Friday, August 30, 2013

စည်ပင် သန့်ရှင်းရေး ဝန်ထမ်းများ အမှိုက်အတွင်း ပစ္စည်းရှာပါက အလုပ်မှ ထုတ်ပယ်သည် အထိ အရေးယူမည်

ရန်ကုန်မြို့တော် အတွင်းရှိ စည်ပင် သာယာရေး ကော်မတီမှ သန့်ရှင်းရေး ဝန်ထမ်းများ အနေဖြင့် စွန့်ပစ် အမှိုက်များ အတွင်းပစ္စည်းရှာပါက အလုပ်မှ ထုတ်ပယ်ခံရသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။


ယခင်က သန့်ရှင်းရေး ဝန်ထမ်းများကို တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် အတွက် ခွင့်ပြု ပေးထား ခဲ့သော်လည်း ယခုအခါတွင် အလုပ်ပြီးမြောက်မှု အပိုင်းတွင် အားနည်းလာ သောကြောင့် ယင်းအလုပ်ကို တားမြစ်ထားကြောင်း၊ သို့သော်လည်း အမှိုက်များ အတွင်းမှ ပြန်လည် ရောင်းချနိုင်သည့် ပစ္စည်းများ ရှာဖွေလိုပါက နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများ၌ ရွေးချယ်ခွင့်ပြု ထားကြောင်း သိရသည်။

''အလုပ်ချိန် လစ်ဟင်းမှုတွေ မဖြစ်အောင် လုပ်ရတာ၊ နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွေမှာ တော့ရှာပါ။ အမှိုက်သိမ်းနေစဉ်မှာ ရှာရင်တော့ အရေးယူမှာပါ''ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အမှိုက် တစ်တန်လျှင် သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် ငွေကျပ် လေးထောင်ကျော် ရရှိကြောင်း၊ အမှိုက်တစ်တန် သိမ်းဆည်းရန် ကုန်ကျ စရိတ်သည် ငွေကျပ် နှစ်သောင်းခွဲကျော် ရှိသောကြောင့် ဌာနအနေဖြင့် အများပြည်သူ အဆင်ပြေစေရေး အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် ရန်ကုန်မြို့တွင်းမှ ကောက်ခံရရှိမှု သည် ငွေ ကျပ်လေးသိန်းခွဲ ခန့်သာဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ နေ့ဆိုင်း သန့်ရှင်းရေး ဝန်ထမ်း ၂၁ဝဝ နှင့် ညဆိုင်း သန့်ရှင်းရေး ဝန်ထမ်း ၁၂၇၉ ဦး စုစုပေါင်း ၃၃၇၉ ဦးဖြင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် လျက် ရှိသည်။ နေ့စဉ် အမှိုက်တန်ချိန် ၁၅၄၉ တန်ကျော် သိမ်းဆည်းနိုင်ပြီး နေ့စဉ် အမှိုက်ထွက်ရှိမှု တန်ချိန် ၁၆၉ဝ ခန့်ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment