Friday, August 30, 2013

လက်နက်တင်ပို့မှု ကုလ ပိတ်ပင်ချက် မြောက်ကိုရီးယား ချိုးဖောက်


မြောက်ကိုရီးယား သင်္ဘောပေါ်၌ ကျူးဘား စစ်လက်နက်များကို တရားဝင် ကြေညာခြင်း မရှိဘဲ သယ်ဆောင်လာခြင်းသည် ကုလသမဂ္ဂ အဖွဲ့မှ ချမှတ်ထားသော လက်နက် တင်ပို့မှု ပိတ်ပင်ချက်ကို မြောက် ကိုရီးယားနိုင်ငံက သံသယမရှိ ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ပနားမား နိုင်ငံက ပြောကြား သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။


မြောက်ကိုရီးယား သင်္ဘောကို ပနားမားနိုင်ငံက ဇူလိုင်လအတွင်း ထိန်းသိမ်း လိုက်ပြီး ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးများ ပနားမားနိုင်ငံသို့ ရောက်ရှိ စစ်ဆေးလျက် ရှိသည်။

လက်နက်များ သယ်ဆောင်လာမှုသည် ကုလသမဂ္ဂ ပိတ်ပင် တားမြစ်မှု ကို မြောက်ကိုရီးယားနိုင်ငံက ချိုးဖောက်မှု ဖြစ်ကြောင်း ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးများ ရေးသားထားသည့် အစီရင်ခံစာ မူကြမ်းတွင် ဖော်ပြ ထားသည်။

ကုလ စုံစမ်း စစ်ဆေးရေးမှူးများ သာမက မြောက်ကိုရီးယား သံတမန် နှစ်ဦး လည်း ဖမ်းဆီးခံထားရသော သင်္ဘောသား ၃၅ ဦးကို ကူညီရန် ပနားမားနိုင်ငံ သို့ ရောက်ရှိနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လက်နက်များကို ပြန်လည် ပြင်ဆင်ရန် မြောက်ကိုရီးယားနိုင်ငံသို့ ပေးပို့ခြင်းဖြစ်ကြောင်း ကျူးဘား နိုင်ငံက ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အတွက်ကြောင့် သကြားအိတ်များ အောက်တွင် လက်နက် များကို သိုဝှက် ယူဆောင်လာရကြောင်း ရှင်းလင်းပေးခြင်း မရှိပေ။

ချန်ဂွန်ဂျန် သင်္ဘောကို မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သံသယ ရှိခြင်းကြောင့် ပနားမား တူးမြောင်း၌ အာဏာပိုင်များက ဖမ်းဆီး စစ်ဆေးခဲ့ရာမှ တစ်ဆင့် လက်နက်များ တင်ဆောင်လာသည်ကို တွေ့ရှိ ရခြင်း ဖြစ်သည်။

ဆိုဗီယက်ခေတ် မစ် ၂၁ တိုက် လေယာဉ် နှစ်စင်းအပြင် လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ ဒုံးကျည်များ၊ ကွပ်ကဲရေး ယာဉ်များကို ကွန်တိန်နာ ၂၅ လုံးတွင် ထည့်သွင်း သယ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း ပနားမား အာဏာပိုင်များက ပြောကြားသည်။

အဆိုပါ သင်္ဘောသည် ရုရှား အရှေ့ပိုင်းဒေသမှ ဧပြီ ၁၂ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်း ခုတ်မောင်းကာ ပနားမား တူးမြောင်းမှ တစ်ဆင့် ကျူးဘားနိုင်ငံသို့ သွားရောက်ခဲ့သည်။

ကာရေဘီယံ ပင်လယ်ဘက်ခြမ်း ပနားမား တူးမြောင်းကို သင်္ဘော ဖြတ်ကျော်ပြီးသည့် အချိန်မှ စ၍ ဂြိုဟ်တု လမ်းပြစနစ်မှ မြောက် ကိုရီးယား သင်္ဘော ကွယ်ပျောက်သွားခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့ တွင် ပြန်လည် တွေ့မြင်ခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ လမ်းညွှန်စနစ်မှ ပျောက်ကွယ်သွားရခြင်းမှာ သင်္ဘော တည်နေရာကို အလိုအလျောက် ညွှန်ပြသည့် လမ်းညွှန် စနစ်များကို မြောက် ကိုရီးယား သင်္ဘောသားများက ပိတ်လိုက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

လက်နက်ပစ္စည်း မှောင်ခို ရောင်းဝယ်မှုဖြင့် မြောက်ကိုရီးယား သင်္ဘောသား များကို ဖမ်းဆီးထားပြီး ယင်းပြစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ထိ ချမှတ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား သံတမန်များက ထိန်းသိမ်းခံထားရသော သင်္ဘောသားများ ကို သွားရောက် တွေ့ဆုံပြီးနောက် လက်နက် တင်ပို့မှု ကုလ ပိတ်ပင်ချက် ကို မြောက်ကိုရီးယားနိုင်ငံက ချိုးဖောက်ကြောင်း ပနားမား နိုင်ငံက ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment