Friday, August 30, 2013

ကွတ်ခိုင်မြို့နယ် ဧက (၆)သိန်းကိစ္စ နိုင်ငံတော်သမ္မထံ စာတင်မည်ဟုဆို

30.8.13skt3
ကွတ်ခိုင်မြို့နယ်အတွင်း တာမိုးညဲချမ်းသာကုမ္မဏီမှ တာဝန်ယူဆောင်ရွက်မည့် ဧက (၆)သိန်း စီမံကိန်းမှာ ဒေသအတွင်းရှိ လူထု၏ အကျိုးစီးပွားအား ထိခိုက်စေနိုင်သဖြင့် သမ္မတထံသို့ စာတင်ပြီးကန့်ကွက် သွားမည်ဖြစ်ကြောင်း သိရသည်။


“ဒီစီမံကိန်းအတွက် ဧက(၆) သိန်းကို အထက်ကနေ ချပေးလိုက်ရင် ဒီဒေသမှာရှိတဲ့ ဒေသခံ တိုင်းရင်းသား တွေရဲ့လုပ်ကိုင် စားသောက်ဖို့ မြေနေရာတွေ ရှားပါးသွားမှာ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက် စေနိုင်လို့ နိုင်ငံတော်သမ္မတထံကို စာတင်မှာဖြစ်ပါတယ်”ဟု ကွတ်ခိုင်မြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီမှ ဥက္ကဋ္ဌ တအာန်းပလောင် အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးကြာထွန်းက ပြောသည်။

အဆိုပါစီမံကိန်းမှာ တာမိုးညဲချမ်းသာကုမ္မဏီ သစ်အခြေခံစက်မှု လုပ်ငန်းကုမ္မဏီနှင့် တရုတ်နိုင်ငံ အခြေစိုက် (Sun Shine Kaidi New Energy co.ld)တို့ ပူးပေါင်းပြီး ဒေသအတွင်းရှိ မြေလွတ်မြေရိုင်းများတွင် ဇီဝလောင်စာဆီ ထုတ်လုပ်ရန် နှစ်ရှည်ပင် စိုက်ပျိုးရန် စက်ရုံတည်ထောင်နိုင်ရန်အတွက် စီမံကိန်းများ အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စီမံကိန်းကြောင့် ဒေသအတွင်းရှိ နောင်လာနောက်သားများ၏ လယ်မြေ၊ ယာမြေ၊ စိုက်ပျိုးမြေများ ဆုံရှုံးပြီး တိုင်းရင်းသားတို့၏ ရေရှည်ဘ၀ ရပ်တည်နိုင်ရေး တိုင်းရင်းသားတို့၏ အခွင့်အရေးများ အကြီးအကျယ် ထိခိုက်ဆုံးရှုံးနိုင်သဖြင့် ယခုကဲ့သို့ ဒေသခံများမှ စုပေါင်းပြီးနိုင်ငံတော်သမ္မတထံသို့ စာတင်ရ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီစီမံကိန်းကို အထက်က ချပေးလိုက်ရင် ကျနော်တို့ ဒေသခံတွေအတွက် ဆုံးရှုံးမှုတွေ အများကြီးဖြစ်နိုင် တယ်။ ဒါကို နိုင်ငံတော်က ခွင့်မပြုသင့်ပါဘူး”ဟု ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောသည်။

ဒုသမ္မတ ခရီးစဉ်အတွင်း အဆိုပါ ကိစ္စအား တင်ပြနိုင်ရန် စီစဉ်ထားသော်လည်း သမ္မတ ခရီးစဉ်အတွင်း နိုင်ငံရေး ပါတီအချို့မှာ ဖိတ်ကြားခြင်း မခံရသဖြင့် တင်ပြခွင့် မရရှိခဲ့ကြောင်း ကွတ်ခိုင်မြို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တအာန်းပလောင် အမျိုးသားပါတီမှ ဗဟိုကော်မတီဝင်များက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ကုမ္မဏီမှ ဒေသခံများသို့ အသိပေးထားပြီး သက်ဆိုင်ရာသို့လည်း တင်ပြထား ကြောင်း သိရှိရသည်။ သက်ဆိုင်ရာမှ ဒေသခံများ၏ သဘောထား မှတ်ချက်ကို တောင်းခံသဖြင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တအာန်းပလောင် အမျိုးသာပါတီ၊ ကချင်နှစ်ခြင်း အသင်းတော်၊ ကချင်နှစ်ခြင်း ကျမ်းစာ ဓမ္မတက္ကသိုလ်၊ ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ၊KPC Camp မှ အဖွဲ့ဝင်များနှင့် ဒေသခံ ငါးသောင်းကျော်မှ ကန့်ကွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ် မြေစာရင်း ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် ဦးစီးအရာရှိမှ အစည်းအဝေး သွားနေသဖြင့် ဖြေကြားခြင်းမပြုနိုင် ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

စိုင်းကံသာ (လားရှိုး)

မြန်မာ့ခေတ်

0 comments:

Post a Comment