစ် ကာဗာကို အသုံးပြုရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်၌ အင်ဒိုနီးရှားနိုင်ငံတွင် ပြိုင်ပွဲ ဝင်ခဲ့သည့် ကစားသမား အချို့သာ လျှပ်စစ်ကာဗာ အသုံးပြုခဲ့ဖူးပြီး နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းမှ အားကစားသမားများ အများစုမှာ လျှပ်စစ်ကာဗာနှင့် လေ့ကျင့်ဖူးခြင်း မရှိသောကြောင့် အခက်အခဲ ကြုံတွေ့လျက် ရှိကြောင်း ၎င်းက ညည်းတွားသည်။

ကမ္ဘာ့အဆင့် တိုက်ကွမ်ဒို ပြိုင်ပွဲများ၌ စပိန်နိုင်ငံထုတ် DAEDO system လျှပ်စစ်ကာဗာကို အသုံးပြုလေ့ ရှိသော်လည်း မြန်မာ ကစားသမားများသည် ကိုရီးယားနိုင်ငံက လှူဒါန်းသည့် KP&P System လျှပ်စစ် ကာဗာဖြင့် လေ့ကျင့်ထားခြင်းကြောင့် ယင်းလျှပ်စစ် ကာဗာကို SEA Games ပြိုင်ပွဲတွင် အသုံးပြုရခြင်း ဖြစ်ကြောင်း တိုက်ကွမ်ဒို အတိုက်နည်းပြ ဦးဖြိုးဇော်အောင်က ပြောကြား သည်။

ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ဝတ်ဆင်သည့် ကာဗာ အင်္ကျီတွင် ဆင်ဆာ တပ်ထားရာ ထိချက် မှန်လျှင် ဒစ်ဂျစ်တယ် အမှတ်ပေးဘုတ်က အလိုအလျောက် အမှတ် ဖော်ပြပေးမည် ဖြစ်သော်လည်း ဦးခေါင်းပိုင်း ထိချက်ကိုမူ ဒစ်ဂျစ်တယ် အမှတ်ပေးဘုတ်မှ ရမှတ်အပြင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ယူရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခင် SEA Games တိုက်ကွမ်ဒို ပြိုင်ပွဲများတွင် ဒိုင်လူကြီး ဆုံးဖြတ်ချက်ဖြင့် သာ အရှုံးအနိုင် ဆုံးဖြတ်ခဲ့ရာ အငြင်းပွားမှုများ ရှိခဲ့သောကြောင့် လျှပ်စစ် ကာဗာ အမှတ်ပေးစနစ်ကို SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး ကျင့်သုံးခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment