Friday, August 30, 2013

ကုန်းတွင်းရေနံနှင့် ဓာတ်ငွေ့လုပ်ကွက် ပြည်ပကုမ္ပဏီများ စတင်လျှောက်ထား

ယခုနှစ်ဆန်းပိုင်းက တင်ဒါခေါ်ယူထားသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈ ခုတွင် တူးဖော်လုပ်ကိုင်ရန် နောက်ဆုံးအဆင့် အဆိုပြုလွှာ တင်ထားသော ပြည်ပကုမ္ပဏီများက လုပ်ကိုင်ခွင့် လျှောက်ထားပြီ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာသည်။


အဆိုပါ ကုမ္ပဏီများတွင် သြစတြေးလျ ကုမ္ပဏီလေးခု၊ အင်ဒိုနီးရှားနိုင်ငံမှသုံးခု၊ ဗီယက်နမ်၊ ဗြိတိန်၊ ကနေဒါနှင့် အိန္ဒိယနိုင်ငံတို့မှ နှစ်ခုစီ၊ အဇာဘိုင်ဂျန်၊ ဗြိတိသျှ ဗာဂျင်ကျွန်းစု၊ ဘရူနိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ဟော်လန်၊ ရုရှား၊ စင်ကာပူ၊ အီတလီ၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီတစ်ခုစီ ပါဝင်ပြီး စွမ်းအင်ဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများကို ထပ်မံရွေးချယ်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီများထဲမှ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီစာရင်းကို ယခုနှစ် ဒီဇင်ဘာလခန့်တွင် ကြေညာဖွယ် ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက အဆိုပါ ကုန်းတွင်းလုပ်ကွက်များကို စတင်တင်ဒါခေါ်ယူရာ ပြည်ပကုမ္ပဏီ ၅၉ ခု ပဏာမစာရင်းတွင် ပါဝင်ခဲ့သည်။

အဆိုပါ ကုမ္ပဏီများကို ပြီးခဲ့သော ဇွန်လအတွင်းက လုပ်ကွက်များ၏ အသေးစိတ် အချက်အလက်များကို လေ့လာခွင့်ပြုခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့တွင် နောက်ဆုံးထားကာ နောက်ဆုံးအဆင့် အဆိုပြုလွှာ တင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

“ကုန်းတွင်းလုပ်ကွက်တွေက ရေနံအဓိက ထုတ်ကြတာ။ နည်းပညာအမြင့်တွေနဲ့ တကယ်စနစ်တကျ တူးဖော်ကြရင် တိုင်းပြည်အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ အခုက ပွင့်လင်းလာတော့ ပြည်ပက နာမည်ကျော် ကုမ္ပဏီတွေလည်း ဝင်လာနေကြတာပဲ” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်ယူရေး လုပ်ငန်းသည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ဒုတိယနေရာတွင် ရှိနေပြီး ၂၀၁၃ ခုနှစ် ဇွန်လအထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၄,၃၇၂ ဒသမ ၂၇၂ သန်းအထိ ရင်းနှီးမြှုပ်နှံ ထားသည်။

ယခုနှစ် ဧပြီလအထိ တိုင်းတာမှုများအရ ကုန်းတွင်း သဘာဝဓာတ်ငွေ့သိုက်များမှ သဘာဝဓာတ်ငွေ့ ခိုအောင်းမှု ပမာဏ ကုဗပေ ၀ ဒသမ ၄၂ ထရီလီယံနှင့် ရေနံစိမ်း ခိုအောင်းမှုပမာဏ စည်သန်းပေါင်း ၉၉ ဒသမ ၈၅၃ ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းထံမှ သိရသည်။

ကုန်းတွင်း လုပ်ကွက်များကို လုပ်ကိုင်ခွင့်ရမည့် ပြည်ပကုမ္ပဏီ များသည် ပြည်တွင်းကုမ္ပဏီများနှင့် မဖြစ်မနေ ပူးပေါင်းလုပ်ကိုင်ရမည် ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment