Friday, August 30, 2013

မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်သားများမြေနေရာအငြင်းပွား

30.8.13-mn1
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မြို့နယ် အရန်မီးသတ်ဟု ဆိုင်းဘုတ်တင်ထားသော မြေနေရာအား မြို့နယ်အရန်မီးသတ်နှင့် အောင်သပြေရပ်ကွက်သားများကြား မြေနေရာ အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။.

အောင်သပြေရပ်ကွက် အရန်မီးသတ်မြေနေရာကို မြို့နယ်မီးသတ်အဖွဲ့သို့ လွှဲပြောင်းပေးမည်ဆိုပါက တစ်ရပ်ကွက်လုံးက လက်ခံကြမည်မဟုတ်ကြောင်း၊ နောင်တွင်ပြဿနာများဖြစ်လာနိုင်ကြောင်း ဥက္ကဋ္ဌဟောင်း ဦးကျော်ဌေးက ပြောကြားသည်။

“ပြည်သူလူထု လှူဒါန်းကြခဲ့တဲ့ ကားကြီး(၂)စီးကို လာထားခဲ့တာလည်း(၁)နှစ်ကျော်နေပြီ။ မိုးညှင်းမြို့အတွက်ရော၊ အောင်သပြေရပ်ကွက်အတွက်ရော၊ မီးဘေးအန္တရာယ်ကင်းရှင်းဖို့ အရှေ့စုရပ်ကွက်က ရဲဘော်တွေနဲ့ မြို့မရပ်ကွက်က ရဲဘော်တွေကသာ ကင်းစောင့်ကြရတာ။ အောင်သပြေရပ်ကွက်သား မပါပါဘူး။ မီးသတ်ကားတွေ တစ်ခြားနေရာ ရောက်သွားရင် အောင်သပြေရပ်ကွက်မှာ အဖြစ်များတဲ့ မီးဘေးကို ဘယ်လို ကာကွယ်ကြမလဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အုပ်စုက အရန်မီးသတ် ဂရန်ကို ရပ်ကွက်ပိုင် ဖြစ်စေချင်ကြတာ။ သက်ဆိုင်ရာ လူကြီးတွေ သေသေချာချာစစ်ဆေးကြည့်ရှုပေးရင် ကောင်းမှာပါ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“အရှုပ်အရှင်းတွေ ပိုဆိုးလာရင် စေတနာ့ဝန်ထမ်း သက်သက်ဖြစ်တဲ့ မီးသတ်ရုံးကိုပြောင်းရွေ့ပေးသွားမှာပါ”ဟု မြို့နယ်အရန် မီးသတ်တပ်ဖွဲ့မှူးက ပြောကြားသည်။

ယခင်က ၁၉၈၄ ခုနှစ် ပါတီကောင်စီခေတ်တွင် ရပ်ကွက်လူကြီးဦးညွန့်သိန်းမှ ရပ်ကွက် အရန် မီးသတ်မြေနေရာအတွက် မြေကွက်လပ်ကို ဦးအူရာတန်ထံမှ ၁၃၀၀၀ ကျပ်ဖြင့် ၀ယ်ယူခဲ့ကြောင်း၊၁၉၈၇ ခုနှစ်မှစပြီး ဆိုင်ခန်းများ ဆောက်ကာ မြေနေရာခိုင်မာစေရန် အောင်သပြေရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးအုန်းမောင်အမည်ဖြင့် ၁၅နှစ်ဂရန် ရရှိခဲ့ပြီးကြောင်း ရပ်မိရပ်ဖ ဦးနော်အောင်က ပြောကြားသည်။

သီဟ(ကချင်)

မြန်မာ့ခေတ်

0 comments:

Post a Comment